Friday, October 24, 2014

တပ်မတော်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်ရန် ကော်မတီဖွဲ့စည်း

ရန်ကုန်၊ အောက်တိုဘာ ၂၃

 မြန်မာနိုင်ငံအတွင်း တပ်မတော် အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) က ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ UNDO ဥက္ကဋ္ဌ ဒေါက်တာသက်မင်းက ပြောကြားသည်။ အောက်တိုဘာ ၂၃ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အတွင်းရှိ ယုဒဿန်ခန်းမတွင် ပြုလုပ်သော ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေး ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ အဆိုပါ ကော်မတီက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရများ လက်ထက်တို့တွင်
ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ပြီးနောက် မှတ်တမ်းပြုစုမည် ဖြစ်ကြောင်း ဒေါက်တာသက်မင်းက ပြောကြားသည်။ “လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အတိုင်းအတာ ပမာဏ၊ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းတွေကို ပြည့်ပြည့်စုံစုံ ဖော်ထုတ်သွားမှာပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် လူ့ဂုဏ်သိက္ခာများ၊ ဘဝတည်ဆောက်ခွင့်များ၊ ကုစားခွင့်များ၊ သက်သာခွင့်များ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) ထံမှ သိရသည်။ ယင်းသို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ပါက နိုင်ငံရေးမှ ဆုတ်ခွာခြင်း မရှိသေးသော တပ်မတော် အခန်းကဏ္ဍကို ပိုမိုခိုင်မာ ကြန့်ကြာစေနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။ “လက်ရှိ နိုင်ငံရေးမှာ တပ်မတော်က ဘာလို့ မဆုတ်ခွာတာလဲ ဆိုတာကို ထည့်စဉ်းစားကြဖို့ လိုပါတယ်” ဟု၎င်းက ထောက်ပြသည်။ အဆိုပါ ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၁၉၉၀ ခုနှစ် လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းများနှင့် အရပ်ဘက် အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Credit - The Voice

No comments:

Post a Comment