Thursday, October 23, 2014

ဥပဒေပေါင်းတစ်ရာကျော်နှင့် ၀ိရောဓိများ

 
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)


ရာစုနှစ်ဝက်၏ အသစ်စက်စက် ပြည်ထောင်စုလွှတ်တော်က သုံးနှစ်ခွဲအတွင်း ဥပဒေပေါင်းတစ်ရာကျော်ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေများတွင် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသည့် ဥပဒေမည်မျှရှိ၍ အတည်မပြုမီ အများပြည်သူ သိရှိလေ့လာခဲ့ရသည့်ဥပဒေ မည်မျှရှိပါသလဲ။
အဆိုပါအရေအတွက်မှ အနည်းငယ်သော အရေအတွက်ကိုသာ ပြည်သူတို့က စိတ်ဝင်တစားရှိပြီး အချို့သောဥပဒေကြမ်းများကိုသာ အတည်မပြုမီ ပါဝင်ဆွေးနွေးခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဥပဒေအချို့ကို ကြိုတင်အကြံပြုခွင့်ရခဲ့သည်ဆိုသော်လည်း ဥပဒေအတည်ပြုဖြစ်ပါက မူလအကြံပြုချက်များနှင့် မည်မျှကိုက်ညီသည်ဆိုသည်မှာ ပြန်လည်ဆန်းစစ်ရမည့်အချက်ဖြစ်သလို ငါးခုထက်မပိုသော ဥပဒေများကိုသာ ပြည်သူများက အကြံပြုခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။
မိမိတို့နှင့် သက်ဆိုင်ရာဥပဒေတစ်ခုတွင် ယင်းသို့ကြိုတင်ဆွေးနွေးခွင့်ရရေးအတွက် ကြိုစားခဲ့ရသော်လည်း ဥပဒေပြုရေးအာဏာရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်မူ ထဲထဲဝင်ဝင် ဆွေးနွေးနိုင်ခွင့်မရခဲ့ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။
အချို့ဥပဒေများကို လွှတ်တော်က အတည်ပြုခဲ့ရာတွင် ပြည်သူများကန့်ကွက်နေသည်ကို လုံးဝမသိရှိဘဲ (သို့မဟုတ်) လျစ်လျူရှု၍ အတည်ပြုခဲ့သည်ဟုလည်း ယူဆကြသည်။
မီဒီယာလောကတွင် ဝေဖန်ကန့်ကွက်မှုများဖြင့် ဆူညံခဲ့သော ပုံနှိပ်မီဒီယာဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီးမှ အဆိုပါဥပဒေကို မီဒီယာလောကသားများက ကန့်ကွက်နေသည်ဟု မသိရှိခဲ့ကြောင်း လူထုကိုယ်စားလှယ်ဟု ယုံကြည်ထားသော အတိုက်အခံပါတီဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားခဲ့သည်။
အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင်လည်း အလုပ်သမားအဖွဲ့အစည်းများက သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ပါ ညှိနှိုင်း၍ ထောင်ဒဏ်ထည့်ပေးရန် တောင်းဆိုခဲ့ပြီး နိုင်ငံတော်သမ္မတကပါ ထောင်ဒဏ်သွင်းထည့်ပေးရန် လွှတ်တော်သို့ သဘောထားမှတ်ချက်ပေးပို့ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က လက်မခံခဲ့သည့်အတွက် အလုပ်သမားအဖွဲ့အစည်းများ လိုလားသော ထောင်ဒဏ်မှာ ဥပဒေတွင်မပါဝင်ခဲ့ပေ။
‘‘ကျွန်တော်က ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးချင်ပါတယ်။ ပြည်သူတွေရဲ့အသံကိုကော တကယ်ပဲနားထောင်ရဲ့လား။ မဲလိုချင်တုန်းကတစ်မျိုး၊ ထိုင်ခုံမှာနေရာရတော့တစ်မျိုး မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်’’ဟု အစိုးရ၀န်ကြီးဌာနက သဘောတူရန် ဆွေးနွေးနိုင်ခဲ့သော်လည်း လွှတ်တော်က လက်မခံခဲ့ပုံကို အလုပ်သမားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များဘက်ကလည်း ပြင်ပတွင် မည်သို့ဖြစ်နေသည်ကို ၎င်းတို့ကို အသိပေးမှသာ သိရှိနိုင်မည်ဟု ပြောကြားသလို ပြည်သူများကလည်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့တွေ့ဆုံဆွေးနွေးနိုင်ရေးမှာ မလွယ်ကူကြောင်း ပြောကြားခဲ့ကြသည်။
‘‘ကျွန်တော်တို့က အကြံပြုဖို့ဖိတ်ခေါ်တာ။ ပါဝင်ဆွေးနွေးနိုင်တယ်ဆိုပေမယ့် သူတို့ပြောတဲ့အချက်အကုန်လုံးကို လက်ခံတာ၊ မခံတာကတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့အပိုင်းပါ။ ကိုယ်စားလှယ်တွေက ဥပဒေကို ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွက် ပြုတာမဟုတ်ပါဘူး။ နိုင်ငံအကျိုးအတွက်ပြုတာပါ’’ဟု ပြည်သူများအကြံပြုသော်လည်း မအောင်မြင်ဆိုသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတုံ့ပြန်သည်။
မကြာမီရက်ပိုင်းကမှ အတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေတွင်လည်း ဥပဒေကြမ်းဆွေးနွေးစဉ်ကပင် ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများက တရားဝင်ကန့်ကွက်ခဲ့ပြီး ပညာရေးကို စိတ်ဝင်စားမည်ဟု ယူဆရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ချဉ်းကပ်ဆွေးနွေးသော်လည်း မျှော်မှန်းသည့်အတိုင်းမဖြစ်ခဲ့ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကဆိုသည်။
အထက်ပါဖြစ်စဉ်များက လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုကြား နားလည်မှုလွဲနေသည်ကို အထင်အရှားမြင်နိုင်သလို ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် ပြည်သူများ၏ဆန္ဒကို ထင်ဟပ်နိုင်ခြင်းမရှိဟုလည်း အဓိပ္ပာယ်သက်ရောက်စေသည်။
‘‘ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲကို လာတက်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အခုဒီမှာ ဘယ်လိုဖြစ်တယ်၊ ဘာတွေလဲဆိုတဲ့ ဥပဒေအကြောင်းအရာတွေကို ဆွေးနွေးပွဲမှာ မပါတဲ့သူတွေရော အားလုံးသိအောင်တော့ ကျယ်ကျယ်ပြန့်ပြန့် မပြောနိုင်ဘူးပေါ့။ ဒါအားနည်းချက်ဖြစ်သွားတာလား။ စဉ်းစားရမှာ’’ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါက်တာစိုးမိုးအောင်ကပြောသည်။
ဥပဒေတစ်ခုအဖြစ်သို့ ရောက်ရှိရန်အတွက် ပထမဆုံးအနေဖြင့် ဥပဒေကြမ်းတစ်ခုရေးဆွဲရမည်ဖြစ်၍ ဥပဒေကြမ်းကို သက်ဆိုင်ရာအစိုးရအဖွဲ့ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ ပြည်သူတစ်ဦးက ရေးဆွဲထားသည့် ဥပဒေဆိုပါက လွှတ်တော်ကိုယ်စားလှယ်မှတစ်ဆင့်ဖြစ်စေ လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်။ တင်သွင်းသောဥပဒေကြမ်းကို လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ ပို့ပြီးသည်နှင့် နိုင်ငံတော်ပြန်တမ်းတွင် ဥပဒေကြမ်းအဖြစ် ပါရှိရမည်ဖြစ်သည်။
ယင်းအချိန်မှစ၍ ပြည်သူများက ဥပဒေကြမ်းကို သိရှိခွင့်ရပြီး ဥပဒေကြမ်းပါ အချက်များကို ဆွေးနွေးလိုလျှင် သက်ဆိုင်ရာ ၀န်ကြီးဌာနများအဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးစားရမည် ဖြစ်သော်လည်း ဆွေးနွေးရေးလုပ်ငန်းစဉ်ကို တိကျစွာသတ်မှတ်ထားခြင်းမရှိပေ။
‘‘ဥပဒေကြမ်းတစ်ခုကို စဆွေးနွေးကတည်းက ကျွန်တော်တို့ သက်ဆိုင်ရာဝန်ကြီးဌာန၊ နောက်အဖွဲ့အစည်းတွေပါတယ်။ ၀ိုင်းပြီးဆွေးနွေးကြတယ်။ အကြိမ်ကြိမ်အခါခါ ညှိနှိုင်းတယ်။ ပြီးတော့ လွှတ်တော်မှာ အတည်ပြုတော့မှ ဟိုဟာဖြုတ်မယ်၊ ဒီဟာထည့်မယ် ဆိုတာတွေလည်းရှိတယ်။ အမှန်က စညှိကတည်းက အပြတ်ညှိရမှာ’’ဟု ဥပဒေကြမ်းများဆွေးနွေးရာတွင် ကြုံတွေ့ရသော အခက်အခဲများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကပြောသည်။
အစိုးရ၊ လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီးသည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို ကျောက်မျက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးတေဇကိုယ်တိုင် လွှတ်တော်သို့ လာရောက်၍ ပြန်လည်ပြင်ဆင်ပေးရန်အတွက် လွှတ်တော်ကော်မတီနှင့် ညှိနှိုင်းခဲ့ဖူးသည်။
သို့သော် ဦးတေဇကဲ့သို့ လွှတ်တော်သို့ လာရောက်ဆွေးနွေးရန်မှာ အမြဲတမ်းလွယ်သည့်ကိစ္စမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်များအား ကြိုတင်အကြောင်းကြား၍ ၎င်းတို့ပေးသော အချိန်တွင်သာ နေပြည်တော်လွှတ်တော်သို့ လာရောက်ရှင်းပြရခြင်းဖြစ်သည်ဟု လူထုအခြေပြုအဖွဲ့အစည်းများကဆိုသည်။
ဥပဒေများကို အတည်မပြုမီတွင် ဥပဒေပြုရေးက လူများနှင့် ဆွေးနွေးခြင်းမရှိဘဲ အတည်ပြုပြီးမှသာ ဆန္ဒပြခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်ခြင်းမဟုတ်ရကြောင်း၊ အကြိမ်ကြိမ်ဆွေးနွေးခွင့်ရရန် ကြိုးစားခဲ့ပြီး ဆွေးနွေးခွင့်ရရှိသော်လည်း လွှတ်တော်ဘက်မှ လက်မခံသည့် အကြောင်းအရာများနှင့် ချဉ်းကပ်သူ အလွဲများလည်းဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက တညီတညွတ်တည်း ဆိုကြသည်။
ကိုယ်စားလှယ်တွေထဲမှာ ဘယ်သူက ပညာရေးကို စိတ်ဝင်စားလဲဆိုတာ ကျွန်တော်တို့မသိနိုင်ဘူး။ ကျွန်တော်တို့ထင်တဲ့သူကို ပြောတဲ့အခါမှာ သူက ဒါကို တကယ်တမ်းစိတ်မ၀င်စားရင် ကျွန်တော်တို့ ချဉ်းကပ်မှုက လွဲတာပါပဲ’’ဟု ဒေါက်တာအာကာမိုးသူကဆိုသည်။
ဥပဒေပြုခွင့်မရှိသော သာမန်လူများသည် ဥပဒေတစ်ခုကို ပြင်ဆင်လိုပါက ဥပဒေပြုရေးအာဏာရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို ချဉ်းကပ်ရမည်သာဖြစ်သော်လည်း ကြုံတွေ့ဖူးသည့် အတွေ့အကြုံများအရ ချဉ်းကပ်သည့်ပုံစံမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူပုံစံဖြင့်သာ ဥပဒေပြင်ဆင်ရေးကို ဆွေးနွေးနေကြသည်ဟု နိုင်ငံရေးစာပေများရေးသားသူ စာရေးဆရာကျော်ဝင်းကပြောသည်။
လွှတ်တော်၏အလုပ်မှာ ဥပဒေပြုရေးဖြစ်ပြီး ပြည်သူတို့၏အသံကိုနားထောင်၍ ပြည်သူအကျိုးရှိစေမည့် ဥပဒေများပြဋ္ဌာန်းပေးနိုင်ရန် ကြိုးစားနေသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက စဉ်ဆက်မပြတ်ပြောခဲ့သည်။
‘‘ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့အကြံပြုချက်တွေကို ဘယ်လောက်အတိုင်းအတာထိပဲ လက်ခံမယ်ဆိုတာကို တရားဝင်ကန့်သတ်ထားတာမရှိဘူး။ သူတို့လည်းနားတော့ထောင်မှာပါ။ ဒါပေမဲ့ နောက်ဆုံးအဆုံးအဖြတ်ကတော့ အများစုပါတီရဲ့ မူဝါဒအပေါ်မှာ မူတည်တာပါ’’ဟု ဆရာကျော်ဝင်းက သုံးသပ်သည်။
သို့သော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပြည်သူများလိုချင်သည့်အချက်များ အောင်မြင်ရေးမှာ တက်ကြွလှုပ်ရှားသူပုံစံမဟုတ်ဘဲ စေ့စပ်ညှိနှိုင်းနိုင်ရန်လိုသည်ဟုလည်း ဦးကျော်ဝင်းက ထောက်ပြအကြံပြုခဲ့သည်။
အဓိကပြဿနာမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများ အမှန်တကယ် လိုချင်သော ကိုယ်စားလှယ်များကို မရွေးချယ်နိုင်ခဲ့သည့်အတွက် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့ကိုယ်စားလှယ်ဟု မယုံကြည်ဘဲ ပြဿနာများ ဖြစ်နေခြင်းသာ ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ယူဆကြသည်။
ပြည်သူများ အမှန်တကယ် အကျိုးရှိနိုင်ရေးအတွက် နောက်ရွေးကောက်ပွဲများမှစ၍ ပြည်သူ့အကျိုးကို အမှန်တကယ်လုပ်ပေးနိုင်သော ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရေးကိုသာ ပို၍အာရုံစိုက်ရတော့မည်ဟု ဥပဒေများပြင်ဆင်ရေး မအောင်မြင်ခဲ့သည့် တက်ကြွလှုပ်ရှားသူအသင်းအဖွဲ့များက ဆိုသည်။
‘‘နောက်ဆုံးတော့ လွှတ်တော်ထဲကို ပြည်သူတွေ တကယ်လိုချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မထည့်ပေးနိုင်ခဲ့တာကိုပဲ နောင်တရမိတယ်’’ဟု ပညာရေးကွန်ရက်အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောသည်။

Credit - 7DAY DAILY

No comments:

Post a Comment