Tuesday, October 21, 2014

ကာကွယ်ရေး ဝန်ကြီးဌာန ဖြည့်စွက်ဘဏ္ဍာငွေကို အခြားဝန်ကြီးဌာနနှစ်ခု အသုံးစရိတ်စာရင်းမှ တစ်ဆင့်တောင်းခံ

နေပြည်တော်၊ အောက်တိုဘာ ၂၀
ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ခုနှစ် ထပ်တိုးဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံရာ ယင်းဝန်ကြီးဌာနက တိုက်ရိုက်တောင်းခံခြင်း မပြုဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့၏ ဘဏ္ဍာငွေ အသုံးစရိတ် စာရင်းများမှတစ်ဆင့် တောင်းခံထားကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီက နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့်
အစီရင်ခံစာ တင်သွင်းရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေး ဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့၏ ထပ်တိုးအသုံးစရိတ် စာရင်းမှတစ်ဆင့် လုံခြုံရေး အသုံးစရိတ် ကျပ်သန်း ၁၇၃၄ ဒသမ ၈ သန်းခန့်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံလာခြင်း ဖြစ်ကြောင်း ဦးစောလှထွန်းက ထပ်လောင်းပြောဆိုသည်။
အဆိုပါ တပ်မတော် လုံခြုံရေး အသုံးစရိတ်ကို အခြားဝန်ကြီးဌာနများမှ တစ်ဆင့် တောင်ခံခြင်းမပြုဘဲ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်အသုံးစရိတ် စာရင်းတွင်သာ ထည့်သွင်းသင့်ကြောင်း ၎င်းက ထပ်မံ ထောက်ပြပြောဆိုသည်။
၂၀၁၄-၂၀၁၅ ခုနှစ် ထပ်တိုး ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံရာတွင် သတ္တုတွင်း ဝန်ကြီးဌာနက ကျောက်မျက်လုပ်ငန်း၏ သာမန်သုံးငွေ စာရင်း ၃၆၁ ဒသမ ၀၈၁ သန်းမှာ လုံခြုံရေးစရိတ် (စစ်ရေး၊ စစ်ထောက်) ကုန်ကျစရိတ် တပ်ရင်းနှစ်ရင်း အတွက် ပေးရန် ခွင့်ပြုငွေ ကျပ် ၂၀၃၅ သန်းဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံး၏ တို့မြှင့်တောင်းခံချက်အရ ၂၃၈၂ ဒသမ ၃၂၀ သန်း ပေးရန်အတွက် လိုငွေ ၃၄၆ ဒသမ ၉၆၀ သန်းကို တောင်းခံထားကြောင်း ဥပဒေကြမ်းကော်မတီထံမှ သိရှိရသည်။
ထို့အပြင် သတ္တုတွင်း လုံခြုံရေးအတွက် တပ်ရင်းတစ်ရင်းလျှင် ၁၀၁၇ ဒသမ ၆၈၀ သန်းဖြင့် တပ်ရင်း (၄) ရင်းအတွက် ၄၀၇၀ ဒသမ ၇၂၀ သန်းပေးရန် ထပ်မံလိုအပ်ငွေ ၆၉၃ ဒသမ ၉၂၀ သန်း တောင်းခံထားသည်။
ယင်းအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည်လည်း စစ်မြေပြင် အင်ဂျင်နီယာ လုံခြုံရေးစရိတ်အဖြစ် တပ်ရင်း (၁) ရင်းလျှင် ကျပ်သန်း ၁၀၁၇ ဒသမ ၆၈၀ ဖြင့်တပ်ရင်း (၄) ရင်းအတွက် ကျပ်သန်း ၄၀၇၀ ဒသမ ၇၂၀ သန်းကို ဘဏ္ဍာနှစ်၏ မူလစာရင်းတွင် ထည့်သွင်း လျာထားသော်လည်း ယခုအခါ တပ်ရင်း (၁) ရင်းလျှင် ကျပ်သန်း ၁၁၉၀ ဒသမ ၁၆၀ သန်း အဖြစ် ပြင်ဆင်သတ်မှတ်သဖြင့် လိုငွေ ၆၉၃ ဒသမ၉၂၀ သန်းကို ထပ်မံလိုအပ်ငွေ အဖြစ် တောင်းခံထားကြောင်း ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနသည် မူလခန့်မှန်းခြေ ငွေစာရင်းတွင် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း တောင်းခံခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ထပ်မံ တောင်းခံထားကြောင်း ဥပဒေကြမ်းကော်မတီ၏ စိစစ်မှတ်တမ်းများအရ သိရသည်။
ထို့အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လုပ်ငန်းစီမံကိန်း ဖြစ်သော နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် တည်ဆောက်သည့် ဘတ်ဂျက်ကို နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသင့်ကြောင်း ကော်မတီက ဆိုထားသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ထပ်မံဖြည့်စွက် တောင်းခံသည့် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် သမဝါယမ ဝန်ကြီးဌာန ဘဏ္ဍာငွေ အများဆုံး တောင်းခံထားပြီး ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ထားသည့် နိုင်ငံတကာ ချေးငွေများကို ထပ်မံတင်ပြ တောင်းခံထားကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တစ်ရပ် တင်သွင်းလိုက်သည်။
ပြည်ထောင်စုလွှတ်တော်က ဒသမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်ခံထားရသော ကိုရီးယားနိုင်ငံ HDaedong ကုမ္ပဏီမှ လယ်ယာသုံး စက်ပစ္စည်းများ ဝယ်ယူရန် အမေရိကန် ဒေါ်လာသန်း ၁၀၀ ချေးယူမည့် ကိစ္စနှင့် တရုတ်နိုင်ငံ China Exaim Bank မှ အမေရိကန် ဒေါ်လာသန်း ၃၀၀ ကို ထပ်မံချေးယူမည့် ကိစ္စများကိုပါ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ထည့်သွင်းတင်ပြလာကြောင်း အဆိုပါ အစီရင်ခံစာအရ သိရှိရသည်။
“ဦးဝင်းရှိန်ရှေ့မှာပဲ လွှတ်တော်က ကန့်ကွက်ခဲ့တာ။ အဲဒီ ဒေါ်လာသန်းတစ်ရာကို ဦးဝင်းရှိန်က ဘဏ္ဍာရေး အတွင်းရေးမှူးပဲ သူသိသင့်တယ် ထင်တာပဲ။ ခုက သန်းတစ်ရာတင် မဟုတ်ဘူး။ နောက်ထပ် သန်း ၃၀၀ ကိုပါ ဆက်ချေးဖို့ ဥပဒေကြမ်းထဲ လာထည့်ထားပြန်တယ်။ ဒါက မဖြစ်သင့်ဘူး၊ မတောင်းသင့်တာ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
ယင်းတောင်းခံငွေ ကိစ္စများကို လွှတ်တော်မှ ဆွေးနွေးလိုပါက အောက်တိုဘာ ၂၂ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆိုသည်။

Credit - The Voice Weekly

No comments:

Post a Comment