– ရွှေကူမေနှင်း
မြန်မာနိုင်ငံမှာလည်း ကြီးမြတ်သော
ပုဂိ္ဂုလ်များရှိခဲ့ကြ၏ … မှတ်တမ်းမှတ်ရာ အဖြစ်စာအုပ်များ၊ ဓာတ်ပုံများသာ
ကျန်ရစ်သည် … လှုပ်ရှားမှု ရုပ်သံမှတ်တမ်း မရှိချေ… ဤဟာကွက်ကို
သတိထားမိသူရှားပါသည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာကျော် စာရေးဆရာကြီးများ၊ နိုင်ငံရေးသမားကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတိ္တ
မှတ်တမ်းရုပ်ရှင်ကားများကို ကြည့်ခဲ့ဖူးပါသည်။ ၎င်းတို့ အသက်ထင်ရှား ရှိစဉ်က
ပုံရိပ်များ၊ လှုပ်ရှားမှုများ၊ စွမ်းဆောင် ချက်များနှင့်တကွ ၎င်းတို့ကို
သိမီလိုက်သော ယခုလက်ရှိလူများကိုပါ တွေ့ဆုံမေးမြန်း အတည်ပြုချက်ယူပြီး
မှတ်တမ်းတင် ကြ ခြင်းဖြစ်သည်။ ကျန်ရစ်ခဲ့သော လက် ရာများ၊ ဇာတိမြေ၊
နေထိုင်ခဲ့သော အိမ်၊ မိသားစုစသည့် ကိုယ်ရေး အချက်အလက်များကိုလည်း
ထည့်သွင်းခဲ့ကြ၏။ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တများရှိသော်လည်း စာအုပ်ဖြစ်နေ၍
အချိန်ကြာကြာ ဖတ်ရခြင်း၊ အချို့မှာ မှန်ကန်ခြင်းမရှိဘဲ ဖုံးကွယ်မှု၊၀င့်
ဝါမှု၊ ဖန်တီးမှုများပါနေသဖြင့် သမိုင်း အမှား ဖြစ်နေတတ်သည်။ အခြားသူများက
ရေး ပေးသောအခါမှာလည်း ““ဘုံခန်းလည်း မြှောက်လွန်းသည်”” ဆိုသော စကားကဲ့သို့
အကောင်းတွေချည်း ပါတတ်ကာအမှန်များ ကျန်ရစ်တတ်၏။…
မည်သို့ဆိုစေလောကအား တစ်စုံတစ်ရာ အကျိုးပြုခဲ့ဖူးသော စာပေပညာရှင်များ၊
သမိုင်းပညာရှင်များ၊ နိုင်ငံရေး ပညာရှင်များ၏ အတ္ထုပ္ပတိ္တကိုရနိုင်သမျှ
မှတ်တမ်းတင် ထားရန်လိုပါသည်။ နှောင်းလူတို့ အတွက် ရှောင် ရန် ဆောင်ရန်
သင်ခန်းစာဖြစ်နိုင် ပါသည်။ အတတ်နိုင်ဆုံး စုစည်းနိုင်လေ အကျိုးရှိလေဖြစ်၏။
မြန်မာနိုင်ငံမှာလည်း ကြီးမြတ်သော ပုဂိ္ဂုလ်များရှိခဲ့ကြ၏။ မှတ်တမ်းမှတ်ရာ
အဖြစ်စာအုပ်များ၊ဓာတ်ပုံများသာ ကျန်ရစ်သည်။ လှုပ်ရှားမှု ရုပ်သံမှတ်တမ်း
မရှိချေ။ ဤဟာကွက်ကို သတိထားမိသူရှားပါသည်။
ယနေ့ခေတ်တွင်ကား
နည်းပညာတိုး တက်လာခြင်း၊ အသံလွှင့်ဌာနများ၊ ရုပ်သံ ဌာနများ အပြိုင် အဆိုင်
ဖြစ်လာ ခြင်းများ ကြောင့် မှတ်တမ်းများကို စိတ်ကူးအမျိုးမျိုး ဖြင့်
တင်ပြနေကြလေသည်။ ထိုမှတ်တမ်း များအပြင် သက်ရှိစာရေးဆရာကြီးများ၏
အတ္ထုပ္ပတိ္တကိုမှတ်တမ်းတင် ရိုက်ကူးထုတ် လွှင့်နေပါပြီ။
ထုတ်လုပ်ရိုက်ကူးမည့်ဌာနက Forver Group ရုပ်သံဖြစ်ပြီး ထုတ်လွှင့်ပြသမည့်
လိုင်းက “Readers Channel” ဖြစ်သည်။ ဤစာရေး သူထံအတ္ထုပ္ပတိ္တ ရိုက်လိုကြောင်း
ဆက်သွယ်သောအခါ ရှေ့၌ဆရာကြီးနှစ်ဦး ရိုက်ကူးပြီး ခဲ့ပြီဟုသိရ၏။ ဤမတိုင်မီက
လည်း စာပေစကားဝိုင်း၊ စာပေဖန်တီးခြင်း စသဖြင့် ရိုက်ကူးခဲ့ဖူး၏။ ထုတ်လုပ်
သူများမှာ လူငယ်များချည်း ဖြစ်နေသည်။ ဆက်တင်သမား၊ မီးသမား၊ ကင်မရာသမား၊
အော်ဒီယိုခေါ် အသံဖမ်း ဆရာစသဖြင့် သူ့ တာဝန်နှင့်သူဖြစ်ရာအုပ်စုတစ်စု၌ည လူ
၁၀ ဦးခန့်ပါသည်။ ယခု အတ္ထုပ္ပတိ္တတင်ဆက် ခြင်းကို ““ဘ၀စာမျက်နှာများ”” ဟု
အမည် ပေးထားကြောင်း သိရ၏။ တစ်ပိုင်းလျှင် မိနစ်၃၀ နှင့်နှစ်ပိုင်းခွဲပြီး ၁
နာရီစာ ထုတ် လွှင့်မည်ဖြစ်သည်။
ကျွန်မက ရုပ်သံမပေါ်ခင် မြန်မာ့အသံမှာ
အမှုထမ်းခဲ့ပြီး ရုပ်သံပေါ်လာတော့လည်း ကိုယ်တိုင်သီဆို ရိုက်ကူးခဲ့
ဖူးသဖြင့် ခပ်အေးအေး၊ ခပ်ပေါ့ပေါ့ခံစားခဲ့၏။ သတင်းသမားလေးများကဲ့သို့
ပခုံးထမ်းကင်မရာ တစ်လုံးနှင့် လာမည်ဟု ထင်ခဲ့၏။ အိမ်မှာ
လာရိုက်မည်ဆိုသဖြင့် လက်တွေ့ကျကျ လုပ်မည်ဟု ယုံကြည်သော်လည်း
ကြီးကြီးမားမားဟု မထင်ခဲ့ပါ။
ကျွန်မ တိုက်ခန်း ၇ ထပ်သို့ သူတို့
ရောက်လာသောအခါ ချွေးရွှဲနေကြ သည်။ ရှေ့ဆုံးမှ ပရိုဂျူဆာ ဒါရိုက်တာ တက်လာ
ပြီး သူ့နောက် တွင် သေတ္တာကြီး၊ သေတ္တာငယ်တွေ ထမ်းလာသော လူက ၇ယောက်
တိတိဖြစ်၏။
ဧည့်ခန်း၌ ပစ္စည်းချကာ သူတို့သယ် လာသော ရေပုလင်းများကို
ဖွင့်သောက် ကြသည်။ မနက်စာ မစားရသေး ဟန်တူသော ကလေးတစ်ယောက်က လက်ထဲမှာ
ကောက်ညှင်းပေါင်းတွေ ကျွတ်ကျွတ်အိတ် နှင့် ထုတ်လာ သည်။ ကျွန်မလည်း အိမ်မှာ
ရှိနေသော အိုးဘဲဥနှင့် မုန့်ဟင်းခါးကို ထုတ်ကျွေးရ၏။
မုန့်ဟင်းခါးတစ်ပန်းကန် ကို ၄ယောက်စားနေပုံမှာ ဘုန်းကြီးကျောင်း
သားလေးများနှင့်တူပြီး ချစ်စရာကောင်း လှသည်။ ကြမ်းပြင် ကော်ဇော ပေါ်တွင်
ခြေပစ်လက်ပစ်ထိုင်ကြပုံက ကရုဏာသက်ဖွယ်ဖြစ်သည်။ သူတို့ကိုမြင်ရသည်မှာ
ညီအစ်ကိုအရင်း များနှင့် တစ်ထပ်တည်း ဖြစ်၏။ ဒါရိုက်တာ ““ကြည်မင်းထွန်း””
ကို ကိုကြည်ရေ အစ်ကိုကြီးရေ …နှင့် လေး စားကြ၏။ အချင်းချင်း စိုးကြီး၊
မျိုးကြီး၊ ဝေယံကြီးဆိုသော အခေါ်အဝေါ်တွေက ရင်းနှီးလှသည်။ အလုပ်ကိုမခိုမ ကတ်၊
ဖျိုး ဖျိုးဖျတ်ဖျတ်နှင့် ကောက်ကာငင်ကာ လုပ်လိုက်ကြရာ စောစော က
သေတ္တာကြီးများသည် မီးဆလိုက် ၆ခုဖြစ်သွားခဲ့ပြီ။ အော်ဒီ ယိုသမားက
ဘုရားစင်နားမှာ နေရာယူနေဆဲ။ ဒါရိုက်တာညွှန်ကြားချက်အရ မျိုးကြီး က ကျွန်မ
ဆိုဖာနောက်ရှိ ရေညှိအုတ်နံရံကို ပြက္ခဒိန်တစ်ခုဖြင့် ဖုံးအုပ်နေသည်။ ပစ္စည်း
တွေ၊ စာအုပ်စင်တွေ၊ ဓာတ်ပုံတွေ၊ ရွှေ့ကြ ပြောင်းကြ၊ ကင်မရာမြင်ကွင်းနှင့်
ချိန်ကြရသည်မှာ ၁ နာရီမကပေ။ သူတို့ရုံးခန်းမှာလို အသင့်ပြင်ပြီး
သားမရှိသောကျွန်မဧည့်ခန်း ကိုဆက်တင်ပြင်ကြရခြင်းဖြစ်၍ ကျွမ်းကျင် မှု
အထူးလိုအပ်၏။ လိုအပ်၍ ပြင်ခြင်းဖြစ်သော်လည်း သူတို့တပြုံးပြုံးနှင့်
မခိုမကတ်၊ တိုင်တိုင်ပင်ပင်၊ စိတ်ရှည်ကြပုံကိုကား၊ ကျွန်မ မအံ့သြဘဲ
မနေနိုင်ပါ။ ကလေးတွေ ရင့်ကျက်ကြပါပေတယ်…ဟု စိတ်ထဲမှ ကျေနပ်နေမိသည်။
ကင်မရာ ရှုထောင့်ယူပုံများကို ရုပ်သံမတိုင်မီ သင်တန်းပေးစဉ်က ကျွန်မ
တက်ရောက်သင်ယူခဲ့ဖူးပါသည်။ ယခု အပြင် ထွက်ရိုက်ရသော ကင်မရာများက ၃ ချောင်း
ထောက်လည်းပါသည်။ ရွေ့လျားလည်းပါ သည်။ လည်ပင်း လွယ်တာလည်း ပါသည်။ ကင်မရာသမား
၃ ဦး ညှိနှိုင်းနေကြပုံက ရုပ်ရှင်ကားကြီး ရိုက်ပုံထက်ပင် အသေးစိတ် နေ၏။
လူတစ်ယောက်ကို ရိုက်မည့်အရေး ဤမျှ သေချာလှပအောင် လုပ်နေခြင်း အတွက်
ချီးကျူးမိသည်။ ကင်မရာမှာက လည်း နံပါတ်တွေ၊ ဒီဂရီတွေနှင့်။ လူတွေ
ကလည်းပြည်ပသင်တန်းဆင်းတွေ ထင်ပါ ရဲ့ဟု တွေးမိရပါသည်။
ရိုက်မည့်အခန်းစဉ်များမှာ ပထမဆုံး ငယ်စဉ်ဘ၀။ ၎င်းနောက် စာပေနယ်ထဲ
ဝင်ရောက်လာပုံများကို အပြောဖြင့် စ၍ ရိုက်သည်။ ၁၀မိနစ် တစ်ကတ်ရ၏။
အဖြတ်အတောက် အမှားအယွင်းမရှိ။ ထမင်းစား ခဏနားကြသည်။
နောက်တစ်ခန်းကို
ဆက်တင်ပြောင်း ကြသည်။ ကျွန်မကိုလည်း အ၀တ်တစ်စုံ လဲခိုင်း၏။ အကြောင်း အရာ
ပြောင်းသွား တာကိုး။ နောက်တစ်ကတ် ၁၀မိနစ်ရ၏။
မပြီးသေးပါ။
စာရေးစားပွဲမှာ စာရေးပုံ။ ပြီးတော့ အိမ်ရှိ မြေးမလေး ကို မေတ္တာရပ်ခံပြီး
မိသားစုဝင်တစ်ဦး အနေ နှင့် စာရေး ဆရာအပေါ် သုံးသပ်ချက်ကို ရိုက်ယူသည်။
မြေးမလေးက ကိုယ်တိုင်ထုတ်လွှင့်နေသော Sky Net မှ အင်ဂျင်နီယာ ဖြစ်သော်လည်း
အရိုက်မခံဖူးသဖြင့် ၃-၄ ခါပြင်ရသည်။ ညနေ ၅နာရီထိုးသွားပြီ။ ၁၂နာရီတုန်းက
အောက်ဆင်း ထမင်းချိန်မှ အပ တစ်မိနစ်မှ
မနားကြရှာပေ။ချွေးရွှဲနေသော်လည်းအပြုံး မပျက်ကြ။ အလုပ်လုပ် နေရသည်ကို
ပျော်နေကြသည်။ လုပ်ငန်းခွင်ကို စိတ်ဝင်စားပြီး ပျော်ရွှင်ပါမှ ထုတ်လုပ်မှုက
ကောင်းမည် ဖြစ်၏။ သူတို့ ပျော်ရွှင်နေ၍လည်း အောင်မြင်ခြင်းဖြစ်မည်။
ကျွန်မ ရေးခဲ့သမျှ စာအုပ်၅၀လုံးကို တစ်အုပ်စီရိုက်ယူပြန်သည်။
““နောက်နေ့ အပြင်သွားတဲ့ အခန်းတွေ ရိုက်မယ်””
အားလုံး(၂)ရက် ပေးပါဟု ဆက်သွယ်ထားသဖြင့် ခေါင်းညိတ်ရ၏။
““မနက် ၉ နာရီကားကြိုပါမယ်။ အန်တီရိုက်ချင်တာတွေ စဉ်းစားထားပေးပါ””
ဒါရိုက်တာက ဤမျှသာ ပြော၏။ ကိုယ့်ဘာသာ စဉ်းစားရသည်။ ဘုရားသွား ဖူးရရင်
ကောင်းမယ်။ အငယ်နှစ် ယောက် ခေါ်မှပဲ။ ဒါပေမဲ့ သူတို့ကို မုန့်ကျွေးမယ်ပြော
မှလိုက်မှာ … အနောက်မုခ်မှာ စား သောက်ဆိုင် အသစ်များ ဖွင့်နေသည်။ သူ
တို့ကိုဘုရားဖူးပြီး မုန့်ကျွေးပါမည်။ ကြိုက် သလောက်စားပါဟု ကတိပေးရ
သေးသည်။
ကားလာခေါ်တော့ ချက်ချင်းမတက် ရသေးပါ။
တိုက်လှေကားပေါ်က
ဆင်းပုံ၊ လမ်း လျှောက်ပုံ၊ လမ်းကူးပုံ၊ လှုပ်ရှားမှုတွေ အားလုံး
သူတို့စိတ်ကူးကြခြင်းပါ။ ဘုရား ရောက်တော့လည်း ရွေ့လျား စက်လှေကား တက်ပုံကို
သူတို့က အရင်ပြေးတက်လိုက်၊ အရှေ့က ဆီး ရိုက်လိုက်။ လှေကားက ၃စင်းမို့
သူတို့မို့ စိတ်ရှည်ပလေဟု သြချမိ၏။ ဘုရားပေါ်ရောက်တော့ ပါလာသော ပန်းစည်းကို
ကြုံရာမုခ်မှာ လှူ၊ ရိုခိုး၊ ဒါဆို ပြီးပြီဟု ထင်ခဲ့ရာ မပြီးပါ။
မိသားစုနှင့်ဘုရား ရှိခိုးပုံ၊ အလှူငွေထည့်ပုံ၊ ပန်းလှူပုံ၊ ရေလည်း
သပ္ပာယ်လိုက်ပါဦးတဲ့။ အရိပ်ကောင်းကောင်းမှာ တရားမှတ်ပေးပါဦး တဲ့။ အတော်
ဦးနှောက်ပြေးသော ဒါရိုက်တာပေပဲ။
၁၂ နာရီထိုးမှ ဘုရားပေါ်က ဆင်းတော့
မြေး ၂ ယောက်ကို စားသောက် ဆိုင်မှာကတိအတိုင်း ကျွေးရ၏။ သူတို့ကို
လုံးဝကျွေး၍ မစားပါ။ ကျွန်မတို့စားသောက် ပုံကိုသာ ရိုက်ကြသည်။ (အားနာဖွယ်
ကောင်းလေခြင်း) ထို့နောက်မှာတော့ ကျွန်မ အတိုင်ပင်ခံ အယ်ဒီတာလုပ်သော
““စုံနံ့သာ”” မဂ္ဂဇင်းတိုက်မှာ တစ်ကတ်။ အောက် ထပ် စာအုပ်မိတ်ဆက်ပွဲ၌ မုဒိတာ
စကားပြောပုံတစ်ကတ်။ ဆရာမရဲ့မိတ်ဆွေ တွေလည်း ဆရာမအပေါ် သုံးသပ်ချက်
ရိုက်ချင်သည်ဆို၍ စာအုပ်မိတ်ဆက်ပွဲလာ အပေါင်းအသင်း များထဲမှ ၄ ယောက်ကို ၎
ကတ်။ (တစ်ယောက်လုပ်ငန်း တစ်ခုပြော ဆိုကြရာ တစ်ယောက်က ကျွန်မသည်
စိတ်ကောက်တတ်ကြောင်း …၊ သူ့ကို ပြန်ခေါ်တာ ၃ လပဲရှိသေးကြောင်း
ပြောသွားသေးသည်။ ဒါက အမှန်တွေပါပဲ)
ဒါလောက်ဆို အတော်စုံပြီဟု
ကျွန်မပြောရာ ဒါရိုက်တာက နည်းသေးသည်ဟု ပြော၏။ နောက်အပတ်၌ ““ရေး သူဖတ်သူ
ဆွေးနွေးပွဲ””ရှိ၍ လိုက်ရိုက်မည်ဟုဆိုသည်။ သန်ဘက်ခါလောက်
မြို့ထဲစာအုပ်ဆိုင် တွေ လျှောက် ကြည့်တဲ့အခန်းရိုက် ပေးပါဦးဟု
တောင်းဆိုသည်။ စာပေဟောပြော ပွဲအခွေတွေတော့ ရှိပြီးဖြစ်၍ မြို့အမျိုးမျိုး
ထဲမှ ကြိုက်တာ ကူးဖြတ်ထည့်ဖို့ ပြောရ ၏။ ဒါဆို ၁ နာရီစာရမည် ထင်သည်။
နိုင်ငံခြားတိုးရစ်များကို ဟိုတယ် ခန်း တစ်ခု၌
မြန်မာနိုင်ငံသမိုင်းအကြောင်း၊ ယဉ်ကျေးမှု စသည်တို့ကို အင်္ဂလိပ်လို
ရှင်းပြရသော အလုပ်လည်း ရှိသည်။ မိမိက အမျိုးမျိုးသော လောက၌ အနည်းနည်း
အဖုံဖုံကျင်လည်ရသည်ဖြစ်ရာ ၎င်းတို့အထဲမှ ကျန်ကောင်း ကျန်ရာ နောင်လာနောက်
သားများအတွက် အကျိုးရှိသည့် လှုပ်ရှားမှုမျိုး ကို ရွေးရမည်မို့ အတော်
စဉ်းစားရပါ သည်။ နိုင်ငံရေးလုပ်စဉ်က ထောင်ကျ ခဲ့သောအခန်းများကို
သူတို့မတောင်းဆို၍ တော်ပါသေးသည်။ ထောင်ထဲမှာ ရိုက်ခွင့် မရနိုင်။
စာရေးဆရာအတ္ထုပ္ပတိ္တမို့ စာပေ ကိစ္စများချည်း သီးသန့်မို့သာ သက်သာရာ ရတော့၏။
မည်သို့ဆိုစေ … သူတို့စိတ်ကူးကြိုး ပမ်းမှုကြောင့် မြန်မာနိုင်ငံမှ
စာရေးဆရာ များ၏ အတ္ထုပ္ပတိ္တမှတ်တမ်း ရုပ်ရှင် များကိုမူ သမိုင်းတစ်ခုအဖြစ်
ထိန်းသိမ်းနိုင်တော့မည်ဖြစ်ပေသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- www.facebook.com/myanmarherald
No comments:
Post a Comment