ရန်ကုန်၊ အောက်တိုဘာ ၂၃
ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း (UNFC) အဖွဲ့ဝင်အဖြစ် ပြန်လည် ဝင်၊ မဝင် ဆုံးဖြတ်မည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့တွင် စတင်ပြုလုပ်လျက် ရှိကြောင်း KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လေးရက် ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးတို့ကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဗဟိုကော်မတီ အစည်းအဝေးကနေ အားလုံး သဘောတူညီတဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာမယ်၊ အဲဒီအချိန်ဆိုရင် KNU ဘာဆက်လုပ်မလဲ သိရမှာပါ” ဟု ၎င်းကဆိုသည်။
သြဂုတ်လ နောက်ဆုံးပတ်အတွင်း ပြုလုပ်သော UNFC ညီလာခံအတွင်း ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေးရာတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် KNU က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုကို NCCT အဖွဲ့က ဦးဆောင်နေသောကြောင့် ငြိမ်းချမ်းရေးကို ထိခိုက်မှုမရှိကြောင်း KNU ဗဟိုကော်မတီဝင်များက တုံ့ပြန် ပြောဆိုထားသည်။
သို့သော်လည်း UNFC ညီလာခံက အသစ်ရွေးချယ် ဖွဲ့စည်းသော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နှစ်နေရာအတွက် KNU ကိုယ်စားလှယ်များကို လျာထားသတ်မှတ်ကြောင်း UNFC က စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။
Credit - The Voice
No comments:
Post a Comment