ရန်ကုန်၊ အောက်တိုဘာ ၂၄
စားသုံးသူများက ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အခွန်ပေးဆောင်ပြီးကြောင်း သိရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် အတွင်းရှိ စားသောက်ဆိုင် ဘောက်ချာများတွင် အမေရိကန်ပြည်ထောင်စုမှ မှာယူတင်သွင်းသည့် အခွန်နံပါတ် တံဆိပ်များကို ကပ်နှိပ်မည်ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
အဆိုပါ တံဆိပ်များကို ကျပ် ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ ဟူ၍ တန်ဖိုးအလိုက် သတ်မှတ်ထားပြီး စားသုံးသူက စားသုံးပြီး တန်ဖိုးအလိုက် ယင်းတံဆိပ်များကို ဝယ်ယူရမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
“အခွန်ဆောင်ပြီးကြောင်း သိအောင်လို့ပါ။ နောက်မို့ဆို အခွန်ဆောင်လား မဆောင်လားဆိုတာ ကျွန်မတို့ရုံးက သေချာမသိပါဘူး။ (ကျပ်) ၁၀,၀၀၀ ဖိုး စားသုံးတဲ့သူတွေက ၅၀၀ တန် တံဆိပ်ကို ဝယ်ယူရမှာပါ” ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး ဒေါ်ခင်ယမုံအောင်က ပြောဆိုသည်။
အဆိုပါ တံဆိပ်များကို အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင် လုပ်ငန်းများထံသို့ ဖြန့်ဝေပေးမည် ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ စတင်ပေးဆောင်ရမည် ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
စားသုံးသူများက ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အစားအသောက် သို့မဟုတ် ပစ္စည်းတစ်ခု ဝယ်ယူပြီးတိုင်း ပစ္စည်းတန်ဖိုး၏ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို စားသုံးသူများက အခွန်ပေးဆောင်ပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
“အရင်ကထက် စာရင်တော့ အခွန်ကောက်ခံတဲ့ ပုံစံက တိုးတက်လာပါပြီ။ ဒီလိုလုပ်တာ ကောင်းပါတယ်။ အရင်ကတော့ ပြည်တွင်းအခွန် အမှတ်တံဆိပ် ထုထားတဲ့ ဘောက်ချာတွေ သုံးရတာပါ။ အခုက တံဆိပ်လေးတွေ စားသုံးသူကို ပြန်ပေးရမှာပါ” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မြတ်မိုးက ဆိုသည်။
အချို့နိုင်ငံများတွင် ပစ္စည်းတစ်ခု၏ အမြတ်ငွေပေါ် ကုန်သွယ်ခွန်ဆောင်ရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပစ္စည်းအားလုံး၏ တန်ဖိုးပေါ်မှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရခြင်း ဖြစ်ကြောင်း Unique အီလက်ထရွန်နစ် ပစ္စည်းနှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်လုပ်ငန်းရှင် ဦးကျော်ဆန်းဦးက ပြောကြားသည်။
Credit - The Voice
No comments:
Post a Comment