ရန်ကုန်၊ အောက်တိုဘာ ၂၀
အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ်
ပြဋ္ဌာန်းထားသော အမျိုးသားပညာရေး ဥပဒေနှင့် ပညာရေး ဝန်ကြီးဌာန
ဗဟိုချုပ်ကိုင်မှုများကို စစ်ကျွန်ပညာရေးစနစ်ဟု ဆိုကာ အောက်တိုဘာလ ၁၉
ရက်နေ့က စမ်းချောင်းမြို့နယ်တွင် ဆန့်ကျင် ဆန္ဒထုတ်ဖော်သော ၁၉၊ ၁၀ အမည်ရှိ
မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို မြို့နယ်ရဲတပ်ဖွဲ့က စတင်စုံစမ်းနေပြီ
ဖြစ်ကြောင်း စမ်းချောင်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့
ပြောကြားသည်။
မျက်နှာဖုံးစွပ် ဆန္ဒပြသူများသည် စစ်ကျွန်ပညာရေးနှင့်
စစ်အုပ်ချုပ်ရေး အလိုမရှိဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အောက်တိုဘာလ
၁၉ ရက်နေ့ ညနေခင်းတွင် မြေနီကုန်း၊ ဒဂုံစင်တာအနီး၌
ဆန္ဒထုတ်ဖော်ခဲ့ခြင်း
ဖြစ်ပြီး လူဦးရေ ၁၀ ဦး ဝန်းကျင်ခန့် ရှိကြောင်း တာဝန်ရှိသူများ၏
ပြောကြားချက်အရ သိရသည်။
သို့သော် စမ်းချောင်း မြို့မရဲစခန်းက ၅
ဦးကိုသာ ပုဒ်မ ၁၈ နှင့် စာရင်းသွင်း အမှုဖွင့်ထားပြီး ၎င်းတို့၏ နောက်ကြောင်း
ရာဇဝင်များကို လိုက်လံစုံစမ်းလျက် ရှိကြောင်း အဆိုပါရဲစခန်း တာဝန်ရှိသူက
ဆိုသည်။
ယင်းဆန္ဒပြသူများသည် အမျိုးသားပညာရေး ဥပဒေ ဖျက်သိမ်းရေး၊
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စစ်ကျွန်ပညာရေး အလိုမရှိ
ကြွေးကြော်သံများ ဟစ်ကြွေးခဲ့သည့်အပြင် နိုင်ငံလုံးဆိုင်ရာ
အရေးပေါ်ကျောင်းသားထု အစည်းအဝေးသို့ ကျောင်းသား၊ ကျောင်းသူများ
တက်ရောက်ရန်လည်း လိုက်လံ ပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒပြခြင်းနှင့်
ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့်
တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။
“အဖွဲ့အနေနဲ့တော့ ပတ်သက်မှု မရှိဘူး။ တစ်ဦးချင်းစီက Persoanl အရ
ဆိုရင်တော့ ပြောလို့မရဘူး” ဟု အရေးပေါ် ကျောင်းသားထု အစည်းအဝေး
ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသုကျော်က ပြောကြားသည်။
ယင်းကဲ့သို့ ဆန္ဒပြရာတွင် ကျောင်းသားသမဂ္ဂများ မပါဝင်သော်လည်း ဆန္ဒပြသူများ၏
ရည်ရွယ်ချက်သည် ကျောင်းသားထု အစည်းအဝေး ဖြစ်မြောက်ရေးကို ရှေးရှုသည့်အတွက်
ကြိုဆိုကြောင်း ဗ.က.သ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက
မှတ်ချက်ပေး ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော်က
ဇူလိုင်လဆန်းပိုင်းတွင် အမျိုးသားပညာရေး ဥပဒေကို အတည်ပြုပြီး နောက်ပိုင်း
ဗဟိုချုပ်ကိုင်မှုစနစ် ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်ဟု ဆိုကာ ဆရာသမဂ္ဂများ၊
ကျောင်းသားသမဂ္ဂများနှင့် အရပ်ဘက် ပညာရေး အဖွဲ့အစည်းများက
ဆန့်ကျင်ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment