ရန်ကုန်၊ အောက်တိုဘာ ၁၉
ပြစ်မှုကျူးလွန်သည်ဟုဆိုကာ မြန်မာနှစ်ဦး
ဖမ်းဆီးခံရသော ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး
အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်
စုံစမ်းစစ်ဆေးခွင့်ပြုရန် ဗြိတိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့
သဘောတူညီခဲ့သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းဝန်ကြီးချုပ်က
Prayut Chan-o-cha က ပြောဆိုလိုက်သည်။
ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်
စုံစမ်းခွင့်ပေးခြင်း မဟုတ်ဘဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကိုသာ
ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က အီတလီနိုင်ငံတွင်
ကျင်းပသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ခရီးစဉ်အပြီး ထိုင်းနိုင်ငံ
သုဝဏ္ဏဘူမိ လေဆိပ်တွင်
မီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း Bangkok
Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
သို့သော်လည်း ဗြိတိန်အပါအဝင်
နိုင်ငံခြားမီဒီယာများတွင် အဆိုပါ ထပ်သီးအစည်းအဝေး၌ ဗြိတိန်နှင့် ထိုင်း
နှစ်နိုင်ငံဝန်ကြီးချုပ်များ မျက်နှာချင်းဆိုင် တွေ့ဆုံစဉ်
လိပ်ကျွန်းလူသတ်မှုကို ဗြိတိန်ရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးရန်
ထိုင်းဝန်ကြီးချုပ်က သဘောတူလိုက်ခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က
ဖော်ပြခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရာ၌
စွပ်စွဲခံရသူများ၏ မျိုးရိုးဗီဇ (DNA) ကိုက်ညီနေမှုနှင့်
ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံခိုင်းကာ ဖမ်းဆီးထားမှုတို့နှင့် ပတ်သက်၍
ဗြိတိန်အစိုးရက စိုးရိမ်ကြောင်း အဆိုပါ မီဒီယာများတွင် ဖော်ပြထားသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမတ်၊
ဗြိတိန်သံအမတ်နှင့် ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်တို့ကို အောက်တိုဘာလ ၁၄ ရက်နေ့က
ဘန်ကောက်မြို့တော်၌ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနှင့်
ဗြိတိန်တို့ ဝင်ရောက်စစ်ဆေးခွင့်ကို ထိုင်းရဲချုပ်က ငြင်းပယ်ခဲ့သည်။
တရားစီရင်ရေးနှင့် ပတ်သက်၍ မြန်မာ၊ ဗြိတိန် လေ့လာစောင့်ကြည့်ရေး အဖွဲ့များ ဝင်ရောက် လေ့လာခွင့်ကိုမှု ထိုင်းရဲချုပ်က လက်ခံခဲ့သည်။
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ်
David Miller နှင့် အသက် ၂၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Hannah Witheridge
တို့ နှစ်ဦးသည် ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (Koh Tao) ကမ်းခြေတွင်
အသတ်ခံရသည်။
Credit - The Voice Weekly
No comments:
Post a Comment