Written By - ညီအောင်ညီ
"နာမည်ကောင်းက ရွှေကောင်းထက်
တန်ဖိုးပိုရှိပါသတဲ့"။ အဲဒီအဆိုကို ကျွန်တော်တို့ မငြင်းဆန်ဝံ့ကြပါဘူး။
နာမည်ကောင်းဆိုတာ ကျွန်တော်တို့ဘ၀မှာ ဂုဏ်သိက္ခာတစ်ခုပါပဲ။
နာမည်ဆိုးဆိုတာဟာလည်း နှာခေါင်းရှုံ့စရာ၊ အထင်သေးစရာတစ်ခုပါပဲ။
ကျွန်တော်တို့ရဲ့ဘ၀တစ်လျှောက်မှာ နာမည်ကောင်း၊ နာမည်ဆိုးဆိုတာ
ကျွန်တော်တို့ရဲ့ အကောင်းအဆိုးလုပ်ရပ်တွေနဲ့ အများကြီးဆိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့လက မန္တလေးလူရွှင်တော်ကြီး "သပြေဦးဂျာအေး" နဲ့
စာအကြောင်းပေအကြောင်း စကားတွေပြောဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို
"အသံမထွက်သောဖြောင့်ချက်" ဆိုတဲ့ကဗျာတစ်ပုဒ်
လက်ဆောင်ပေးခဲ့တယ်။
ထိထိမိမိရေးဖွဲ့ထားတဲ့ သူ့ကဗျာသူ့စာသားတွေက ကျွန်တော်တို့အတွက်
အတွေးတွေအများကြီးရစေခဲ့တယ်။ စစ်မှန်တဲ့ဖြောင့်ချက်တွေနဲ့နေနိုင်အောင်
သူကလမ်းညွှန်ပေးခဲ့တယ်။
"ကျွန်တော်၊ ကျွန်မတို့ ....
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးပါလို့
တစ်ကမ္ဘာလုံးကသိအောင် ပြောရဲတယ်။
ဒီးဒုတ်ဦးဘချိုရဲ့မျိုးနွယ်ပါလို့
အဟုတ်တကယ်မှန်စွာပြောရဲတယ်။
မိုင်းပွန်စော်ဘွားမျိုးဆက်ပါလို့
ဗျိုးဟစ်အော်ပြီးတော့ ပြောရဲတယ်။
ဦးရာဇာတ်ရဲ့မြေးအနှစ်ပါလို့
မထစ်မငေါ့ဘဲ ပြောရဲတယ်"
သူ့ကဗျာရဲ့ ပထမအပိုက်မှာတင် ကျွန်တော်ကြက်သီးထသွားခဲ့တယ်။
ကျွန်တော်တို့လူသားတွေမှာ အစဉ်အလာဆိုတာလည်းရှိတယ်။
အစဉ်အဆက်ဆိုတာလည်းရှိနေတယ်။ ရှေ့ကကောင်းခဲ့တဲ့လူကြီးတွေရဲ့ အစဉ်အလာကောင်း
ဂုဏ်သိက္ခာကောင်းတွေကို ထိန်းသိမ်းဖို့ ပိုပြီးကောင်းအောင်လုပ်ဖို့ဆိုတာလည်း
ရှိနေခဲ့တယ်။ နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေဆိုတာရှိခဲ့ကြတယ်။ အဲဒီအတွက်
ဆရာဦးဂျာအေးက အသံမထွက်တဲ့ဖြောင့်ချက်တွေဆီကို သူ့ကဗျာနဲ့စပ်ပြီး
ခေါ်ဆောင်သွားခဲ့တယ်။
"ကျွန်တော်... ကျွန်မတို့ ...
သခင်မြရဲ့သွေးအစစ်ပါလို့
မှတ်ကျောက်အတင်ခံပြောရဲတယ်။
ဦးဘ၀င်းရဲ့ သားမြေးပါလို့
နွေးနွေးထွေးထွေး ပြောရဲတယ်။
မန်းဘခိုင်ရဲ့သွေးသားပါလို့
ရိုးသားစွာပြောရဲတယ်။
ဦးအုန်းမောင်၊ ရဲဘော်ထွေးတို့ရဲ့ နှလုံးသွေးပါလို့
သဝေမထိုးဘဲပြောရဲတယ်။ ကျွန်တော်၊ ကျွန်မတို့ဟာ
(.............) ရဲ့ သားသမီးပါလို့
လူသိရှင်ကြားပြောရဲသလား" တဲ့။
ဆရာဦးဂျာအေးရဲ့ အဆုံးသတ်စာပိုဒ်လေးက ရင်ထဲကိုနင့်ခနဲရောက်သွားခဲ့တယ်။
မသိစိတ်တွေက မြန်မာပြည်ထဲကို ထိုးဖောက်ရှာဖွေသွားခဲ့တယ်။
ခေါင်းတဆတ်ဆတ်ညိတ်ရင်း လေးစားပါတယ်ဆရာရယ်။ တကယ်ကောင်းတဲ့ကဗျာလေးပါပဲလို့
ဆရာဦးဂျာအေးကို ၀မ်းမြောက်စကားဆိုခဲ့ပြီး အသံမထွက်တဲ့ ဖြောင့်ချက်တွေနဲ့
ကျွန်တော်ပြန်လာခဲ့တယ်။ သင်ခန်းစာတွေက ကျွန်တော့်နောက်မှာ
တစ်သီတစ်တန်းကြီးကပ်ပါလာခဲ့တယ်။
ငါဟာ နာမည်ကောင်းတွေနဲ့လူပါလို့
ပြောရဲလောက်အောင်လည်း ပြောနိုင်လောက်တဲ့ အလုပ်တွေလုပ်ခဲ့မှ
ဖြစ်မှာမဟုတ်လား။ နာမည်ကောင်းပိုင်ရှင်တွေရဲ့ အစဉ်အဆက်
မျိုးဆက်သစ်တွေဆိုတာကလည်း အစဉ်အလာကိုထိန်းသောအားဖြင့်
မတိုးတက်ခဲ့ရင်နေပါစေ။ နာမည်ဆိုးနဲ့ မကျော်ကြားအောင်တော့ နေရမှာမဟုတ်လား။
အစဉ်အလာအစဉ်အဆက်ရှိခဲ့တဲ့ လူသားတွေအတွက် နာမည်ကောင်းဆိုတာ အသက်တမျှပါပဲ။
ဟုတ်ပါပြီ။ ဒါဆိုရင် နာမည်ဆိုး၊ ဂုဏ်သိက္ခာဆိုးတွေနဲ့ ကျော်ကြားသူတွေမှာရော
ဖြောင့်ချက်ကောင်းတွေ ရှိနေနိုင်သလားပေါ့။ အတ္တကြီးစိုး၊
စည်းစိမ်အာဏာကြီးစိုးမှုတွေအောက်မှာ ဖြောင့်ချက်ကောင်းတွေ သေဆုံးနေမှာပါပဲ။
အဲဒီအတွက် သူတို့ဖန်တီးတဲ့သမိုင်းကပဲ သူတို့ကို အဆုံးအဖြတ်ပေးသွားမှာပါ။
အဲဒါတွေနဲ့ဆက်စပ်ပြီးတော့ (သဂါ ထာဝဂ္ဂ-သံယုတ်ပါဠိ) မှာ
ကျွန်တော်တို့ရဲ့မြတ်ဗုဒ္ဓက နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေနဲ့ ဆက်စပ်ပြီး
ဟောကြားထားတဲ့ သတိပြုစရာကောင်းတဲ့ "အဆုံးအမလေး" တစ်ခုရှိပါတယ်။
"သတ္တ၀ါတို့၏ရုပ်ခန္ဓာသည်သာ နှစ်ပေါင်းရာထောင်ကြာလျှင် ဆွေးမြည့်ပျက်စီးရာ၏။
ထိုရုပ်ခန္ဓာ၌မှီသော သတင်းဂုဏ်ရည်အမျိုးအနွယ်၊ ဘွဲ့အမည်သည်ကား ကမ္ဘာကုန်ခန်း
ကာလကျွမ်းသော်လည်း ဥဒါန်းမော်ကွန်းတင်ရှိ၍
ဆွေးမြည့်ပျက်စီးခြင်းမရှိရာတဲ့"။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမလေးက
ရှင်းပြီးသားပါ။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကသာ နှစ်ကာလတွေကြာသွားရင်
ဆွေးမြည့်ပျက်စီးသွားနိုင်တယ်။ ကျွန်တော်တို့လုပ်ထားတဲ့ ကောင်းဂုဏ်၊
ဆိုးဂုဏ်တွေ နာမည်ကောင်း၊ နာမည်ဆိုးတွေက ကမ္ဘာတည်သရွေ့ထင်ကျန်နေမှာပါ။
ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့မမီခဲ့ပါဘူး။ ဒါပေမဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေကို ကျွန်တော်တို့
သိခွင့်၊ မြင်ခွင့်၊ ကြားခွင့်ရနေတုန်းပါပဲ။ လူသေပေမယ့်
နာမည်မသေဘူးဆိုတာပါပဲ။ ဟစ်တလာကိုလည်း မမီခဲ့ပါဘူး။ ဒါပေမဲ့ ဟစ်တလာဆိုရင်
လူသတ်သမားကြီးပဲလို့ ပြေးမြင်နေကြခြင်းဟာ သူ့ရဲ့လုပ်ရပ်ဆိုးတွေကြောင့်ပါပဲ။
ဒါဆိုရင် ကျွန်တော်တို့ဘ၀အတွက် နာမည်ကောင်းတွေ၊ ဂုဏ်သိက္ခာကောင်းတွေရှိဖို့
လိုအပ်ပါလိမ့်မယ်။ ဖြောင့်ချက်ကောင်းတွေ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက်
အပြစ်ကင်းတဲ့အလုပ်တွေလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
အာဏာကို
အလွဲသုံးစားမလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တိုင်းပြည်ကို စစ်မှန်တဲ့အချစ်နဲ့
ချစ်တတ်ဖို့လိုပါလိမ့်မယ်။ တစ်ချိန်မှာ ကျွန်တော်တို့ရဲ့အကောင်းအဆိုးတွေ
ချီးမွမ်းဝေဖန်ကြမယ့် အနာဂတ်လူတန်းစားတစ်ရပ်ရှိနေမယ်ဆိုတဲ့အထိတွေးပြီး
နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းပိုင်ရှင်များဖြစ်အောင် ကြိုးစားသင့်ပါတယ်လို့
အကြံပြုမိပါတော့တယ်။
Credit - Eleven Media Group
No comments:
Post a Comment