Thursday, October 23, 2014

အသင်လူသား . . . နိုးပြီလား

Written By - သန်းထိုက်(သာကေတ)

ကျွန်ုပ်တို့အားလုံး လူသားအဖြစ်ရယ်လို့ ကမ္ဘာလောကကြီးကိုရောက်ရှိခဲ့တယ်။ လူသားဘ၀ကိုရရှိခဲ့ပြီဆိုတာနဲ့ လိုအင်ဆန္ဒက ဦးစွာမွေးဖွားပေါ်ပေါက်လာခဲ့တယ်။ ထိုလိုအင်ဆန္ဒတွေပြည့်ဖို့၊ ရရှိဖို့အသံနဲ့ အမူအရာကိုတောင်းဆိုတယ်။ ငိုပြတယ်၊ လက်ဖြန့်တောင်းပြတယ်။ နောက်တဖြည်းဖြည်းနဲ့ လိုအင်ဆန္ဒကိုယူနိုင်ဖို့ ရောက်အောင်သွားဖို့ ကြိုးစားကြတယ်။ ၀မ်းလျားထိုးသွားတတ်တဲ့အချိန်မှာ ရှေ့ကိုရောက်ဖို့ ယက်ကန်ကြတယ်။ နောက်ကိုရွေ့ဖို့မလုပ်ခဲ့ကြဘူး။ လေးဘက်ထောက်သွားနိုင်တော့လည်း ရှေ့ကိုပဲသွားချင်ကြတယ်။ မတ်တတ်ရပ်နိုင်၊

လမ်းလျှောက်နိုင်တော့လည်း ရှေ့ကိုသာလှမ်းကြတယ်။ ရှေ့ကိုပဲသွားချင်တယ်၊ သွားကြတယ်။ နောက်ပြန်လျှောက်သူဆိုရင် လူသားစင်စစ် ဧကန်မဖြစ်နိုင်လောက်ဘူး။ သေတဲ့အချိန်အထိ လမ်းလျှောက်နိုင်သေးတဲ့အချိန်အထိ ရှေ့ကိုမျှော်ကြည့်ပြီး လျှောက်ကြတယ်။ ရှေ့မှာဘာတွေရှိလို့ လူသားတွေ ရှေ့ရောက်ချင်ကြတာလဲ။

လူသားတွေကို သံသရာခရီးသည်လို့ ကင်ပွန်းတပ်ကြတယ်။ ခရီးသည်တွေဖြစ်တဲ့လူသားတွေ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ ခရီးသွားနေကြတယ်။ သံသရာဆိုတာ အဖန်တလဲလဲဖြစ်ခြင်း၊ လည်ပတ်ခြင်းလို့ဆိုတယ်။ ခရီးသည်ဆိုတာ တစ်နေရာကတစ်နေရာကိုသွားသူ၊ ခရီးသွားသူလို့ဆိုတဲ့အတွက် သံသရာခရီးသည်ဆိုတာ အဖန်တလဲလဲခရီးသွားနေသူ၊ လည်ပတ်နေသူလို့ဆိုရပါမယ်။ ခရီးသွားနေသူဆိုရင်ဖြင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နေရာသစ်တစ်ခုကိုရောက်ရမှာပေါ့။ ကျွန်တော်တို့ ခရီးသွားလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ကျွန်တော်တို့ ဘယ်လောက်ရောက်ခဲ့ပြီလဲ။ ဘယ်ကိုရောက်နေပြီလဲ။ မရောက်သေးရင် ဘယ်လောက်လိုသေးလဲ။ ဘယ်တော့ရောက်မှာလဲ။ အသက်ရှင်နေဆဲမှာကောရောက်မှာလား။ တကယ်လို့ လူ့လောကထဲက ထွက်ခွာခဲ့ပြီးရင်ကော ဆက်သွားဖို့မလိုတော့ဘူးလား။ သွားရဦးမှာလား။
ကျွန်တော်တို့ မနက်မိုးလင်းတာနဲ့ အိပ်ရာကနိုးထလာပါပြီ။ အိပ်ရာကထတာနဲ့ စလျှောက်ရတော့မယ်။ ဦးစွာပထမ ရေချိုးခန်းနဲ့ သန့်စင်ခန်းကိုလျှောက်ရမယ်။ သန့်ရှင်းရေးနဲ့ သန့်စင်ရေးကိစ္စတွေပြီးတာနဲ့ စားသောက်ဝတ်စားပြီး ရှေ့ကိုလျှောက်ဖို့ ခြေလှမ်းတွေပြင်ခဲ့ကြတယ်။ အလုပ်လုပ်ဖို့၊ ငွေရှာဖို့၊ ပညာသင်ဖို့၊ ကျန်းမာဖို့စတဲ့ ရည်ရွယ်ချက်ဆန္ဒတွေနဲ့ တစ်နေ့တာခရီးစတင်ကြတယ်။ ကျွန်တော်တို့ ခြေချထောက်ကန်ထားတဲ့ ကမ္ဘာမြေကြီးကလည်း ခရီးသွားနေတာပါပဲ။ ကမ္ဘာကြီးက သူ့ဝင်ရိုးမှာလည်ပတ်ပြီး နေ ကမ္ဘာကြီးကို လည်ပတ်နေတဲ့ခရီးသည်တစ်ဦးပါပဲ။ ကျွန်တော်တို့က သူ့ရဲ့ခရီးသွားဖော်တွေဖြစ်ကြတယ်။ ကမ္ဘာကြီးခေါ်ဆောင်ရာ နေတစ်ပတ်ခရီးစဉ်ကို သွားနေကြတာပါပဲ။

ကမ္ဘာကြီးက တစ်ပတ်လည်နေတုန်းမှာ နေမင်းကြီးနဲ့မျက်နှာချင်းဆိုင်ရတဲ့အခါ အလင်းရောင်နဲ့အပူရှိန်ကို လူသားတွေရတယ်။ အဲဒါကို လူသားတွေက နေ့အချိန်လို့ခေါ်ကြတယ်။ နေမင်းကြီးနဲ့ အတူသွားကြတယ်။ အလုပ်တွေလုပ်ကြတယ်။ အပင်တွေစိုက်၊ လယ်တွေထွန်ကြတယ်။ မြောင်းတွေတူး ရေတွေသွယ်ကြတယ်။ စက်ရုံတွေဆောက်ကြတယ်။ သေနတ်တွေ၊ ဗုံးတွေ၊ တင့်ကားတွေ၊ လေယာဉ်ပျံတွေ၊ သင်္ဘောတွေဆောက်ကြတယ်။ လိုအပ်တဲ့ပစ္စည်းကိုတော့ ကမ္ဘာမြေကြီးက ထောက်ပံ့ပေးရတယ်။ အလုပ်တွေများစွာလုပ်နေတဲ့ လူသားတွေရဲ့ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ အသက်ရှင်ဖို့၊ အသက်ရှည်ဖို့၊ ချမ်းသာဖို့၊ ထင်ရှားကျော်ကြားဖို့၊ ရာထူးအာဏာရဖို့၊ ပျော်ရွှင်ချမ်းမြေ့ဖို့ဆိုတာတွေပါပဲ။

လူသားတွေထဲမှာ တချို့က သူဌေးကြီးဖြစ်ဖို့၊ တချို့က ၀န်ကြီးချုပ်တို့၊ သမ္မတတို့ဖြစ်ဖို့၊ တချို့က ပညာရှင်ကြီးဖြစ်ဖို့ ရည်ရွယ်ချက် စိတ်ကူးတွေနဲ့ ရှေ့ကိုသွားနေကြတယ်။ မြန်မြန်ရောက်အောင် တချို့က ကားနဲ့ လေယာဉ်၊ သင်္ဘောကြီးတွေနဲ့ သွားကြတယ်။ လောဘတကြီးနဲ့ ရှေ့ကိုကျော်တက်ဖို့ ကြိုးစားကြတယ်။ နင်းကျော်ပြီးတော့လည်းသွားကြတယ်။ ကမ္ဘာကြီးကလည်း နေတစ်ပတ်ခရီးသွားနေတာ ရက်ပေါင်း ၃၆၅ ရက်ကျတော့ တစ်ပတ်ပြည့်ပြီ။ မူလနေရာကိုပြန်ရောက်လာတယ်။ တစ်နှစ်ကြာခဲ့တယ်။ ကျွန်တော်တို့ မနက်မိုးလင်းက မိုးချုပ်သွားခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ရှေ့ကိုဘယ်လောက်ခရီးပေါက်ခဲ့သလဲပြန်ကြည့်တော့ မူလနေရာပဲ ပြန်ရောက်နေတယ်။

နေမင်းကြီးရဲ့လက်ဆောင်အလင်းရောင်နဲ့ အပူရှိန်အသုံးချပြီး လူသားတွေ လုပ်ကြ ကိုင်ကြ၊ ပြေးကြလွှားကြ၊ သယ်ကြပိုးကြ၊ တိုက်ကြလုကြ၊ လိမ်ကြ၀ှက်ကြ၊ ရောင်းကြ ၀ယ်ကြ၊ စိုက်ကြပျိုးကြ၊ ရယ်ကြငိုကြ၊ အော်ကြဟစ်ကြနဲ့ နေရောင်လည်းကွယ်ပြီ။ အလင်းရောင်လည်းပျောက်ပြီ။ အမှောင်ကရောက်လာပြီ။ အမှောင်နဲ့အတူ လမင်းကြီးကို မျက်နှာချင်းဆိုင်လိုက်ကြရပြီ။
လမင်းကြီးရဲ့အေးမြတဲ့အလင်းရောင်အောက်မှာ လူသားတွေ အနားယူတဲ့သူကယူနေပြီ။ အမှောင်ကိုအရင်းအနှီးလုပ်ပြီး ရှာကြဖွေကြမယ့်သူတွေလည်း နိုးထလာကြပြီ။ တိတ်ဆိတ်ငြိမ်သက်အေးချမ်းမှုကို အသုံးချပြီး အကျင့်သီလ စရဏကို ရှာဖွေအားထုတ်မယ့်သူတွေလည်း တာစူနေကြပြီ။ နေမင်းနဲ့ တစ်နေ့တာ အတူသွားပြီး ရရှိလာတဲ့ ဥစ္စာဓနအောင်မြင်မှုတွေနဲ့ စိတ်ရောကိုယ်ပါအပန်းဖြေမယ့်သူ၊ ပျော်ရွှင်မြူးထူးကြမယ့်သူတွေလည်း စိတ်ကူးနဲ့ပျော်နေကြပြီ။

လူသားတွေ နေမင်းရဲ့အလင်းရောင်အောက်မှာ လိုချင်ရမ္မက်ပြင်းပြင်းနဲ့ အပြေးအလွှားရှာဖွေခဲ့ကြတယ်။ နေမင်းကြီးက ကျောခိုင်းနှုတ်ဆက်သွားတော့ အမှောင်ထဲမှာ လူသားတွေကျန်နေခဲ့တယ်။ အေးမြတဲ့အလင်းရောင်နဲ့ လမင်းကြီးကရောက်လာတယ်။ ရယ်သူရယ်၊ ပြုံးသူပြုံး၊ ငိုသူငို၊ နိုင်သူပျော်၊ ရှုံးသူမှိုင်နဲ့ လမင်းကြီးကို ကြိုဆိုရပြန်တယ်။ သဘာဝနဲ့ မောဟအမှောင်ထဲမှာ လူသားတွေ ခရီးဆက်သွားကြပြန်တယ်။ အနည်းစုကတော့ အမှောင်ကိုခွင်းပြီး ထာဝရအလင်းရောင်ရှာဖို့ ကြိုးစားကျင့်ကြံနေတယ်။ အများစုသောလူသားတွေက လောဘ၊ ဒေါသ၊ မောဟ၊ ရာဂအမှောင်ကြားမှာ မမောမပန်း ဆက်သွားနေကြတုန်းပဲ။

ညမှောင်မှောင်မှာ လမ်းလျှောက်လို့တစ်မျိုး၊ ကား၊ ဆိုင်ကယ်၊ လေယာဉ်၊ သင်္ဘောတွေနဲ့တစ်သွယ်၊ အလုပ်အယက်သွားနေကြတဲ့လူသားတွေကိုကြည့်ရင်းနဲ့ မြတ်စွာဘုရားလက်ထက်တရားပွဲတစ်ခုကို သတိရမြင်ယောင်မိတယ်။ ဘုရားက တရားဟောတော်မူနေတယ်။ ရက်ကန်းသည်မလေးက တရားဝင်နာတယ်။ ဘုရားကမေးတော်မူတယ်။ ချစ်သမီး ဘယ်ကလာတာလဲ။ ဘယ်ကိုသွားမှာလဲ။ သွားမယ့်နေရာကိုသိလား။ ဘယ်တော့ရောက်မှာလဲ။ သိသလား၊ မသိဘူးလားလို့ အမေးအဖြေလုပ်ပြီး တရားဟောခဲ့လို့ ရက်ကန်းသည်မလေး တရားရသွားခဲ့တယ်။ ထာဝရအလင်းရောင်နဲ့ မောဟအမှောင်ကို ဖြိုခွင်းခဲ့တယ်။

တစ်နေကုန်လို့မိုးချုပ်ပေမယ့် မောဟအမှောင်အောက်မှာ လောဘမီး၊ ဒေါသမီး၊ ရာဂမီးတွေထွန်းညှိပြီး လူသားတွေရှေ့ဆက်လျှောက်ကြပြန်တယ်။ သောမတ်စ်အက်ဒီဆင်တို့ ထွန်းညှိပေးခဲ့တဲ့ လျှပ်စစ်မီးအလင်းရောင်က လူသားတွေရဲ့ မောဟအမှောင်ကို မဖြို ခွင်းနိုင်ဘူး။ အနည်းငယ်သောလူသားတွေသာ အသိဥာဏ်ပညာ၊ အလင်းရောင်နဲ့ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂအမှောင်ကို အန်တုဖို့ကြိုးစားနေကြတယ်။ သီလ၊ သမာဓိ၊ ပညာ၊ မေတ္တာ၊ ဘာဝနာတို့ပွားများအောင် များပြားအောင် အားထုတ်နေကြတယ်။ အေးချမ်းခြင်း၊ ငြိမ်သက်ခြင်း၊ ကြည်နူးခြင်းဆိုတဲ့ ချမ်းသာသုခနဲ့ ကောင်းမှုကုသိုလ်တွေရှိရာ ဖြန့်ဝေပေးရာနေရာကို ရောက်အောင်သွားကြတယ်။ အပျော်နဲ့ငွေရှာတဲ့လူသားတွေ သဘာဝအမှောင်နဲ့ မောဟအမှောင် အားနည်းယုတ်လျော့သွားတဲ့အချိန်မှာ အိမ်ပြန်ခဲ့ကြတယ်။

နေကမ္ဘာကြီးကို တစ်နှစ်တစ်ပတ်နှုန်းနဲ့ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ သံသရာပတ်လမ်းကြောင်းထဲမှာပဲ ရှိနေသေးတယ်။ လောဘ၊ မောဟဦးစီးပြီး ရှာဖွေစုဆောင်းခဲ့တဲ့ ဥစ္စာဓနနဲ့ အောင်မြင်မှုတွေ အထိုက်အလျောက်တော့ရခဲ့တယ်။ ကုသိုလ်ဆိုတဲ့ကောင်းမှုနဲ့ အကုသိုလ်ဆိုတဲ့မကောင်းမှုတွေလည်း စုဆောင်းမိခဲ့တယ်။ ယနေ့ကမ္ဘာကြီးရဲ့ သဘာဝရာသီဥတုဘေး၊ အစာအာဟာရဘေး၊ ရောဂါဘေး၊ ရန်သူဘေးတွေကြောင့် ကုသိုလ်နဲ့အကုသိုလ်မှာ ဘယ်အရာကပိုများမလဲ စဉ်းစားကြည့်တော့ တုန်လှုပ်မိတယ်။ မမောမပန်းကြိုးစားရှာဖွေရရှိထားတဲ့ စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေကို ရှေ့ဆက်မယ့်ခရီးစဉ်အတွက် အားကိုးလို့ရပါ့မလားလို့ စိုးရိမ်ပူပန်မိတယ်။

ကျွန်တော်တို့နဲ့အတူတူသွားနေတဲ့ ခရီးဖော်တွေထဲမှာ လူအမျိုးမျိုးပါတယ်။ မနေ့က၊ မနှစ်က ခရီးသွားဖော်မိတ်ဆွေတွေ အတူတူပါမလာတော့တာလည်း သတိထားမိတယ်။ သူတို့ကဘယ်ရောက်သွားကြတာလဲ။ ကျွန်တော်တို့ကို နှုတ်ဆက်စကားလေးတောင် ပြောမသွားကြပါလား။ သံသရာခရီးသွားဖော်တွေဖြစ်တဲ့ သူဌေးကြီး၊ ၀န်ကြီး၊ ၀န်ကြီးချုပ်၊ သမ္မတ၊ ဗိုလ်ချုပ်၊ ပညာရှင်၊ ပညာရှိ၊ ဆင်းရဲသား၊ လူဆိုး၊ သူခိုးအမျိုးစုံသော လူသားတွေရှေ့ကို ဆက်လျှောက်နေဆဲပဲဖြစ်တယ်။ သူဌေးကြီးသွားတဲ့လမ်းနဲ့ ဆင်းရဲသားသွားတဲ့လမ်း ဘယ်လိုကွာသလဲ။ သမ္မတဆိုသူနဲ့ ပြည်သူ၊ ဗိုလ်ချုပ်ဆိုသူနဲ့ တပ်သားဆိုသူ၊ ခေါင်းဆောင်ဆိုသူနဲ့ နောက်လိုက်ဆိုသူလျှောက်တဲ့လမ်းက ဘယ်လိုကွာခြားကြသလဲ။ စဉ်းစားကြည့်မယ်ဆိုရင်အတူတူပါပဲ။ အားလုံးအတူတူ နေကမ္ဘာပတ်ခရီးစဉ်မှာ သွားနေကြတာပဲမဟုတ်ပါလား။
နေ့ဘက်မှာဆိုရင် နေမင်းကြီးကိုမျကနှာမူတယ်။ ညဘက်မှာလမင်းကြီးကို မျက်နှာမူတယ်။ နေမင်းကြီးနဲ့လမင်းကြီးကို တစ်လှည့်စီ မျက်နှာချင်းဆိုင်နေကြရတယ်။ နေမင်းကိုကြိုဆိုပြီး လမင်းကိုနှုတ်ဆက်၊ လမင်းကိုကြိုဆိုပြီး နေမင်းကို နှုတ်ဆက်တာ နှစ်ခုလုပ်ပြီးရင် တစ်နေ့တစ်ရက်ဆိုတာပြီးသွားပြန်ပြီ။ နေမင်းကြီးကို ၃၆၅ ခါလမင်းကြီးကို ၃၆၅ ခါ ကြိုဆိုနှုတ်ဆက်ပြီးတော့ တစ်နှစ်ဆိုတာကုန်သွားပြီ။ တစ်နှစ်ခရီးသွားခဲ့ပြီးပြီ။ ပန်းတိုင်တစ်နှစ်နီးလာပြီလို့ဆိုကြတယ်။ ဒါပေမဲ့လျှောက်ခဲ့တဲ့ခရီးနဲ့ ပန်းတိုင်ဆိုတာတော့ ထင်ထင်ရှားရှားမတွေ့ရ မမြင်ရသေးဘူး။ နှစ်ပေါင်း ၅၀ ကျော်ပေမယ့်လည်း မသဲမကွဲေ၀၀ါးနေဆဲပဲလို့ ခံစားမိတယ်။

ကျွန်ုပ်တို့လူသားတွေက အရှေ့ကိုလျှောက်တယ်။ ရောက်တယ်ထင်ကြတယ်။ တကယ်တော့ သံသရာပတ်လမ်းကြောင်းထဲမှာပဲရှိနေတာကို နေမင်းကြီးကသိနေတယ်။ ဒါ့ကြောင့် မနက်မိုးလင်းတိုင်းမှာနေမင်းကြီးက လူသားတွေကို သတိပေးတယ်။ "အ၀ိဇ္ဇာနဲ့တဏှာက ဖန်တီးထားတဲ့ မောဟအမှောင်ထဲမှာ လောဘ၊ ဒေါသ၊ ရာဂ၊ မာန်မာနတွေကို ဖက်တွယ်အိပ်မောကျနေတဲ့ အသင်လူသား ကျွန်ုပ်နေမင်းကြီးက လက်ဆောင်ပေးနေတဲ့ အလင်းရောင်အောက်မှာ သီလ၊ သမာဓိ၊ ပညာကိုအသုံးချပြီး ကုသိုလ်ကောင်းမှုတွေ ရှာဖွေစုဆောင်းဖို့ နိုးထသင့်ပြီလို့"။


Credit - Eleven Media Group

No comments:

Post a Comment