(ဆောင်းပါးရှင် - အောင်မျိုး)
“လမ်းတွေပိတ်လိုက်တာ
တော်တော်ဆိုးနေပြီ။ သမီးဆိုရင် ကားပေါ်မှာ ဘယ်လိုမှမဟန်တော့လို့
ထိုင်ခုံမှာထိုင်နေတဲ့သူကို တောင်းပန်ပြီး ခဏ၀င်ထိုင်လိုက်ရလို့သာ
လူကြားထဲမှာ မူးလဲမသွားတာ။ လှိုင်သာယာကထွက်တာ ၇ နာရီခွဲ၊ ၄၅ မိနစ်ကြာတော့မှ
မြေနီကုန်းရောက်တယ်။ အဲဒီမှာ ခုံးကျော်တံတားဆောက်နေတော့ ကားတွေအရမ်း
ပိတ်နေတာမို့ တစ်နာရီနီးပါးကြာအောင် ဖြည်းဖြည်းချင်းသွားနေရတော့
ရုံးလည်းရောက်ရော ၉ နာရီခွဲပြီးနေပြီ။ ကားပေါ်မှာတင် နံနက်နှစ်နာရီ
ညနေနှစ်နာရီနဲ့ တစ်နေ့ကို လေးနာရီကျော်ကြာအောင် အချိန်ကုန်နေတာ
ကြာရင်တော့မလွယ်ဘူး။ အလုပ်ပြောင်းမလား အိမ်ပြောင်းရမလား
ယောက်ျားနဲ့တိုင်ပင်နေရပြီ..စိတ်ညစ်ပါတယ်” . . . ရုံးသို့
အမောတကောနှင့်
ရောက်လာသော ၀န်ထမ်းတစ်ဦးထံမှ ကြားလိုက်ရသော ဝေဒနာသံ ဖြစ်ပါသည်။
အလားတူပင် တောင်ဥက္ကလာ၊ မြောက်ဒဂုံ စသည့် ရန်ကုန်ုအရှေ့ဘက်ခြမ်းမှ လာကြသော
ဝန်ထမ်းအသီးသီးထံမှလည်း ယာဉ်ကြောပိတ်သည့် ဒုက္ခများနှင့် ပတ်သက်၍
နေ့စဉ်နှင့်အမျှ ကြားနေရစမြဲ။ ပြည်လမ်းလို လမ်းမကြီးမျိုးပင်
ခုနစ်မိုင်အတွင်း ငါးနေရာထက်မနည်း ယာဉ်ကြောပိတ်သည့်ပြဿနာကို
ရင်ဆိုင်နေရသည့်အတွက် ကျန်သည့်လမ်းမကြီးများဆိုလျှင် ပြောမနေနဲ့တော့ဟုသာ
ဆိုရတော့မည်။ ပုဇွန်တောင်ဘက်မှ ဆူးလေအထိ ကားမှတ်တိုင်လေးခုသာ စီးရသည့်သူပင်
နံနက်ပိုင်းတွင် ၁၅ မိနစ်ကျော်ကြာတတ်ပြီး မွန်းလွဲသည်နှင့် ထိုခရီးကို
တစ်နာရီနီးပါးခန့် ဖြတ်သန်းရသည်။ သိမ်ကြီးဈေးအထိ သွားမည့်ခရီးသည်ဆိုလျှင်
နောက်ထပ်နာရီဝက်ခန့် ကုန်ဦးမည်။
ရန်ကုန်မြို့လယ်သည်
ဗိုလ်ချုပ်အောင်ဆန်း၊ အနော်ရထာ၊ မဟာဗန္ဓုလ၊ ကုန်သည်နှင့် ကမ်းနား
စသည့်လမ်းမကြီးငါးခုက အရှေ့အနောက်အပြိုင် ဖြတ်သန်းလာပြီး
တောင်မြောက်လမ်းမကြီးများနှင့် ကွန်ရက်ယှက်နေသည့်အတွက်
မြို့တွင်းတစ်နေရာရာကို သွားဖို့ဆိုလျှင် အဆိုပါ အရှေ့အနောက်
လမ်းမကြီးများအနက် တစ်ခုခုကို မဖြစ်မနေ ဖြတ်သန်းအသုံးပြုရသည်။ ထို့ကြောင့်
အဆိုပါလမ်းမကြီးများအား တစ်လမ်းမောင်းစနစ် ကျင့်သုံးထားသည့်တိုင် ယာဉ်ကြောက
အမြဲတမ်းပြည့်နေလေ့ရှိသည်။ အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်တင်သွင်းခွင့်
ခွင့်ပြုလိုက်ပြီးနောက်တွင် အတိုင်းအဆမဲ့စွာ မောင်တော်ယာဉ်များ
တင်သွင်းလာခဲ့ကြသည့်အတွက် ရန်ကုန်မြို့လယ်သာမက နေရာအနှံ့
ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ကောင်းစွာကြုံနေကြရသည်။
နိုင်ငံခြားတိုင်းပြည်များတွင်လည်း ထိုပြဿနာက ရှိနေပေမယ့်
အချိန်ပြည့်မဟုတ်။ Rush Hour ခေါ် ရုံးဆင်းရုံးတက်ချိန်လောက်သာ
ရှုပ်လေ့ရှိသည်။ ဂျကာတာလို ဘန်ကောက်လို ယာဉ်ကြောများပြား ပိတ်ဆို့လေ့ရှိသည့်
အာဆီယံတိုင်းပြည်များပင်လျှင် ဘယ်လောက်ယာဉ်ကြောရှုပ်ရှုပ် သူနာတင်ယာဉ်၊
မီးသတ်ယာဉ် စသည့်အရေးပေါ်ယာဉ်များ ဖြတ်သန်းနိုင်ရန် ယာဉ်ကြောတစ်ကြောတော့
ရှိနေသေးသည်. . .
တကယ်ဆို ရန်ကုန်ယာဉ်ကြောပိတ်ဆို့တာ ယာဉ်နှင့်လမ်း
အချိုးအဆ မညီမျှခြင်းကြောင့်ဟု ယခင်က မြို့တည်ခဲ့သည့် ဗြိတိသျှတို့ကို
အပြစ်တင်ရန်ထက် ယာဉ်ကြောပြဿနာကို ထိရောက်စွာကိုင်တွယ်၊
စီမံခန့်ခွဲနိုင်ခြင်း လုံးဝမရှိသည့် ကိုရွှေမြန်မာတို့၏ တာဝန်သာဖြစ်ပါသည်။
ဆိုရပါလျှင် စနစ်ကျနသော စီမံခန့်ခွဲမှု နည်းပါးသည့်အပြင်
စည်းကမ်းမဲ့ခြင်းမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အတွက်
တဖြည်းဖြည်းနှင့် လုံးဝလက်လျှော့ထားရမတတ် ဖြစ်လာသည်မှာ မဆန်းပါ။
ထိုသို့ အားနည်းချက်များအပြင် လှေနံဓားထစ် ခေါက်ရိုးကျိုးအတွေးများနှင့်
လုပ်နေကြအတိုင်း ထူးမခြားနား ဇာတ်ခင်းနေကြ၍လည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာက
တဖြည်းဖြည်း ပိုဆိုးလာခြင်းဖြစ်သည်။ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု
အများစုသည် လမ်းဘေးဈေးသည်များကြောင့်ဟု ယတိပြတ်ပြောနိုင်ပါသည်။
ရန်ကုန်မြို့တော်စည်ပင်သည် ယခုအစိုးရလက်ထက်တွင် ရန်ကုန်မြို့တွင်း
လမ်းမကြီးများ တစ်ဖက်တစ်ချက်စီ၌ ယာဉ်ရပ်နားနိုင်ရန် ယာဉ်ကြောတစ်ခုစာခန့်စီ
ထပ်မံချဲ့ထွင်ပေးခဲ့သည်ကို အားလုံးအမြင်ဖြစ်ပါသည်။ သို့သော် ထိုကဲ့သို့
ပိုမိုကျယ်ဝန်းလာသော ကားပါကင်နေရာများသည် ထပ်မံတိုးပွားလာသော
လမ်းဘေးဈေးသည်များသာ ကြီးစိုးနေရာယူထားကြပါသည်။
“ပလက်ဖောင်းသည်
ဈေးရောင်းရန်မဟုတ်၊ ခရီးသွားများသာ အန္တရာယ်ကင်းရှင်းစွာသွားနိုင်ရန်
ပြုလုပ်ပေးထားခြင်းဖြစ်သည်” ဟု ယခင်ကမြင်ဖူးခဲ့သည့် ရန်ကုန်မြို့တော်
စည်ပင်သာယာ၏ ညွှန်ကြားချက်ဆိုင်းဘုတ်များလည်း ကွယ်ပျောက်နေကာ
မည်မျှငွေကုန်ကြေးကျခံကာ ပလက်ဖောင်းများပြုပြင်ခြင်း၊ ချဲ့ထွင်ခြင်းများ
ပြုလုပ်ပေးသော်လည်း လုပ်ပြီးသည်နှင့် နောက်နေ့တွင် လမ်းဘေးဈေးသည်များက
နေရာယူလျက် ရှိနေလေပြီ။ ပလက်ဖောင်းက ဘယ်လောက်ပင် အကျယ်ရှိစေကာမူ
လမ်းသွားလမ်းလာများအတွက် နှစ်ပေထက်ပိုကျယ်သောနေရာ လုံးဝမရှိ။ ပြီးတော့
ပလက်ဖောင်းထိပ်တွင် ပိတ်ဆို့ရပ်ထားသည့် ဆိုက္ကားနှင့် ထီကဲ့သို့သော
ဈေးသည်ကားတို့ကလည်း ရှိနေသေးသည်။ ထို့ကြောင့် လမ်းသွားလမ်းလာတို့သည်
ကားလမ်းမပေါ်မှလွဲ၍ ဖြောင့်ဖြောင့်တန်းတန်း သွားစရာနေရာ မရှိတော့၍
ကားလမ်းပေါ်မှပင် ဆင်းလျှောက်ကြရာ ကားများအတွက် ယာဉ်ကြောနှစ်ခုခန့်
ကြုံသွားရပြန်သည်။
ပြီးတော့ ဘတ်စ်ကားမောင်းသူတို့တွင် ဘက်ကဘယ်လို
စလိုက်မှန်းမသိသည့် အကျင့်စရိုက် တစ်ခုကြောင့်လည်း လမ်းမကြီးပေါ်မှာ
ယာဉ်ကြောပိတ်ရပြန်သည်။ ထိုစရိုက်မှာ ကားမှတ်တိုင်ဧရိယာမှာ မရပ်ဘဲ
ခပ်လှမ်းလှမ်းမှာ ရပ်သည့်အပြင် ယာဉ်နောက်ပိုင်းကို အခြားယာဉ်ကြောကိုခွ၍
ရပ်ခြင်းမျိုးဖြစ်သည်။ နောက်ကားကို ခရီးသည်များ မရောက်စေရန်နှင့် နောက်ကားက
အလွယ်တကူ ကျော်မတက်နိုင်ရန် အကြံမျိုးနှင့် ထိုသို့လုပ်ခြင်းဖြစ်သည်။
ထိုသူတို့သည် အခြားယာဉ်များနှင့် ယာဉ်ကြောများကိုပါ
အနှောင့်အယှက်ဖြစ်စေသည်ကို သိပါလျက်နှင့် ဘယ်သူသေသေ
ငတေမာသည့်စိတ်မျိုးနှင့် လုပ်လက်စအကျင့်တွေကို မပြင်နိုင်ကြ။ တစ်ခါတလေ
လမ်းလယ်မှာပင်ရပ်ကာ ခရီးသည်အတင်အချ လုပ်ကြသေးသည်။ ယာဉ်လိုင်းများအတွက်
စည်းကမ်းထိန်းသိမ်းရေးများစွာကို လမ်းကြောင်းများပေါ်၌ တာဝန်ချထားလည်း
၎င်းတို့ကိုယ်တိုင်က ဝေဘယ်လ်စာရွက်ပေါ် တံဆိပ်တစ်ခါထုလျှင် ပုံမှန်ရနေကျ
ငွေစများနှင့် တာဝန်ကျေသည်ဟု ထင်နေကြလေသည်။ ထို့ကြောင့်
စည်းကမ်းပျက်ဘတ်စ်ကားများ တစထက်တစ်စ များပြားလာခြင်းသည်မှာ
လိုင်စင်မရှိသူများပင် ကားတက်မောင်းလာသည်အထိ စည်းကမ်းမဲ့လာသည်မှာ
မထသကဲ့သို့ စည်းကမ်းထိန်းသိမ်းရန် တာဝန်ရှိသူများ၏
တာဝန်မကျေမှုကြောင့်ဟုဆိုလျှင် မမှားနိုင်ပါ။
ယာဉ်ကြောပိတ်ဆို့
ရပ်တန့်ထားသည့် ယာဉ်တွေကို ကရိန်းကားနှင့် ဆွဲသလိုမျိုး
မြို့တွင်းနေရာအနှံ့မှာ မြင်နေရသည့် လိုင်စင်မဲ့ယာဉ်မျိုးစုံကိုပါ
ကရိန်းနှင့်ဆွဲမည်ဆိုလျှင် ယခုထက်ပင်ပို၍ တွက်ခြေကိုက်မည်ဖြစ်သည်။
ညနေစောင်းလျှင် နံပါတ်ပြားမပါသည့် ကားများအပြင် နိုင်ငံခြားမှ
နံပါတ်ပြားတပ်ထားသည့် ကားများ၊ ကိုယ့်စိတ်ကြိုက်ရေးထားသည့်
နံပါတ်ပြားတပ်ထားသည့် ကားများ စသည်ဖြင့် တရားဝင် ခွင့်ပြုမထားသည့်
နံပါတ်ပြားပေါင်းစုံနှင့် ကားမျိုးစုံထွက်လာကြရာ ရုံးပြန်ချိန်မှာ
ယာဉ်ကြောပိတ်ဆို့မှု အဆိုးဆုံး ကြုံရတော့သည်။
ယခင်က
ဆူးလေမှကမ္ဘာအေးသို့ ဘတ်စ်ကားစီးလျှင် အချိန်နာရီဝက်ခန့်သာ ကြာမြင့်ပေမယ့်
ယခုတော့ ကုက္ကိုင်းနှင့် ဟာမစ်တစ်မှာ တန်းစီရတာပင် နာရီဝက်မကတော့။ ပြီးတော့
ချော်တွင်းကုန်းမှတ်တိုင်နှင့် ကမ္ဘာအေးဘုရားကြား တစ်မိုင်မရှိတရှိ
ကုန်းတက်ခရီးကို နာရီဝက်ခန့်ကြာမြင့်အောင် သည်းခံဖြတ်သန်းကြရသည်။
မြောက်ဥက္ကလာလမ်းကြောသည် အင်းစိန်လမ်းကြောနှင့်ယှဉ်လျှင်
များစွာအဆင်ပြေသေးသည်ဟု ဆိုရပါမည်။ အင်းစိန်ခရီးတစ်လျှောက်ကို မဆိုထားနှင့်
လှည်းတန်းနှင့် စံပြမှတ်တိုင် အဝေးမှာပင် နာရီဝက်နှင့် မရောက်တော့။ အခုလို
မြေနီကုန်း၌ ခုံးကျော်တံတား ဆောက်နေချိန်တွင် မဟာမြိုင်နှင့်
မြေနီကုန်းကိုပင် နာရီဝက်မက တစ်ဘီးချင်းလှိမ့်ကာ သွားနေရသောကြောင့်
လောလောဆယ် အချိန်အကြာဆုံး၊ အဆိုးရွားဆုံး ယာဉ်ကြောပိတ်သည့်နေရာ ဖြစ်လာသည်။
ထို့ကြောင့် သမားရိုးကျအတိုင်း ယာဉ်ကြောပိတ်ဆို့မှုကို ခါးစည်းခံသည်ထက်
ပို၍ကောင်းသည့်အကြံမျိုး မရှိတော့ပြီလား မေးခွန်းထုတ်ချင်မိသည်။ ဥပမာ
မြေနီကုန်း၌ ခုံးကျော်တံတားဆောက်ခြင်းသည် နောင်တွင် အဆင်ပြေစေဖို့
ဆောက်သည်ဖြစ်သော်လည်း တည်ဆောက်နေစဉ်ကာလ (ခန့်မှန်းတစ်နှစ်ခန့်)အတွင်း
ခရီးသွားများ ထိုဒုက္ခကို နေ့စဉ်မလွှဲမရှောင်သာ ကြုံရတော့မည်ဖြစ်ရာ
အခြားနည်းလမ်း တစ်ခုခုကို အစားထိုးကြံစည် စဉ်းစားလျှင် မဖြစ်နိုင်စရာမရှိ။
ဘာမှမတွေးမဆ၊ မကြံစည်ဘဲ ဒီအတိုင်း ခေါက်ရိုးကျိုးစိတ်များနှင့် နေလျှင်တော့
ပြည်သူတွေအတွက် ဒုက္ခကင်းမှာ မဟုတ်သလို ၀န်ထမ်းတွေလည်း တာဝန်ကျေသည်ဟု
မပြောနိုင်။
စောစောက ရေးခဲ့သလို မြေနီကုန်း၌ ခုံးကျော်တံတား
တည်ဆောက်နေခြင်းကြောင့် လမ်းပိတ်နေသည့်နေရာမှာ တောင်နှင့်မြောက်ဆိုလျှင်
မဟာမြိုင်မှတ်တိုင်နှင့် လုပ်ငန်းခွင်နေရာဖြစ်ပြီး အရှေ့အနောက်ဆိုလျှင်
ပဒုမ္မာဇာတ်ရုံနှင့် ဒဂုံစင်တာကြားသာဖြစ်သည်။ အခြားနေရာတွေက နဂိုကတည်းက
ပိတ်နေကျဖြစ်သည်။ ခုံးကျော်တံတားကြောင့် ဆိုးဆိုးရွားရွား ပိတ်နေသည့်
မဟာမြိုင်နှင့် အလုံလမ်းမီးပွိုင့်အကြားကို ဘတ်စ်ကားပြေးဆွဲခြင်း
မပြုစေတော့ဘဲ အင်းစိန်ဘက်မှလာသည့် ဘတ်စ်ကားများ မဟာမြိုင်မှာရပ်၍
လာရာအတိုင်းပြန်လှည့်။ ထို့အတူ မြို့ထဲမှလာသည့် ဘတ်စ်ကားများလည်း
မြေနီကုန်းမှတ်တိုင်သစ် (အလုံလမ်းသို့ မရောက်ခင်နားသို့ ရွှေ့ထားပြီး) မှ
ဂငယ်ကွေ့ကာ မြို့ထဲသို့ပြန်။ ခရီးသည်များမှာ ဘတ်စ်ကားပေါ်တွင်
တစ်နာရီကျော်ကျော် ဒုက္ခခံပြီး လိုက်ရမည့်အစား မဟာမြိုင်မှ အလုံလမ်းထိပ်အထိ
၁၅ မိနစ်ခရီးကို လမ်းလျှောက်ကာ ခရီးဆက်ကြလျှင် အဆင်မပြေနိုင်ဘူးလား
စဉ်းစားမိပါသည်။
ကားပေါ်မှာ ကြပ်တောက်နေတာထက် အညောင်းပြေလမ်းလျှောက်သည်ဟု သဘောထားလိုက်ရုံသာ။
ထိုသို့ ခရီးစဉ်တစ်ကြောင်းကို ပိုင်း၍ဆွဲရမည်ဖြစ်၍ မထသကဲ့သို့
တာဝန်ရှိအဖွဲ့အစည်းက ခရီးလမ်းကြောင်း ပြောင်းလဲရေးနှင့်
ယာဉ်စီးခသင့်လျှော်သလို ပြင်ဆင်သတ်မှတ်ပေးရေးကို လုပ်ပေးရန်
တာဝန်ရှိမည်ဖြစ်ကာ မြို့တော်စည်ပင်ကလည်း ခရီးသည်များလမ်းလျှောက်ရမည့်
အပိုင်းကို အဆင်ပြေစွာ ဖြတ်သန်းသွားနိုင်ရေး ကူညီဆောင်ရွက်ပေးရန်
လိုပါလိမ့်မည်။ ထို့အပြင် ကုန်းကျော်တံတား တာဝန်ယူတည်ဆောက်နေသည့်
ကုမ္ပဏီကလည်း ၎င်းတို့၏ ပရီးမီယာကော်ဖီ အပါအ၀င် ကော်ဖီတံဆိပ်မျိုးစုံအား
ခရီးသွားများကို အခါအားလျော်စွာ အခမဲ့တိုက်ကျွေးဦးမည်ဆိုပါက
အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် ခရီးသည်များ
နေ့စဉ်ညဉ်းညူနေသည့်ဒဏ်လည်း လျော့ကျသွားလိမ့်မည်ဟု ယုံကြည်မိပါသည်။
အခြားနေရာများတွင် ယာဉ်ကြောပိတ်တာတွေထက် လတ်တလောမှာ လူအများဆုံး
ရင်ဆိုင်ခံစားနေရသည့် မြေနီကုန်းယာဉ်ကြောပိတ်ဆို့ခြင်းကို တတ်နိုင်သမျှ
လျှောပါးစေရေးအတွက် အထက်ပါအကြံပြုချက်လေးကို ၀ိုင်းဝန်းစဉ်းစား၍
လုပ်ဆောင်ကြည့်မိလျှင် အရှုံးမရှိနိုင်ဟု မြင်မိပါသည်။ အဓိကအချက်ကတော့
ခေါက်ရိုးကျိုးနေသော စိတ်ကိုပြင်ကြဖို့နှင့် တွေးနေကြဖြစ်သော
ခောတ်ဟောင်းဘူးခွံအတွင်းမှ ဖောက်ထွက်စဉ်းစားနိုင်ဖို့သာ ဖြစ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment