Tuesday, October 21, 2014

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတလွတ်လပ်ရုံသာမက ခန့်မှန်းထားသည့် အချိန်အတိုင်း လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံသာမက ခန့်မှန်းထားသည့်အချိန်အတိုင်းလုပ်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ပြည်သူ့လွှတ်တော်၌ အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
သတင်းထောက်များမေးမြန်းသည်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် "ဒီမိုကရေစီလမ်းကြောင်းကို အမှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံသာမက အချိန်မီလုပ်ရမယ်။ ခန့်မှန်းထားတဲ့အချိန်အတိုင်း လုပ်ရမယ်။
ဒီမိုကရေစီပြောင်းလဲရေးမှာဆိုရင် ပထမရွေးကောက်ပွဲထက် အမြဲပဲ ဒုတိယရွေးကောက်ပွဲက ပိုပြီးတော့အရေးကြီးတယ်။ ပထမရွေးကောက်ပွဲကတော့ လုပ်လိုက်တာပဲ။ ဒုတိယရွေးကောက်ပွဲက တကယ့်စမ်းသပ်မှုပဲ။ ဒါ့ကြောင့် ဒုတိယရွေးကောက်ပွဲကို မဖြစ်မနေသတ်မှတ်ထားတဲ့အချိန်မှာ လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်" ဟု ထည့်သွင်းပြောကြားသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ "တစ်ဖက်က အပစ်အခတ်ရပ်စဲရေးကိုပြောနေပြီး တစ်ဖက်က ပြန်လည်တိုက်ခိုက်နေတယ်ဆိုတော့ ဒီလုပ်ရပ်တွေအပေါ်မှာ တစ်ခုခုတော့ ပြုပြင်ဖို့လိုနေပြီလို့ သတ်မှတ်ရမှာပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအားပြောကြားသည်။
ထို့နောက် လွှတ်တော်တွင်း လာရောက်လေ့လာသည့် ပြင်ဦးလွင်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့်တွေ့ဆုံရာတွင် "အားလုံးညီညီညွတ်ညွတ်နဲ့နေကြ။ အမေတို့က ပွင့်ပွင့်လင်းလင်းနဲ့ပြောရမယ်။ ၂၀၁၅ မှာဆိုလို့ရှိရင် ရွေးကောက်ပွဲရှိတယ်ဆိုတာ အားလုံးသိတယ်။ အဲတော့ ဒီရွေးကောက်ပွဲမတိုင်ခင် ကျော်ဖြတ်ရမယ့်ကိစ္စတွေ အများကြီးရှိတယ်။ ဥပမာဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးတို့ ဒီအခုသူတို့ကနေပြီးတော့ စနစ်အသစ်ပေါ့နော်။ PR ကျင့်သုံးမယ်ဆိုတာတွေပြောနေတာတွေ။ ဘာတွေ။ ဒါပေမဲ့ တချို့ဆိုလို့ရှိရင်လည်း စကားထွက်တာက ၂၀၁၅ ရွေးကောက်ပွဲကိုတောင်မှ ရွှေ့ချင်သလိုလိုပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အရေးကြီးတာက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘာအတွက်ထူထောင်သလဲဆိုတာကို အဖွဲ့ချုပ်ဝင်တွေက မမေ့ဖို့အရေးကြီးတယ်။ ဘာကြောင့်အတွက်ထူထောင်ခဲ့သလဲဆိုတာ အရင် ၁၉၈၈ ခုနှစ်ကတည်းက စပြီးထူထောင်ကတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် အာဏာရှင်စနစ်ပြန်လည်ပြီးတော့ အမြစ်မတွယ်ရေးအတွက် ပြန်လည်ပြီးတော့ ထူထောင်ဖို့ဖြစ်ရေးအတွက်ဆိုပြီးတော့ အဲဒီရည်ရွယ်ချက်နဲ့ ထူထောင်ခဲ့တာ။ အဲဒါက အဓိကရည်ရွယ်ချက်ပဲ။ ရွေးကောက်ပွဲတွေဝင်တယ်။ ရွေးကောက်ပွဲတွေမှာ အောင်မြင်အောင်လုပ်တယ်ဆိုတာ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ကိုလုပ်တာ။ ကိုယ့်လူတွေနေရာရဖို့၊ ကိုယ့်လူတွေ ရာထူးအာဏာရဖို့ ဒါအတွက်လုပ်တာမဟုတ်ဘူး။ မူလကတည်းက ဒီအဖွဲ့ကိုထူထောင်ခဲ့တဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်အောင်လို့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲဝင်မှာဖြစ်တယ်။ အဲတော့ ဒီမိုကရေစီနည်းကျကျလုပ်နိုင်ဖို့ဆိုတာ ကိုယ့်အချင်းချင်းက ဒီမိုကရေစီနည်းကျကျလုပ်ရမယ်။ ဒီမိုကရေစီစနစ်နဲ့လုပ်တယ်ဆိုတာ အာဏာရှင်စနစ်ထက် အများကြီးပိုပြီးတော့ခက်တယ်။ အာဏာရှင်စနစ်က ထိပ်ကနေ ဒါလုပ်ဆိုရင် အားလုံးက ခေါင်းငုံ့ပြီး ဒါလုပ်ရတယ်။ ဒီမိုကရေစီစနစ်က တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီးတော့ မတူတဲ့သဘောထားတွေကို ညှိနှိုင်းယူရတယ်။ ဒီမိုကရေစီက ဘာလက်ခံလဲဆိုတော့ လူတွေကြားမှာ မတူတဲ့သဘောထားတွေရှိတယ်ဆိုတာလက်ခံတယ်။ မတူတဲ့သဘောထားကို သိပိုင်ခွင့်ရှိတယ်ဆိုတာကိုလည်း လက်ခံတယ်။ ဒါဒီမိုကရေစီပဲ။ အာဏာရှင်ကျတော့ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ပြောလိုက်တဲ့ဟာကို အားလုံးက ခေါင်းငုံ့ပြီးလက်ခံရတယ်။ ဒီမိုကရေစီစနစ်အရမတူတဲ့ သဘောတရားတွေကို ညှိနှိုင်းဖို့ဆိုတာ အင်မတန်မှခက်တယ်။ အပေးအယူလုပ်တတ်ရတယ်။ အပေးအယူဆိုတာ ကိုယ်ကချည်းပဲယူမယ်လို့လည်းမဟုတ်ဘူး။ ကိုယ်ကချည်းပဲပေးမယ်လို့လည်း မဟုတ်ဘူး။ မျှတတဲ့အပေးအယူမျိုးလုပ်နိုင်မှ မတူကွဲပြားမှုအပေါ်အခြေခံပြီးတော့ ညီညွတ်မှုရနိုင်တယ်။ ဒါကို ကိုယ့်အဖွဲ့ထဲမှာစပြီးတော့ လေ့ကျင့်ရမယ်။ အမေတို့အဖွဲ့က ဒီမိုကရေစီအဖွဲ့ဆိုတော့ အာဏာရှင်ဆန်တဲ့အဖွဲ့တွေလို မဟုတ်ဘူး။ အဖွဲ့အတွင်းမှာ ဖြစ်သမျှကိစ္စတွေက လူတိုင်းသိကြတဲ့အခါကျတော့ တချို့ကလက်ညှိုးထိုးကြတော့ ပြစ်ဒဏ်ပေးပေါ့။ အဖွဲ့ချုပ်ထဲမှာ ဟိုလူနဲ့ဒီလူမတည့်တာတို့ ဘာတို့။ ဒါပေမဲ့တကယ်တော့ မတည့်ပိုင်ခွင့်တော့ရှိတယ်။ ဒီမိုကရေစီအရ မတည့်တာကို ပြန်ပြီးတော့ အဖြေရှာပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းရမယ့် တာဝန်လည်းရှိတယ်။ အဲဒီတော့ ဒီမိုကရေစီမှာ ကိုယ့်မှာရပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့တာဝန်လည်းရှိတယ်။ အဲဒါကိုမမေ့ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ မတူတဲ့သဘောထားတွေ ထားပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီသဘောတွေညှိပြီးတော့ ညီညွတ်မှုရယူဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း မှတ်ထားကြပါလို့ သတိပေးချင်ပါတယ်။ အားလုံးအောင်မြင်နိုင်ပါစေ။ လိမ်လိမ်မာမာနေကြ" ဟု ပြောကြားသည်။

Credit - Eleven Media Group

No comments:

Post a Comment