(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)
နိုင်ငံရေးပါတီများ အားနည်းသော ပတ်ဝန်းကျင်တွင် အရပ်ဘက်အဖွဲ့အစည်းများ
အားကောင်းလေ့ရှိသည်။ အောက်ခြေပြည်သူလူထုနှင့် တစ်ထပ်တည်းကျလေ
အရပ်ဘက်အဖွဲ့အစည်းများလည်း အားကောင်းလေဖြစ်သည်။ မီးကျိုးမောင်းပျက်
အတိုက်အခံ နိုင်ငံရေးအခင်းအကျင်းတွင် အရပ်ဘက်အဖွဲ့အစည်းများသည်
အောက်ခြေပြည်သူလူထုကို မျက်နှာမူလျက် အတိုက်အခံလှိုင်းသစ်နှင့် ဇာတ်အိမ်သစ်
တည်ကြရမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းများသည်
ပြည်သူကိုကိုယ်စားပြုလေ၊ ပြည်သူလူထု၏ လိုအပ်ချက်များကို မီးမောင်းထိုးပြလေ
နိုင်ငံရေးအရ အတိုက်အခံ စင်္ကြံလမ်းကို ကိုယ်စားပြုလေဖြစ်သည့် အားလျော်စွာ
အာဏာပိုင်များနှင့် အာဏာရပါတီများအနေဖြင့် နိုင်ငံရေးအရ
မျက်မုန်းကျိုးတတ်ကြသည်။ သို့ဖြစ်၍
အာဏာပိုင်များသည်
အရပ်ဘက်အဖွဲ့အစည်းများကို ငါးကြင်းဆီနှင့်ငါးကြင်းကြော်နိုင်ရေး
ရှေးရှုလာလေ့ ရှိသည့်အပြင် ဆိုက်ဝါးဗျူဟာများအောက်တွင် ကောလာဟလများနှင့်အတူ
သွေးခွဲအုပ်ချုပ်နိုင်ရေးကိုလည်း ဦးတည်တတ်သည်။
အာဏာပိုင်များ၏
အသုံးများသော အခြားဗျူဟာတစ်ခုမှာ လက်ကိုင်တုတ် အရပ်ဘက်အဖွဲ့အစည်းများကို
စနစ်တကျ ပုံဖျက်ထူထောင်ပြီး အုတ်အရောရော ကျောက်အရောရောဗျူဟာကို
ခင်းကျင်းခြင်းဖြစ်သည်။ ပရိယာယ်ကြွယ်ကြွယ် သိမ်သိမ်မွေ့မွေ့ ကြားကျကျ
ဟန်မပျက် ရပ်တည်နိုင်သည့်အလျောက် လက်ကိုင်တုတ် အရပ်ဘက်အဖွဲ့အစည်းဟုပင်
သတ်မှတ်ရန် ခဲယဉ်းတတ်သည်။ စိန်ခေါ်မှုများ၊ ဘေးအန္တရာယ်များ
တရိပ်ရိပ်မြင့်မားလာနေသော မြန်မာ့အပြောင်းအလဲ အခင်းအကျင်းတွင်
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အတွင်းသတိ၊ အပြင်သတိရှိရှိဖြင့် ကြံ့ကြံ့ခံ
ရင်ဆိုင်နိုင်မှသာ တော်ရုံကျမည်ဖြစ်သည်။
အောက်ခြေပြည်သူလူထုကို
တတ်နိုင်သမျှ ကိုယ်စားပြုလျက် နစ်နာမှုများ၊ မတရားမှုများ၊ ဖိနှိပ်မှုများ၊
ဥပဒေမဲ့မှုများကို ဖော်ထုတ်ရင်း အရပ်ဘက်အဖွဲ့အစည်းများသည် လွှတ်တော်ပြင်ပ
အတိုက်အခံနေရာကို ရောက်မှန်းမသိ ရောက်လာတတ်သည်။ အစိုးရနှင့် အာဏာရပါတီတို့
အနေဖြင့် အဓိကအရပ်ဘက် အဖွဲ့အစည်းများကို ပစ်မှတ်ထား စောင့်ကြည့်လာတတ်ကြသည်။
အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်စပ်သော လှုပ်ရှားမှုများကို
အမြစ်ဖြတ်နိုင်လျှင်ဖြတ် အမြစ်မဖြတ်နိုင်လျှင် ပူးသတ်သည့်ဗျူဟာကို
ပြောင်းလဲကျင့်သုံးလာတတ်ကြသည်။
အရပ်ဘက်အဖွဲ့အစည်းများသည်
နိုင်ငံရေးပါတီများနှင့်နှိုင်းယှဉ်လျှင် လမ်းစဉ်၊ မူဝါဒ၊ လုပ်ငန်းစဉ်နှင့်
ဗျူဟာတို့တွင် ရှုပ်ထွေးမှုနည်းပါးသည့်အလျောက် အရပ်ဘက်အဖွဲ့အစည်းများအကြား
ဘုံသဘောထား၊ ဘုံလုပ်ငန်းစဉ်နှင့် ဘုံရပ်တည်ချက်တို့ကို အလွယ်တကူ
သဘောတူနိုင်သည်။ အရပ်ဘက်အဖွဲ့အစည်းများသည် တပ်ပေါင်းစုပုံစံ၊
မိတ်ဆွေပြုအလုပ်လုပ်နိုင်ရေးတွင် နိုင်ငံရေးပါတီများထက်
ပိုမိုအားကောင်းမောင်းသန်သည်ဟု သုံးသပ်နိုင်သည်။ မြန်မာ့ဒီမိုကရေစီ
ရှေ့ခရီးတွင် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ဘုံစင်္ကြံလမ်းကို အခြေပြုသည့်
ကွန်ရက်များ ထူထောင်နိုင်ရေးကို မျက်မှောက်ပြုနိုင်မည်ဆိုလျှင် အတိုက်အခံ
နိုင်ငံရေးတို့သည် ရေခဲမှတ်ကို ထိကပ်နေလင့်ကစား၊ အရပ်ဘက်အဖွဲ့အစည်းများသည်
ရေဆူမှတ်နှင့်အတူ စိုးရိမ်ရေမှတ်များကို ညွှန်းပြနေမည်ဖြစ်သည်။
မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အတိုက်အခံ နိုင်ငံရေးသည် တဖြည်းဖြည်း
လုံးပါးပါးလာနေသည်။ အစိုးရ၊ အာဏာရပါတီတို့နှင့် နိုင်ငံရေးနှစ်ပါးခွင်များ
တွင်ကျယ်လာပြီးနောက် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးအတိုက်အခံ
အများစုသည် နိုင်ငံရေး ရေခဲမှတ်ဆီ အလိုအလျောက် နီးကပ်လာကြသည်။ အစိုးရ၊
အာဏာပိုင်များနှင့် အာဏာရပါတီတို့ကို ပြင်းပြင်းရှရှ တစ်တစ်ခွခွ
ဝေဖန်သုံးသပ်မှုများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ယုံကြည်မှုတည်ဆောက်ရေးကို အဟန့်အတားဖြစ်စေသည့်သဘော မျက်နှာပြောင်တိုက်
ထုတ်ဖော်ပြောသည်အထိ နိုင်ငံရေးအရ စိတ်ကြွ၊ ယုံကြည်မှုလွန်ကဲလာကြသည်။
ရေငုံနှုတ်ပိတ်နေလေ၊ သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကို
အားကောင်းစေလေ ဖြစ်မည်ဟူသော မြန်မာ့နိုင်ငံရေး အတိုက်အခံအချို့၏ သီဝရီသည်
အောက်ခြေပြည်သူလူထုကို မျက်ကွယ်ပြုရေး၊ ကျောခိုင်းရေးဘက်ကို မသိမသာ
တွန်းပို့လျက်ရှိသည်။
ပုဂ္ဂလိက သတင်းစာနှင့် သတင်းဂျာနယ်များသည်လည်း
အရပ်ဘက်အဖွဲ့အစည်းများနည်းတူ တိုင်းရင်းသားပြည်သူလူထု အများစုဘက်မှ
ရပ်တည်ကျားကန်လျက် အတိုက်အခံနေရာကို ရယူလာကြသည်။ အစိုးရနှင့် အာဏာရပါတီသည်
သတင်းသမားများကို မျက်မုန်းကျိုးလင့်ကစား ဒီမိုကရေစီ ရောင်စုံထီးအောက်တွင်
မချစ်သော်လည်း အောင့်ကာနမ်းရလေ့ရှိသည်။ သို့သော် သတင်းသမားများကို
ပစ်မှတ်ထား စောင့်ကြည့်လေ့လာပြီး တစ်စုံတစ်ခု လွဲချော်သည်နှင့် တရားစွဲ၊
ရုံးတင်သည့် အလေ့အထကို အာဏာပိုင်များအနေဖြင့် ရေလဲသုံးလေ့ရှိသည်ကို
မျက်ခြည်မပြတ်ရန် လိုအပ်သည်။
အရပ်ဘက်အဖွဲ့အစည်းများကို
လူမှုရေးသက်သက်၊ နိုင်ငံရေးမစွက်အုပ်စု၊ လူမှုရေးနှင့်နိုင်ငံရေး
အရောအုပ်စုဟု အကြမ်းဖျင်း နှစ်အုပ်စုခွဲကာ အင်္ဂလိပ်ထံမှ အမွေရခဲ့သော
သွေးခွဲအုပ်ချုပ်သည့်နည်းကို ကျင့်သုံးလျက် ချဉ်းကပ်ဆက်ဆံတတ်ကြသည်။
လူမှုရေးသက်သက် အုပ်စုများကို လုပ်ပိုင်ခွင့်နှင့် မျက်နှာသာပိုပေးပြီး
နိုင်ငံရေးအရော အုပ်စုများကို ခပ်တန်းတန်းဆက်ဆံသည့် ဗျူ ဟာကို
ကျင့်သုံးတတ်သည်။ အရပ်ဘက် အဖွဲ့အစည်းများအကြား ၀ါးအစည်းပြေနေရေးနှင့်
ဘုံသဘောထားအပေါ် အခြေပြုသော ဘုံလုပ်ငန်းစဉ်တစ်ရပ် မပေါ်ရေးကို
ဦးတည်ဖြိုခွဲတတ်သည်။ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် အာဏာပိုင်များ၏
ထောင်ချောက်ထဲ မကျရေးကို သတိပြုလျက် လူမှုရေးသက်သက်အုပ်စုနှင့်
နိုင်ငံရေးလူမှုရေး အရောအုပ်စုနှစ်ခုကြား ယုံကြည်မှု၊ နားလည်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုတို့ မြှင့်တင်နိုင်ရေးကို စနစ်တကျ ဖော်ဆောင်သင့်သည်။
မျက်မှောက်အခင်းအကျင်းတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ အနေဖြင့် စင်္ကြံလမ်း
တစ်ခုတည်းပေါ်တွင် စုစုစည်းစည်း ရပ်တည်လာနိုင်မည်ဆိုလျှင် အစိုးရနှင့်
အာဏာရပါတီကို ထိထိရောက်ရောက် ခြိမ်းခြောက်လာနိုင်ခြေ မြင့်မားသည်။ အစိုးရ၏
လျှို့ဝှက်ပုံဖျက် အရပ်ဘက်အဖွဲ့အစည်းများသည် နယ်ပယ်အသီးသီးတွင် အသွင်ယူ
မြေလျှိုးမိုးပျံနေမည် ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများအကြား ခလောက်ဆန်၊
သပ်လျှိုနိုင်မည့် အခွင့်ကောင်းကို စောင့်ဆိုင်းလျက် အခွင့်သာသည်နှင့်
ဝင်ရောက်မွှေနှောက်၊ လမ်းကြောင်းလွှဲလေ့ရှိသည့် အာဏာပိုင်တို့၏ လမ်းရိုး၊
လမ်းဟောင်းကိုလည်း မျက်ခြည်မပြတ်ရန် လိုအပ်သည်။
အရပ်ဘက်အဖွဲ့အစည်းများသည် ဘုံစင်္ကြံလမ်းတစ်ခုကို မဖြစ်မနေ
တည်ဆောက်ထားနိုင်ရန် လိုအပ်သည်။ ဘုံသဘောထားများ၊ ဘုံလုပ်ငန်းစဉ်များအပေါ်
အခြေပြုလျက် သီးခြားသဘောထားများ၊ သီးခြားလုပ်ဟန်များနှင့်
သီးခြားလုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ရေးဆွဲနိုင်ရေးကိုလည်း မဖြစ်မနေ
ဆောင်ရွက်သင့်သည်။ အစိုးရနှင့် အာဏာရပါတီ၏ လက်ကိုင်တုတ်
အရပ်ဘက်အဖွဲ့အစည်းများကို စနစ်တကျလေ့လာလျက် စာရင်းပြုစုထားနိုင်ရန်
လိုအပ်မည်ဖြစ်သည်။ မချစ်သော်လည်း အောင့်ကာနမ်းဗျူဟာကို ပြန်သုံးလျက်
မသိချင်ယောင်ဆောင်ကာ တန်ပြန်နိုင်ရေးကိုလည်း အရပ်ဘက်အဖွဲ့အစည်းများ
အနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည်။
မျက်မှောက်ခေတ်တွင် တိုင်းပြည်၏
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကို
ထိန်းကျောင်းပေးနိုင်မည့် စတုတ္ထမဏ္ဍိုင်သည် သတင်းမီဒီယာများသာမက
အရပ်ဘက်အဖွဲ့အစည်းများလည်း ဖြစ်လာနေသည်။ အဆိုပါ အခင်းအကျင်းတွင်
သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ဗျူဟာမြောက်၊ စနစ်တကျ
ပူးပေါင်းဆောင်ရွက်နိုင်ရေး ပိုမိုတွန်းအားပေးနိုင်ရန် လိုအပ်မည်ဖြစ်သည်။
သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု
အားကောင်းလျှင် စတုတ္ထမဏ္ဍိုင် သို့မဟုတ် လွှတ်တော်ပြင်ပ အတိုက်အခံနိုင်ငံရေး
လမ်းကြောင်းသည်လည်း အလိုအလျောက် အားကောင်းမောင်းသန်လာမည် ဖြစ်သည်။
စီအက်စ်အိုခေါ် အရပ်ဘက်အဖွဲ့အစည်းများသည် လွှတ်တော်ပြင်ပ မူဝါဒရေးရာ
ကော်မတီများအသွင် ရပ်တည်လာနိုင်ရေးကိုလည်း မဖြစ်မနေ
ပြင်ဆင်ဆောင်ရွက်သင့်သည်။ အောက်ခြေပြည်သူလူထုကို ဒေါင်ဒေါင်မြည်ကိုယ်စားပြု
ရပ်တည်ပြီး အစိုးရနှင့် လွှတ်တော်များ၏ ရှေ့ခရီးကို
မူဝါဒပိုင်းထိန်းကျောင်းမှုများ ပြုလုပ်လာနိုင်မည်ဆိုလျှင် အတိုင်းထက်အလွန်
ဖြစ်သည်။ မူဝါဒပိုင်းအထိ ခေါင်တက်ကိုင်နိုင်ရေးတွင် အရပ်ဘက်အဖွဲ့အစည်းများ၏
သုတေသနနှင့် သတင်းအချက်အလက်လက်တံသည် လုပ်ရည်ကိုင်ရည်မြင့်မားနေရန်
လိုအပ်မည်ဖြစ်သည်။
နိုင်ငံရေးအတိုက်အခံများ အနေဖြင့်
လျော့ရိလျော့ရဲနိုင်လာနေသော မြန်မာ့အခင်းအကျင်းတွင် စီအက်စ်အိုများ
သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များသည်
အတိုက်အခံနိုင်ငံရေးကွက်လပ်ကို တတိတိ အချိန်ယူဖြည့်ဆည်းလာနိုင်ခြေ ရှိသည်။
အောက်ခြေပြည်သူလူထု အခြေပြုသော နိုင်ငံရေးလုပ်ငန်းစဉ်များတွင်
အိတ်ပေါက်နှင့်ဖားကောက်မည့် အခြေအနေဘက်သို့ ယိမ်းယိုင်လာနေခြင်းအပေါ်
တန်ပြန်ထိန်းကျောင်းနိုင်ရေးတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း
ပဓာနကျဆဲဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ယုံကြည်မှုတည်ဆောက်ရေးတို့ လက်တွေ့ကျကျ တည်ဆောက်ရာတွင်
အရပ်ဘက်အဖွဲ့အစည်းများ၏ သမာသမတ်ကျကျ၊ ကြားကျကျ ရပ်တည်နိုင်မှုများသည်လည်း
မြင့်မြင့်မားမား အရေးပါသည်။ လူရိုသေရှင်ရိုသေ အရပ်ဘက်အဖွဲ့အစည်းများ
အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်၊ နိုင်ငံရေးသဘောတူညီချက်တို့
ရုပ်လုံးပေါ်နိုင်ရေးတွင် စကားဝဲသော အလယ်ကလူအဖြစ် ဘုံသဘောထား
တစ်ခုတည်းအပေါ်တွင် ရပ်တည်နိုင်မည်ဆိုလျှင် ပိုမိုသင့်လျော်သည်။
အရပ်ဘက် အဖွဲ့အစည်းများသည် ငွေရေးကြေးရေးအပိုင်းတွင်
ပွင့်လင်းမြင်သာမှုရှိရေးကို အထူးအလေးထားသင့်သည်။ အဂတိတရား
ကင်းရှင်းရေးကိုလည်း အားပြုနိုင်ရန် လိုအပ်မည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှင့် ငွေစာရင်းရှင်းတမ်းကို
တစ်လတစ်ကြိမ်ထုတ်ပြန် စာရင်းစစ်နိုင်မည်ဆိုလျှင် ပိုမိုခိုင်ခံ့လာမည်
ဖြစ်သည်။ စီးပွားရေးနှင့် လူမှုရေးတွင် အဂတိတရားများ ကင်းရှင်းရေးကို
ကျောသားရင်သား မခွဲမခြား၊ ကျူပင်ခုတ်ကျူငုတ်မကျန် အပြောင်ရှင်းနိုင်ရန်
ပီပီပြင်ပြင် ဆောင်ရွက်လာနိုင်မည်ဆိုပါက အရပ်ဘက်အဖွဲ့အစည်းများသည်
ပြည်သူလူထုအကြားတွင် သြဇာမြင့်တက်လာနိုင်ခြေ ရှိသည်။
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့မျက်နှာစာတွင် အရပ်ဘက်အဖွဲ့အစည်းများသည်
လွှတ်တော်ပြင်ပ၌ သွယ်ဝိုက်သြဇာ ကြီးမားတတ်သော အရှိန်အဟုန်ကို ခြေရာခံလျက်
မြန်မာ့အခင်းအကျင်းတွင်လည်း အရပ်ဘက်အဖွဲ့အစည်းများ လက်ရည်တစ်ပြင်တည်း
ရပ်တည်ပူးပေါင်း အလုပ်လုပ်နိုင်ရေးကို စနစ်တကျ ဖော်ဆောင်သင့်သည်။
နွားကွဲလျှင် ကျားဆွဲမည်သာဖြစ်သည်။ ဘုံစင်္ကြန်လမ်းပေါ်တွင်
နိုင်ငံရေးအတိုက်အခံများနှင့် သူတင်ကိုယ်တင်၊ နိုင်ငံရေးအရ
ပခုံးချင်းယှဉ်နိုင်ပြီး အောက်ခြေပြည်သူလူထု၏ အထွေထွေလိုအပ်ချက်များကို
ဒေါင်ဒေါင်မြည် ဖြည့်ဆည်းပေးနိုင်မည့် အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်နေရန်
လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်၍ အရပ်ဖက်အဖွဲ့အစည်းများ အနေဖြင့်
အောက်ခြေပြည်သူလူထုနှင့် တစ်သားတည်း၊ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ
သက်လုံကောင်းကောင်း ရပ်တည်နိုင်ရေးကို မျက်စိဖွင့်နားစွင့်လျက်
ချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်း မီးမောင်းထိုး ဆော်သြလိုက်ရပါသည်။
Credit - Eleven Media Group
No comments:
Post a Comment