အမှန်စင်စစ် မြန်မာစစ်ဗိုလ်ချုပ်များသည် ၁၉၉၀ ခုနှစ်ကတည်းက
ကောင်းစွာနားလည် သဘော ပေါက်ခဲ့ကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင်
တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်
ရွေးချယ်ခံလိုက်ရသည့်အခါ ဒီမိုကရေစီသည် ၎င်းတို့ အကျိုးစီးပွားများအား
ခြိမ်းခြောက်လာပြီကို ဗိုလ်ချုပ်ကြီးများ အလျှင်အမြန် သိရှိခဲ့ကြသည်။
သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းဆိုသလို
နေအိမ်အကျယ်ချုပ်ချထားလိုက်ကာ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်
ခြယ်လှယ်ခဲ့ကြသည်။ ထို့နောက် ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်အား
နေအိမ်အကျယ်ချုပ်မှမလွှတ်မီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ကို
ကြေငြာခဲ့ကြသည်။
ယခင်စစ်ဗိုလ်ချုပ်ဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်
၂၀၁၂ တွင် စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ကို ကမ္ဘာတစ်လွှားမှ
အစိုးရအသီးသီး၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက
အံ့အားသင့်ဖွယ်ကောင်းသည့် တိုးတက်ဖြစ်ထွန်းမှုအဖြစ် ရှုမြင်ခဲ့ကြသည်။
သို့ကြောင့် မြန်မာပြည်ရှိ များစွာပေါကြွယ်ဝသည့် သယံဇာတ များနှင့် လုပ်အားခ
လွန်စွာသက်သာသည့် လုပ်သားအင်အားစုကို အမိအရအသုံးချနိုင်ရန်
စိတ်အားထက်သန်ခဲ့ကြသည်။
အဆိုပါပြုပြင်ပြောင်းလဲရေး
အစောပိုင်းကာလတွင် အမေရိကန်သမ္မတဖြစ်သူ ဘားရက်အိုဘားမားကိုယ်တိုင်
နောက်ပါအခြွေအရံများနှင့်တကွ မြန်မာပြည်သို့ လာရောက်ကာ ဒေါ်အောင်
ဆန်းစုကြည်နှင့် ရွှင်လန်းဝမ်းမြောက်စွာ တွေ့ဆုံခဲ့သလို
သမ္မတဦးသိန်းစိန်တို့နှင့်လည်း တွေ့ဆုံခဲ့လေသည်။
မြန်မာအနေဖြင့်
ဘက်စုံကဏ္ဍစုံတွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့်အခြေအနေများနှင့် လိုက်လျော
ညီထွေဖြစ်ရန် အစီအစဉ်မဲ့စွာ နှေးနှေးကွေးကွေး ကြိုးပမ်းလျှက်ရှိသည်။
များစွာသော အကြောင်းတရားများ ကြောင့် မြန်မာအနေဖြင့်
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ တက်နိုင်ရေးအတွက်ကိုပင်
များစွာကြိုးပမ်းရဦး မည် ဖြစ်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင်
မြန်မာ့စစ်ခေါင်းဆောင်များသည် တပ်မတော်တွင် ကလေးစစ်သားအသုံးပြုခဲ့ကြောင်း
ဝန်ခံခဲ့ကြရပြီး ချက်ချင်းမဟုတ်သည့်တိုင် ရှေ့လာမည့်လအနည်းငယ်အတွင်း
ထိုသို့ဆက်လက်အသုံးမပြုတော့ရန် ကတိက၀တ်ပြုခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ကမ္ဘာပတ်၍ သံတမန်ခရီးစဉ်များ
သွားရောက် ကာ နိုင်ငံတကာမှ ချီးကျူးထောက်ခံမှုများနှင့် ဆုတံဆိပ်များ
လက်ခံရယူခဲ့ကြကတည်းက ပြုပြင်ပြောင်း လဲမှုအပေါ်
နိုင်ငံတကာ၏စိတ်အားထက်သန်မှုများ တဖြည်းဖြည်းဆိတ်သုဉ်းလာခဲ့ပါသည်။
ပြုပြင်ပြောင်း လဲမှုအတွက် အပြန်အလှန်အားဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရန်
မြန်မာစစ်ခေါင်းဆောင်တို့ ကတိ က၀တ်ပြုခဲ့ကြသည်။ ယခုအခါတွင်မူ ၎င်းတို့သည် ၂၀၁၅
တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား အတိတ်ကိုတမ်းတပြီး
သံယောဇဉ်မကုန်တတ်သေးသလို တစ်ဖက်ကလည်း အနာဂတ်ကို စိုးရိမ်မှုမကင်း သော
မျက်လုံးတို့ဖြင့် ရှုမြင်နေကြတော့သည်။
အိမ်ခြံမြေဈေးနှုန်းများ
အဆမတန်မြင့်မားနေခြင်း၊ ပြုပြင်ပြောင်းလဲရေးကာလမတိုင်မီကဲ့သို့ပင်
နိုင်ငံရေးဝေဖန်သူများအား ထိန်းချုပ်လာခြင်း၊ သိမ်းဆည်းခံလယ်ယာမြေများ
ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်သူများနှင့် ဂျာနယ်လစ်များအား
ဖမ်းဆီးခြင်းတို့ကိုလည်း ယခုအခါ မကြာခဏပြုလုပ်လာခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများထောက်ပံ့ကူညီပေးရေးအဖွဲ့ AAPP ၏ ပြောကြားချက်အရ
သမ္မတဦးသိန်း စိန် ကတိပြုထားသကဲ့သို့ နိုင်ငံရေးအကျဉ်းသားအားလုံး
အကျဉ်းထောင်များမှ လွတ်မြောက်သေးခြင်း မရှိ သေးချေ။ အစိုးရ၏ အုပ်ချုပ်မှုသည်
အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် တပ်မတော်ခေါင်းဆောင်အကြီးအကဲများ
ပြောကြားခဲ့သည့် `စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ` ခေါ် သေချာရေရာမှုမရှိသော
ဝိုးတ၀ါးအခြေအနေ ထဲသို့ ညင်သာစွာ ဦးတည်ရွေ့လျားလျှက် ရှိနေတော့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ကတည်းကပင်
စစ်ခေါင်းဆောင်များ သည် သူမအား သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသည့်ဥပဒေသစ်ကို
ရေးဆွဲထားခဲ့ကြသည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် သူမကို
ထောက်ခံအားပေးခဲ့သည့် များစွာသောပြည်သူများသည် စစ်ဗိုလ်ချုပ်ကြီးများအား
နာမည်ကျော်ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးကို ပြန်လည်အမှတ်ရစေသည်ဟု ၎င်းတို့က
ဆိုကြသည်။ ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးနေသော လူထုကြီးသည်
၎င်းတို့အား သွေးပျက်ချောက်ခြားစေပါသည်။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့်တိုင်
၎င်းတို့အား နှစ် ပေါင်းများစွာတိုင်အောင် ထိထိရောက်ရောက်
ဆန့်ကျင်ခုခံနိုင်ခဲ့သည့် မြန်မာပြည်၏ တစ်ဦးတည်းသော ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှုလျော့နည်းအောင် ဆောင်ရွက်နိုင်ခြင်း
မရှိချေ။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားနိုင်ငံရေးသမားများအား
၂၀၁၅ ရွေးကောက်ပွဲတွင် မိမိတို့ ၏ မဲဆန္ဒနယ်ထက် ကျော်လွန်ပြီး
မဲဆွယ်စည်းရုံးခြင်းမပြုရန် တရားဝင်တားမြစ်ထားသည့်အတွက် မြန်မာ လူထုအပေါ်
ဒေါ်အောင်ဆန်းစုကြည်၏ လွှမ်းမိုးနိုင်မှုမှာ
များစွာကန့်သတ်ခန့်ရတော့မည်ဖြစ်ပေသည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ
ထိုကန့်သတ်ထားသည့်ဥပဒေကို လိုက်နာပါက အဆိုပါဥပဒေကို အသက်ဝင်အောင်
အားဖြည့်ပေးသလို ဖြစ်စေပါလိမ့်မည်။ ထို့အတူ သူမသာ နိုင်ငံအနှံ့
မဲဆွယ်စည်းရုံးပါက သူမနှင့် NLD အမတ်များအား လူထုထောက်ခံမှုမရအောင်
ကန့်သတ်ထားသည့် ယင်းဥပဒေ ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းကြည်အနေဖြင့် မည်သို့ပြုမူလှုပ်ရှားသည်ဖြစ်စေ
အစိုးရ၏တုံ့ပြန်မှုသည် လက်ရှိနိုင်ငံခေါင်းဆောင်များ လိုလားသည့်
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီိကို အားဖြည့်အသက်သွင်းရာရောက်မည်ပဲ
ဖြစ်ပါသည်။
NLD ပါတီအတွက် မဲဆွယ်စည်းရုံးပေးခြင်းမပြုနိုင်ရန်
သူမအား ကန့်သတ်လိုက်ခြင်းသည် သူမ၏ သြဇာအရှိန်အ၀ါကို ကန့်သတ်လိုက်ခြင်းပင်
ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရေးအရ သူမအနေဖြင့် နေအိမ် အကျယ်ချုပ်လည်း
ကျသွားနိုင်ပေသည်။ ဒေါ်အောင်ဆန်းစုကြည်အား အဓိကနိုင်ငံရေးစက်ဝန်းမှ ဖယ်ကြဉ်
ပထုတ်ရန် ဆောင်ရွက်ခြင်းသည် ပြည်တွင်းသာမက ဒေသတွင်းရေးရာများအပေါ်တွင်ပါ
သူမ၏ သြဇာ လွှမ်းမိုးနိုင်မှုကို ကွယ်ပျောက်သွားစေနိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ အသက်အရွယ်အိုမင်းလာ ပြီဖြစ်သဖြင့် စစ်တပ်ကို
အတိုက်အခံပြုရာတွင် သူမလို ထင်ပေါ်ကျော်ကြားသည့် အမျိုးသားခေါင်းဆောင်
ထွက်ပေါ်လာခြင်း မရှိသေးသည့် NLD ပါတီအနေဖြင့်
ထာဝရပြိုလဲသွားနိုင်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရ နိုင်ခြေ ရှိနေပါသည်။
ဒေါ်အောင်ဆန်းစုကြည်၊ သူမ၏ ပါဝင်များနှင့် သဘောထားတူညီသော ထောက်ခံသူများသည်
ဒီမို ကရက်တစ်ဆန်သော လွတ်လပ်မှုကို အသုံးချကာ ကြီးမားသောတိုးတက်မှုတစ်ရပ်ကို
ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ယင်းမှာ သူမအား သမ္မတဖြစ်ခွင့်ကို
တားဆီးထားသောဥပဒေကို ပြင်ဆင်ရေးအတွက် အစိုးရကို တင်ပြရန်
ပြည်သူလူထုသန်းပေါင်းများစွာက ရေးထိုးထားသည့် လက်မှတ်များကို
စုစည်းနိုင်ခဲ့ခြင်း ဖြစ်ပါ သည်။ အဆိုပါဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏
သားနှစ်ဦးမှာ မြန်မာနိုင်ငံသားများ မဟုတ်သဖြင့် သူမ အနေဖြင့်
သမ္မတဖြစ်ခွင့်မရှိချေ။
လက်ရှိမြန်မာ့ခေါင်းဆောင်များအနေဖြင့်
မြန်မာပြည်သူလူထု၏ အသံကို နားထောင်မှာပါလား။ သို့ တည်းမဟုတ်
မြို့တော်ရန်ကုန်နှင့် မန္တလေးမြို့များကို ဧရာမစီးပွားရေးဇုန်များအဖြစ်
အသွင်ပြောင်းပစ်ရန် စီမံနေကြသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများ၊ IMF နှင့်
အခြားပြည်ပရင်းနှီးမြှုပ်နှံသူများ၏ အသံကိုသာ နား ထောင်မှာပါလား။
ကမ္ဘာ့လူဦးရေအထူထပ်ဆုံး သုံးနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့်
အင်ဒိုးနီးရှားနိုင်ငံများအကြား သိုက်မြုံဖွဲ့တည်ရှိနေသော လူဦးရေ
သန်းပေါင်း ၃၀၀ ကျော်ရှိသည့် အရှေ့တောင်အာရှ၏ ပင်မနိုင်ငံများ သည်
မြန်မာပြည်၏ ထူးကဲသော ထိုအပြောင်းအလဲအတွက် အသင့်ပြင်နေကြပြီ ဖြစ်သည်။
အမှန်စစ်စစ် ရန်ကုန်နှင့် မန္တလေးမြို့တော်များသည် ပင်မအာဆီယံ၏
ကြိုတင်စီစဉ်ထားသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံများကို ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊
မလေးရှား၊ စင်္ကာပူနိုင်ငံများနှင့် ကားလမ်း၊ ရထားလမ်းများဖြင့်
ချိတ်ဆက်နိုင်ရန်အတွက် မြန်မာသည် ဖြတ်သန်းသွားရမည့်နိုင်ငံတစ်ခု ဖြစ်ပေသည်။
လက်ရှိအချိန်တွင် အာဆီယံပင်မ,ရှိ မည်သည့်နိုင်ငံတွင်မျှ ဒီမိုကရေစီနည်းကျ
ရွေးချယ်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် မရှိသေးချေ။ မြန်မာပြည်တွင်သာ
ခန့်ငြားလောက်ဖွယ်ကောင်းသည့် အတိုက်အခံတစ်ဦး ရှိနေပါသည်။
သို့တိုင် နိုင်ငံတကာခေါင်းဆောင်များနှင့် အကြီးအကဲများအနေဖြင့်
ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်မျှလေးစားသည်ဖြစ်စေ စစ်တပ်မှ
အငြိမ်းစားယူထားသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၊ လက်ရှိစစ်ဗိုလ်ချုပ်
များနှင့်သာ ဆက်ဆံကြရုံမှလွဲပြီး အခြားရွေးခြယ်စရာ မရှိကြချေ။
မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည်
အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရန်နှင့် ၂၀၁၅
ရွေးကောက်ပွဲကိစ္စဆွေးနွေးရန် မြန်မာ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
အချို့ သော လေ့လာစောင့်ကြည့်သူများက မစ္စတာကယ်ရီအား အမေရိကန်မှ
စီးပွားရေးပိတ်ဆို့ထားဆဲဖြစ်သည့် စစ်တပ်အာဏာရှင်ခရိုနီတစ်ဦးပိုင်ဆိုင်သည့်
ဟိုတယ်တွင် တည်းခိုခဲ့သည့်အပေါ် မျှတမှုမရှိစွာ ဝေဖန်ခဲ့ကြ သည်။ အစိုးရနှင့်
ခရိုနီများလက်ထဲသို့ ငွေများရောက်မသွားစေဘဲ မြန်မာပြည်သို့
ခရီးသွားနိုင်သူဟူ၍ ယခင်ကရော ယခုအချိန်ထိပါ မရှိသေးပါ။ သို့ကြောင့်
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိလာစေရန် အခွင့်အလမ်းတစ်ခုကို
ဖန်တီးပေးနိုင်မည်ဆိုပါက ဂျွန်ကယ်ရီအနေဖြင့် မြန်မာပြည်ရှိ မည်သည့်နေရာတွင်
မဆို တည်းခိုအိပ်စက်နိုင်ပါသည်ဟု အပြုသဘောဆောင်စွာ ထောက်ပြနိုင်ပါသည်။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တည်းခိုခဲ့သည့်နေရာထက်
ပို၍အရေးကြီးသည့်အချက်မှာ ဒီမိုကရေစီကို တောင်းဆိုနေကြသည့်
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူလူထုအပေါ် အမေရိကန်၏
စဉ်ဆက်မပြတ်ထောက်ခံမှု ဖြစ်ပါသည်။ မြန်မာသည် ယင်း၏ နယ်နိမိတ်မျဉ်းများကို
ကျော်လွန်ပြီး နိုင်ငံတကာသို့တိုင် နိုးထလာပြီဖြစ်သဖြင့် မစ္စတာကယ်ရီမှ
ထိုအချက်ကို ရည်ညွှန်းဖော်ပြရန် မပျက်ကွက်ခဲ့ပါ။
ဂျွန်ကယ်ရီ၏
ခရီးစဉ်နှင့်ပတ်သက်ပြီး အရေးကြီးသည့်တစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အား
နေအိမ်တွင် သွားရောက်တွေ့ဆုံမည့် သူ၏အစီအစဉ်
လွဲချော်မလိုဖြစ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ `အမေ ရိကန်တို့
ဒေါ်အောင်ဆန်းစုကြည်ကို မေ့သွားကြပြီလော`ဟူသော မေးခွန်းကောင်းတစ်ခု ဧရာဝတီ
သတင်းဌာန၏ ဂျာနယ်လစ်ဖြစ်သူ ကိုကျော်စွာမိုးထံမှ ပေါ်ထွက်လာခဲ့ပါသည်။ အဆိုပါ
ဆောင်းပါးတွင် ရေးသားထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။
`ယခင်ကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် တစ်စုံတစ်ခုပြောလျှင်
ကမ္ဘာ့ခေါင်းဆောင်များ နားထောင်ခဲ့ကြသည်။ ၎င်းတို့၏ မူဝါဒများတွင်
သူမ၏စကားလုံးများ ရောင်ပြန်ဟပ်ခဲ့ပါသည်။ ယခုတွင်မူ အခြေအနေများ
ပြောင်းလဲသွားခဲ့ချေပြီ။ ယနေ့အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတကာ
အသိုင်းအ၀ိုင်းအတွက် သင်္ကေတမျှသာ ဖြစ်လာနေပြီး ၀ါရှင်တန်နှင့် အခြားသော
အနောက်နိုင်ငံအစိုးရများ အနေဖြင့် သမ္မတဦးသိန်းစိန်ကို ပို၍လိုအပ်လာနေပြီ
ဖြစ်သည်။ သံတမန်များသည် အဆိုပါနိုဘယ် ငြိမ်းချမ်းရေးဆုရှင်နှင့်
သွားရောက်တွေ့ဆုံရန် ပျက်ကွက်ခြင်းမရှိသော်လည်း ယင်းသို့ တွေ့ဆုံခြင်းမှာ
တစ်စထက်တစ်စ လောက၀တ်သဘော ပို၍ဆန်လာနေပါသည်။`
စင်စစ်တွင်မူ
ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရခေါင်းဆောင်တစ်ဦး မဟုတ်သည့်တိုင် လက်ရှိ
အစိုးရ၏ သြဇာလွှမ်းမိုးမှုအရှိဆုံး အတိုက်အခံတစ်ဦး ဖြစ်ပါသည်။ သူမသည်
သင်္ကေတပြယုဂ်သက်သက်မျှ သာ မဟုတ်ပါ။ ဂျွန်ကယ်ရီ၏ ခရီးစဉ်သည် ယင်းအချက်ကို
အမှန်တကယ် ထင်ဟပ်ခဲ့ပါသည်။
အမေရိကန်ဦးဆောင်သည့် ပိတ်ဆို့မှုများကို
ဖယ်ရှားပေးရန် ဒေါ်အောင်ဆန်းစုကြည်မှ လူသိ ရှင်ကြား ထောက်ခံခဲ့မှုမှာ
လိုအပ်ချက်ကြောင့်သာ ဖြစ်ပါသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ ၂၀၁၅ တွင်
သမ္မတဖြစ်မလာနိုင်လျှင် သူမအနေဖြင့် ယခင်အတိုင်း ဆက်လက်အရေးပါနေဦးမလား
ဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လှသည့်
အာဆီယံနိုင်ငံများနှင့် စီး ပွားရေးအရထိတွေ့ဆက်ဆံရန်
အရေးတကြီးလိုအပ်လာနေသည့်အတွက် အနာဂတ်တွင် သူမ၏အခန်း ကဏ္ဍမှာ ယခင်ကထက်
နည်းပါးကောင်း နည်းပါးလာနိုင်ပါသည်။
စိတ်ကူးယဉ်ဆန်သည့်အနာဂတ်အမြင်
(Utopic Vision) ဖြင့် ကြည့်ပါက ဒီမိုကရေစီမြန်မာပြည်၏ အနာဂတ်မှာ
ကောင်းမွန်လှပါ၏။ သို့နှင့်တိုင် လက်ရှိပစ္စက္ခအခြေအနေများမှာ မြန်မာပြည်၏
အံ့အားသင့် ဖွယ်ကောင်းလောက်အောင် ရှုပ်ထွေးလှသည့် ဇာတ်လမ်းတစ်ပုဒ်ကို
လှစ်ဟဖော်ပြနေပါသည်။ သန်းနှင့်ချီ သော မြန်မာပြည်သူပြည်သားများမှာ
တစ်နေ့နှင့်တစ်နေ့ ရှင်သန်ရပ်တည်နိုင်ရန် ရုန်းကန်နေကြရသည်။ မြန်မာပြည်၏
များပြားလှသော ပြဿနာများအတွက် လွယ်ကူရိုးစင်းသောအဖြေများ ရှိမနေခြင်းမှာ
ဝမ်းနည်းဖွယ်ကောင်းလှသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ
သမ္မတဖြစ်ခဲ့မည်ဆိုလျှင် လူထု၏ မျှော်လင့်ချက်များမှာ
သူစွမ်းဆောင်နိုင်သည်ထက် အဆမတန်ပိုများနေပါလိမ့်မည်။
သမ္မတဖြစ်ခွင့်
တားမြစ်ခံရပါက ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လာနိုင်သည့် နည်းလမ်းတစ်ရပ်မှာ
ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း ဖြစ်ပါလိမ့်မည်။ ထိုမှတဆင့်
လူထုဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက အကြမ်းဖက်မှုများ ဖြစ်ပွားကာ
နိုင်ငံမငြိမ်သက်မှုဆီသို့ ဦးတည်သွားစေနိုင်ပါသည်။
မြန်မာစစ်ခေါင်းဆောင်များသည် မိမိပြည်သူလူထုကို အစုလိုက်အပြုံလိုက်
သတ်ဖြတ်ရန်၊ ထောင်သွင်းအကျဉ်းချရန် လွန်စွာ စိတ်အားထက်သန်လှသည်ကို
သမိုင်းနှင့်ချီကာ သက်သေပြပြီး ဖြစ်သည်။ လူထုဆန္ဒပြပွဲများကို အစိုးရဘက်မှ
မတုံ့ပြန်ခြင်း သို့မဟုတ် နှိမ်နှင်းခြင်းများ မရှိပါက ရွေးကောက်ပွဲကို
သပိတ်မှောက်ခြင်းမှာ အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် မြန်မာအနေဖြင့်
အတိတ်ကကဲ့သို့ စစ်တပ်၏ အကြမ်းဖက်တုံ့ပြန်မှုများ တစ်ကျော့ပြန်လာမည်ကို
ရှောင်ရှားနိုင်ဖို့အတွက်ဆိုလျှင် လက်ရှိ ပြုပြင်ပြောင်းလဲရေးများသည် ဘာမျှ
မလုပ်ခြင်းထက် ပိုကောင်းပါသလားဟု မေးခွန်းထုတ်ရတော့မည် ဖြစ်ပါသည်။
မြန်မာပြည်၏ တစ်စုံတစ်ရာသော တိုးတက်မှုများသည် အနာဂတ်တိုးတက်မှုဆီ
ဦးတည်နေသည့် အောင်မြင်မှုဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်
ကြေညာနိုင်မည့်အချိန်မှာ တဖြည်းဖြည်း နီးကပ်လာနေနိုင်ပါသည်။ သို့နှင့်တိုင်
နေပြည်တော်မှ ခေါင်းဆောင်အချို့သည် စီးပွားရေးတိုးတက်မှုများကို
ခွင့်ပြုပေးနေသော်လည်း ပြုပြင်ပြောင်းလဲမှုမတိုင်မီ
နိုင်ငံရေးအုပ်ချုပ်မှုအသွင်ကို ပြန်လည်ကျင့်သုံးလာနေကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲကို သပိတ်မှောက်လာခဲ့လျှင် စစ်တပ်၏
ဝမ်းတွင်းပါ ထိုအမူအကျင့်သည် လူထုဆန္ဒပြပွဲများ ဖြစ်ပွားလာအောင်
ဖိအားပေးစေ့ဆော်သလို ဖြစ်လာနိုင်ပါသည်။ ထောင်ပေါင်းမျာစွာသော
နိုင်ငံရေးအကျဉ်းသားဟောင်းများသည် နိုင်ငံရေးတက်ကြွ လှုပ်ရှားမှုများအတွက်
ထပ်မံအပြစ်ပေးခံရမည်ကို ကြောက်ရွံ့နေမည် မဟုတ်ကြချေ။ အတိတ်ဖြစ်ရပ်ဆိုးများ
တစ်ကျော့ပြန်လည်လာမည်ကို မြန်မာပြည်သူ တစ်ဦးတစ်ယောက်ကမျှ
လိုလားခြင်းမရှိသည်ကို လက်ရှိအစိုးရခေါင်းဆောင်များ ရှင်းလင်းစွာ
သိရှိထားဖို့ လိုပါသည်။ တပ်မတော်အနေဖြင့် မြန်မာပြည်သူလူထု၏ လည်ပင်းအား
ညှစ်ထား မှုကို ဖြေလျှော့ပေးပြီး အရပ်သားအုပ်ချုပ်မှုကို ယခုထက်
ပိုမိုခွင့်ပြုသွားရန် စိတ်ဆန္ဒရှိပါရဲ့လား။
လက်ရှိအစိုးရခေါင်းဆောင်များအနေဖြင့် ဂျာနယ်လစ်များ၊
လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒ ထုတ်ဖော်သူများနှင့် နယ်စပ်ဒေသရှိ
တိုင်းရင်းသားအချို့ကို ဖမ်းဆီးအကျဉ်းချမှုများ မရပ်သ၍
ဒေါ်အောင်ဆန်းစုကြည်သည် သူ့အားထောက်ခံသည့် မြန်မာပြည်သူလူထုကို
ဈေးဝယ်ကုန်တိုက်များ၊ ဈေးဆိုင်များ လောက်နှင့် အလျှော့ပေးပြီး
ချွေးသိပ်လိမ့်မည် မဟုတ်ချေ။ မြန်မာအနေဖြင့်
အခြေခံလူ့အခွင့်အရေးပြဿနာများကို ဖြေရှင်းရန်၊ ဆင်းရဲမွဲတေသူများ၊
ပညာမတတ်သူများ၊ ဆာလောင်ငတ်မွတ်နေသူများနှင့် အိမ်ခြေမဲ့များ
ရင်ဆိုင်ခံစားနေရသည့် ဘ၀ဒုက္ခများကို အဆုံးသတ်ချေဖျက်ပေးရန်နှင့်
ကလေးစစ်သားများ တပ်မတော်မှ ပြန်လည်နှုတ်ထွက်နိုင်စေရန် စသည့်ပြဿနာများ
ဖြေရှင်းနိုင်ရေးအတွက် အဖြေများ လိုအပ်လျှက် ရှိနေပါကြောင်း။
လင်းလင်း(ကညက)
(Daniel Opacki ၏ Will Myanmar’s Reforms Sideline Suu Kyi’s Political
Influence? ကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။)
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment