Tuesday, October 21, 2014

အစိုးရက ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂၆၀၀ ကျော် လွှတ်တော်သို့ ထပ်မံတောင်းခံ၊ အများဆုံးတောင်းခံသည့်

အစိုးရက ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂၆၀၀ ကျော် လွှတ်တော်သို့ ထပ်မံတောင်းခံ၊ အများဆုံးတောင်းခံသည့် သမ၀ါယမ၀န်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ ဘတ်ဂျက်များအား ဖြတ်တောက်ရန် ဥပဒေကြမ်းကော်မတီတင်ပြ
အစိုးရက ထပ်တိုးဘတ်ဂျက်အဖြစ် ငွေကျပ်ဘီလျံ ၂၆၀၀ ကျော်အား လွှတ်တော်သို့ အောက်တိုဘာ ၂၀ ရက်တွင် ထပ်မံတောင်းခံခဲ့သည်။
"ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တင်ပြထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး
ဥပဒေကြမ်းတို့အပေါ် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်ပေးနိုင်ပါရန်နဲ့ အတည်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်" ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က အောက်တိုဘာ ၂၀ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
အစိုးရအဖွဲ့မှ ထပ်မံတောင်းခံလာသည့် ထပ်တိုးဘတ်ဂျက်တွင် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏ နောက်ထပ်အသုံးစရိတ်လိုငွေမှာ ကျပ် ၂၀၃၂ ဒသမ ၆၄၇ ဘီလျံ၊ ပြည်ပအကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် ငွေကျပ် ၅၃၅ ဒသမ ၄၄၉ ဘီလျံနှင့် တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေကျပ် ၁၀၂ ဒသမ ၆၅၄ ဘီလျံတို့ အသီးသီးဖြစ်ပြီး စုစုပေါင်းမှာ ငွေကျပ်ဘီလျံ ၂၆၇၀ ဒသမ ၇၅၀ ဖြစ်ကြောင်းသိရသည်။
ထပ်တိုးဘတ်ဂျက်အများဆုံးတောင်းခံသောဝန်ကြီးဌာနမှာ သမ၀ါယမ၀န်ကြီးဌာနဖြစ်ပြီး ၎င်းဝန်ကြီးဌာနသည် မူလခွင့်ပြုဘတ်ဂျက်ထက် ၁၀ ရာခိုင်နှုန်းထက်ကျော်လွန်၍ ၆၁၆ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ပိုမိုတောင်းခံထားကြောင်း၊ သမ၀ါယမ၀န်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှု များပြားနေခြင်းသည် နိုင်ငံတကာချေးငွေများချေးယူရန် တင်ပြခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
သမ၀ါယမ၀န်ကြီးဌာနမှ ထပ်မံတောင်းခံငွေပမာဏမှာ ငွေကျပ် ဘီလျံ ၃၉၀ ကျော်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ၏အစီရင်ခံစာတွင် "ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် သမ၀ါယမ၀န်ကြီးဌာနကတင်ပြခဲ့သော ကိုရီးယားနိုင်ငံ Daedong Co.,Ltd မှ လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးယူ၍ ပြည်တွင်း၌ ပြန်လည်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်မပြုသေးသဖြင့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် ထည့်သွင်းထားခြင်းကို ပြင်ဆင်သင့်ပါကြောင်း" ထည့်သွင်းဖော်ပြခဲ့သည်။
သမ၀ါယမ၀န်ကြီးဌာန၏ China Exim Bank မှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထပ်မံချေးယူရရှိပါကဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရရှိပြီးမှသာ အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ထည့်သွင်းတောင်းခံသင့်ပါကြောင်းနှင့် ယခုဖြည့်စွက်ဘဏ္ဍာငွေစာရင်းတွင် ထည့်သွင်းတောင်းခံထားသော ချေးငွေပမာဏနှင့်တကွ ၀န်ဆောင်ခနှင့်အတိုးငွေများ ကြိုတင်တောင်းခံထားခြင်းတို့အား ပယ်ဖျက်နုတ်ပယ်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက အကြံပြုထားသည်။
ထို့ပြင် နေပြည်တော်ကောင်စီမှတောင်းခံသော ဖြည့်စွက်ရန်ပုံငွေတွင် သာမန်အသုံးစရိတ် ကျပ်သန်း ၅၀၀ သည် တစ်နှစ်စာအသုံးစရိတ်အဖြစ် တွက်ချက်တောင်းခံထားခြင်းဖြစ်ပြီး နှစ်စဉ်ပုံမှန်သုံးစွဲနေသည့် လုပ်ငန်းအသုံးစရိတ်များဖြစ်ပါသည်။ ထို့ကြောင့် မူလဘဏ္ဍာရေးနှစ် အသုံးစရိတ်လျာထားချက်တွင် ထည့်သွင်းတောင်းခံသင့်သော်လည်း ကျပ် ၂၄၀ ဒသမ ၂၀၀ သန်းသာတောင်းခံခဲ့ပြီး ယခုဖြည့်စွက်ရန်ပုံငွေတွင် တစ်နှစ်စာအတွက် ထပ်မံတောင်းခံခြင်းမျိုးမဖြစ်သင့်ကြောင်း၊ သို့ဖြစ်ပါ၍ သာမန်အသုံးစရိတ် ကျပ်သန်း ၅၀၀ တောင်းခံခဲ့ခြင်းအား ကျပ်သန်း ၂၅၀ လျှော့ချ၍ ကျန်ကျပ်သန်း ၂၅၀ ကိုသာ ခွင့်ပြုသင့်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းကော်မတီမှ အကြံပြုဆွေးနွေးခဲ့သည်။

Credit - Eleven Media Group

No comments:

Post a Comment