Thursday, October 23, 2014

အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

မီးမှန်မှန်မလာသေးသော တိုင်းပြည်နှင့် စွမ်းအင်ရင်းမြစ်များ
ကမ္ဘာပေါ်တွင် ရှာဖွေခြင်း မပြုရသေးသော ဓာတ်ငွေ့သိုက်ပမာဏများစွာ ရှိနိုင်ကြောင်း မက်ကင်ဆေး၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသလို တွေ့ရှိပြီးသဘာဝ ဓာတ်ငွေ့ပမာဏမှာ ကမ္ဘာ့အဆင့် ၄၆ တွင် ရှိသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ထားသည်။
ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသဖြင့် လျှပ်စစ်စွမ်းအင်အတွက် အရင်းအမြစ်များ ပိုင်ဆိုင်ထားပြီး မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသော၊ သင့်လျော်သော နည်းလမ်းများဖြင့် စနစ်တကျ စီမံခန့်ခွဲရန်သာ လိုအပ်သည့် အနေအထားမျိုးဖြစ်သည်။

ပြည်ပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့အများဆုံး တင်ပို့နေသလို တရုတ်၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများနှင့် အကောင်အထည်ဖော်ဦးမည့် ရေအားလျှပ်စစ် စီမံကိန်းကြီးများ အတွက်လည်း သဘောတူညီမှုများ ပြုလုပ်ထားပြီးဖြစ်သည်။ နိုင်ငံတကာသို့ စာချုပ်ချုပ်ဆို ရောင်းချပြီးဖြစ်သော ရတနာ၊ ရဲတံခွန်၊ ဇောတိက စသည့်စီမံကိန်းတို့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ပမာဏမှာလည်း ရေရှည်စီမံကိန်းများဖြင့် ရောင်းချထားပြီးဖြစ်သည်။ ဥပမာအားဖြင့် ရတနာသဘာဝဓာတ်ငွေ့သိုက်မှ နေ့စဉ်ကုဗပေ သန်း ၆ဝဝ ကျော်ကို ထိုင်းသို့ နှစ် ၃ဝ စာချုပ်ဖြင့် ရောင်းချထားခြင်းဖြစ်သည်။ အဓိကမြစ်ကြီးလေးသွယ် အပါအဝင် မြစ်ချောင်းပေါများသော နိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သော ဧရာဝတီကိုပင် အလွတ်မပေး လိုကြသော်လည်း ကန့်ကွက်မှုများကြောင့် မြစ်ဆုံဆည်စီမံကိန်းမှာ ဆိုင်းငံ့အနေအထားတွင် ရှိနေသော်လည်း သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းများအတွက် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။
ထိုသို့သော အခြေအနေများရှိနေသော်လည်း လျှပ်စစ်မီးမရသေးသော တိုင်းရင်းသားဒေသများရှိနေသေးသလို ပွင့်လင်းရာသီရောက်လျှင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် လျှပ်စစ်မီးမှန်မှန် မရတတ်သည့်နိုင်ငံအဖြစ်သာ ရှိနေသေးသည်ဆိုလျှင် မှားမည်မထင်။ လျှပ်စစ်မီး၊ ရေနှင့် ကောင်းမွန်သော ပို့ဆောင်ဆက်သွယ်ရေး စသည့် Infrastructure များက လူထု၏ မရှိမဖြစ် အခြေခံလိုအပ်ချက်တွင် ပါဝင်သည်။
လေ့လာဆန်းစစ်မှုများအရ ၂ဝ၁၈ ခုနှစ်ခန့်တွင် စတင်ထုတ်ယူနိုင်မည့် သဘာဓာတ်ငွေ့တွင်းသစ်များ ရှာဖွေတွေ့ရှိသည်ဟုဆိုသော်လည်း မည်သို့စီမံခန့်ခွဲမည်ဆိုသည်ကို တိတိကျကျ မသိရှိရသေးပါ။
မည်သို့သော စွမ်းအင်အရင်းအမြစ်နှင့် သဘာဝသယံဇာတများပေါများသည်ဟု ဆိုနိုင်သော်လည်း စနစ်တကျစီမံခန့်ခွဲအသုံးမချနိုင်ပါက နိုင်ငံနှင့် လူထုအတွက် အမှန်တကယ်အကျိုးမရှိနိုင်ပါ။ သို့ပါ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးမှန်မှန်မလာသေးသော တိုင်းပြည်အဖြစ်မှ ရုန်းထွက်နိုင်ရန် စွမ်းအင်အရင်းအမြစ်များအား မှန်မှန်ကန်ကန် စီမံခန့်ခွဲသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Credit - Eleven Media Group

No comments:

Post a Comment