Monday, October 20, 2014

အိမ်ရှင်ပရိသတ် ကွင်းလုံးပြည့်အားပေးမှုက ကာတာအသင်းအတွက် ဖိအားရှိနေဟုဆို

အကြိုဗိုလ်လုပွဲအဆင့်တွင် အိမ်ရှင်မြန်မာအသင်းနှင့် တွေ့ဆုံနေသည့်အတွက် ပိုမိုခက်ခဲမည်ဖြစ်ပြီး ပရိသတ်များ၏ ကွင်းလုံးပြည့်အားပေးမှုကလည်း ဖိအားအနည်းငယ်ရှိကြောင်း ကာတာ ယူ-၁၉ အသင်းနည်းပြ Felix Sanchez  က ပြောသည်။

‘‘မြန်မာအသင်းက အသင်းလိုက်ကစားပုံနဲ့ စိတ်ဓာတ် ကောင်းတဲ့ အသင်းပါ။ အကြို ဗိုလ်လုပွဲစဉ်မှာ အိမ်ရှင်အသင်းနဲ့ ဆုံရတဲ့အတွက် ပိုခက်ခဲမှာပါ။ ကွင်းလုံးပြည့်လာရောက်အား ပေးတဲ့ ပရိသတ်တွေကလည်း စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ကျွန် တော့်အသင်းအတွက် ဖိအားရှိပါတယ်။ ဒါပေမဲ့ ဒီလိုအတွေ့ အကြုံတွေရှိထားတဲ့အတွက် ပြင် ဆင်ထားပြီးဖြစ်ပါတယ်’’ဟု ကာတာအသင်းနည်းပြကဆိုသည်။


မြန်မာ ယူ-၁၉ အသင်း၏ အဓိကရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပြီဖြစ်သော်လည်း အာရှ ယူ -၁၉ ပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်တွင် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

‘‘မြန်မာ ယူ-၁၉ အသင်းရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ဖလား ယူ-၂၀ ၀င်ခွင့်ရရှိထားပြီ ဖြစ်တဲ့အတွက် ဖိအားအများကြီး မရှိတော့ဘူးလို့ဆိုနိုင်ပေမယ့် လာမယ့်ပွဲစဉ်ကိုလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကာတာအသင်းအနေနဲ့ တစ် ဦးချင်းရော အသင်းလိုက်ပါ ကောင်းမွန်တဲ့ အသင်းဖြစ်တဲ့အတွက် ခက်ခဲမှာ အမှန်ပါပဲ’’ ဟု မစ္စတာဂတ်ကပြောသည်။

အာရှ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စုအဆင့်တွင် အီရန်အသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ထိုင်း အသင်းကို (၃-၀) ဂိုးဖြင့် အနိုင် ရရှိကာ ယီမင်အသင်းနှင့် ဂိုးမရှိ သရေကျခဲ့ပြီး အုပ်စုဒုတိယဖြင့် ကွာတားအဆင့်သို့ တက်ရောက်ခဲ့သည်။ ကွာတားအဆင့်တွင် မြန်မာအသင်းသည် ယူအေအီး အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ယူကာ အကြိုဗိုလ်လုပွဲအဆင့်သို့  တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ကာတာအသင်းသည် အုပ်စုအဆင့်တွင် မြောက်ကိုရီးယား အသင်းကို (၃-၁) ဂိုး၊ အိုမန် အသင်းကို (၂-၀) ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး အီရတ်အသင်းနှင့် တစ်ဂိုးစီ သရေကျကာ အုပ်စုပထမဖြင့် ကွာတားအဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ကာတာ အသင်းသည် ကွာတားအဆင့်တွင် တရုတ်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ယူကာ အကြိုဗိုလ် လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ် သည်။

မြန်မာနှင့် ကာတာအသင်းတို့၏ အကြိုဗိုလ်လုပွဲစဉ်ကို အောက်တိုဘာ ၂၀ ရက် ယနေ့ ည ၇ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

Credit - 7DAY DAILY

No comments:

Post a Comment