– မြိုင်-တင်လှိုင်
NLD ရဲ့ ခေါင်းဆောင်များထဲက သမ္မတ
မဖြစ်လာဘူးဆိုရင် တိုင်းသူပြည်သားတွေ လိုလားတဲ့ ဒီမိုကရေစီစနစ်ဟာ အကောင်
အထည် ဖော်နိုင်မှာ မဟုတ်ဘူး … ပုဒ်မ ၅၉(ဃ) (စ)တို့နဲ့ ကန့်သတ်လို့မရတဲ့ NLD
ပါတီက ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုသူကား သူရဦးတင်ဦးပါ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● အန်တော့ခံပေါ့လို့ ပြောရမည်လား
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို တပ်မတော် အစိုးရက
သူ့နည်းသူ့ဟန်နှင့် လိုချင်သလို ပုံဖော်နိုင်မယ့် အစိုးရဖွဲ့ဖို့
ကျင်းပခဲ့ပါတယ်။ လိုချင်တဲ့ အစိုးရပုံစံကိုလည်း ဖော်နိုင်ခဲ့ပါတယ်။
အစိုးရဖွဲ့ပြီး မီဒီယာ လွတ်လပ်ခွင့် ပေးတဲ့အနေနဲ့ စာပေကင်ပေတိုင်လို့
အများသော စာပေလောကသားများက အမည် ပေးခြင်း ခံရတဲ့ စာပေစိစစ်ရေးအဖွဲ့ကို
ဖျက်သိမ်း ပေးခဲ့ပါတယ်။ ဒီတော့
စာပေတွေကို ရေးသားနေတဲ့ စာရေးဆရာတွေက
မြိန်ရေရှက်ရေဖြင့် ပွင့်လင်းလွတ်လပ်စွာ ရေးသားခွင့် ရ၍ ရေးလာကြပါတယ်။
ဒီလို အခြေအနေမျိုး ဒီမျှအချိန်လေးနဲ့ ရောက် လာလိမ့်မယ်လို့
မထင်မှတ်ကြပါဘူး။ အနှစ် ၅၀ ခန့် အောင့်ထား ခဲ့ကြရတဲ့ အောင့်လုံးကြီးတွေ
အန်ထွက် လာပါတော့တယ်။ အန်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာမှ မဟုတ်တာ။
အစားလွန်ရင်လည်း အန်တတ်တယ်။ အသောက်လွန်ရင်လည်း အန်တတ်တယ်။ အဲယားကွန်း
တပ်ထားတဲ့ ဇိမ်ခံကားကြီး ကားငယ်စီးရင်လည်း စီးနေကျမဟုတ်သူတွေ အန်တတ်တယ်။
အန်တော့ ကျောတွေ ထုတာခံရ၊ ရင်ဘတ်တွေ ထုတာခံရ၊ နှာဘူးနဲ့တေ့ပြီး နှာနှပ်
ခံရတော့တာပါပဲ။ ဒီမိုးဒီလေဒီလူတွေ အုပ်ချုပ်နေသမျှ ဘယ်တော့မှ
စာပေလွတ်လပ်ခွင့် ရမှာမဟုတ်ဘူးလို့ ထင်ခဲ့ကြတာ။ ခုတော့ လွတ်လပ်ခွင့်
ရကြလို့ လွတ်လပ်စွာ ရေး လာလိုက်ကြတာ၊ ဖွတ်ထွက်မှ တောင်ပို့မှန်း
သိကြတာပေါ့။ ဂျာနယ်လစ်အချို့၊ တရားစွဲခံရ၊ ထောင် ၁၀ နှစ်ထိ ကျခံရတာတွေ
ဖြစ်ကုန်ကြပါပေါ့လား။
● အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဘယ်သူထွင်မှ ရှင်းနိုင်မလဲ
ပြည်သူတွေ နေထိုင်ကြတဲ့ မြို့ကြီးတွေမှာ ဘာသာရေး အကြောင်းပြ၊ နိုင်ငံရေး
အကြောင်းပြနဲ့ ရိုက်ကြနှက်ကြ မီးရှို့ကြတွေ ဖြစ်လာပါတော့တယ်။ ဘာသာရေး
ကျောင်းတော်ကြီးဖြစ်တဲ့ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိုပင် ညအချိန်မတော်
သူပုန် (ယခင်ခေတ်အခေါ်) ၀င်စီးသလို အစိုးရ လက်နက်ကိုင် အဖွဲ့က ၀င်စီးပြီး
ကျောင်းရှိ ရဟန်းတော်များကို ဖမ်းဆီး၊ လူဝတ်လဲ၊ တရားစွဲတွေ
ဖြစ်ကုန်ကြလေပြီ။ အရက်သမား ဘုန်းကြီး ၀တ်သလိုပေါ့ဗျာ။ ညနေ နေညိုချိန်
ရောက်ရင် ဘုန်းကြီးဝတ်ကြီးနဲ့ အရက်ခိုးသောက် တော့ တာပါပဲ။ အကျင့်စရိုက်နဲ့
အမိုက်စိတ်က ရှိနေတာကိုး။ အဲသလိုတွေ ဖြစ်ကုန်တော့တာက တစ်မျိုး။ ၂၀၀၈
ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ချင်တာက တစ်မျိုး။
မြွေပူရာကင်းမှောင့် ဆိုသလို PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပချင်တဲ့
အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်ကလည်း အမြီးတထောင်ထောင်နဲ့ ဖြစ်လာပြန်တာက
တစ်မျိုး။ အမျိုးမျိုးသော ပြဿနာတွေကို အပြိုင်အဆိုင် ရှာလာ ကြလေတော့သည်။
အဲဒီ ပြဿနာကအစ အခြားသော အကောင်အထည် မဖော်နိုင်သည့် ပြဿနာများကြောင့်
အမယ်ဘုတ်ကဲ့ သူ့ချည်ခင် ဘယ်သူထွင် မရှင်းနိုင်မလဲ ဆိုပြီး နိုင်ငံတော်၏
အထွတ်အထိပ်ဖြစ်တဲ့ သမ္မတကြီးက ရှင်းရမှာဆိုတော့ သမ္မတလောင်းကြီးကို ၂၀၁၅
ရွေးကောက်ပွဲအမီ ကိုယ်တိုင် ဖွင့်ဟသူနှင့် ပြည်သူက ခန့်မှန်းသူတွေ
ပေါ်လာပါတယ်။
● ပြင်တော့ ပြင်မှာပါ။ ဒါပေမဲ့
နိုင်ငံတော်မှာ
ထင်ရှားတဲ့ ပုဂ္ဂိုလ်များထဲမှ ဒေါ်အောင်ဆန်းစုကြည်၊ သူရရွှေမန်းတို့က
ကိုယ်တိုင်ပင် သမ္မတ လုပ်ချင်ကြောင်း ဖွင့်ဟလာကြပါသည်။ လက်ရှိသမ္မတကြီး
ဦးသိန်းစိန်ကလည်း ကမ္ဘာလှည့်စဉ်ပင် ပြည်သူက ဆန္ဒရှိလျှင် သမ္မတ ဆက်လက်
လုပ်မည်ဟု ကမ္ဘာသိ ပြောကြား လာပါတယ်။ ဟောယခုလည်း အနီးကပ် အချိန်
စက်တင်ဘာလထဲမှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သမ္မတ ဖြစ်မည်ဟု
လွှတ်တော် အမတ်များထဲမှာ အသံထွက် လာပြန်ပါသည်။ ပြည်သူ့အသံ လွှတ်တော်အသံ၊
ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟု ကြွေးကြော် ထားသော လွှတ်တော်ကြီးထဲက လွှတ်တော်အသံက
ပဲအောင်မြင်မလား၊ ပြည်သူ့ အသံဖြစ်တဲ့ သမ္မတလောင်းကပဲ အောင်မြင်မလား
စောင့်ကြည့်ရန်သာ ရှိပါသည်။ သို့သော် ပြည်သူ့အသံဖြစ်တဲ့ ၂၀၀၈
ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)ကိုတော့ ပြင်ဖို့ လွှတ်တော်ထဲမှာ
လွှတ်တော်အသံ မဖြစ်လာဘူး လို့ ပြောနေ ပါပြီ။ ၂၀၀၈ အခြေခံ ဥပဒေကို
ပြင်တော့ပြင်မှာပါ။ နိုင်ငံတကာက ကြားကောင်းရုံ အသေးအမွှား ပုဒ်မတွေ
ပြင်ပြမည်ဟု ပြည်သူက ခန့်မှန်းနေကြပါသည်။ ဒီတော့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)
ပြင်ရန် မဖြစ်နိုင်တော့ဘူးဆိုရင် ၅၉(စ)နဲ့ ညီညွတ်တဲ့ NLD ထဲက
အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးကို ရွေးရပါမည်။ NLD ရဲ့ ခေါင်းဆောင်များ
ထဲက သမ္မတ မဖြစ်လာဘူးဆိုရင် တိုင်းသူပြည်သားတွေ လိုလားတဲ့ ဒီမိုကရေစီ စနစ်ဟာ
အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူးလို့ အများထဲက နိုင်ငံရေးအမြင် ရှိသူတွေက
ယုံကြည် နေကြပါတယ်။
● ကမ္ဘာ့အဆင့်မီ ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံကြီး တိုးတက်အောင် လုပ်နေပါတယ်ဆိုတဲ့ ပြီးခဲ့သော
အစိုးရများနဲ့ လက်ရှိ အစိုးရတို့ဟာ တိုးတက် အောင်လည်းကောင်း၊ အာရှမှာပင်
အခြားအစိုးရများလို ကမ္ဘာနဲ့ ရင်ပေါင် တန်းနိုင်အောင် မလုပ်နိုင်ဘူးဆိုတာ
မြင်နေရပါတယ်။ NLD ပါတီမှာ ကမ္ဘာ့အဆင့်မီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှိနေပါတယ်။ သူကလည်း ကမ္ဘာသိ ပြောထားတာ ရှိပါတယ်။ တိုင်းပြည်
ကောင်းစားရေးအတွက် အသုံးချတာ ခံပါ့မယ်လို့ (သူ့စကား အတိအကျတော့ မမှတ်မိပါ)။
ဒီတော့ကာ သူမသည် သမ္မတ လုပ်ချင်တယ်လို့ တိုင်းပြည် အကျိုးအတွက်
ပွင့်ပွင့်လင်းလင်း ပြောထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့်
မဖြစ်နိုင်ရင်၊ ပုဒ်မ ၅၉(စ) မပြင်ရင် သူမနဲ့ တစ်စိတ်တည်းရှိတဲ့ NLD ပါတီက
၅၉(စ)နဲ့ ကိုက်ညီတဲ့သူကို ရွေးကြရပါမယ်။ ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်
ဆိုသလို လုပ်မှဖြစ်ပါမယ်။ ပုဒ်မ ၅၉(စ)ရဲ့ ပြဋ္ဌာန်းချက်ကလည်း
အများသိပြီးသားပါ။ သို့ပေမဲ့ မသိသေးသူများ အတွက် တင်ပြပါရစေ။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရဲ့ အရည်အချင်း များထဲက ၅၉(စ)က
ဒေါ်စုကဲ့သို့သော ပုဂ္ဂိုလ်များအတွက် ခုလို ကန့်သတ်ထားတာပါ။ မိမိကိုယ်တိုင်
သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါး ပါသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ်
ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး သော်လည်းကောင်း၊
ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း
နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေမှု၊
သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏
နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူ များသည် နိုင်ငံခြား အစိုးရ၏
လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း
ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်
ရှိသူများ မဖြစ်စေရ”” ဆိုတာပါပဲ။ ဒီတော့ ဒေါ်စု၏ ခင်ပွန်းနှင့် သားများသည်
နိုင်ငံခြားသားဖြစ်ကြောင်း အများသိကြ ပါသည်။ ဒါအပြင် ၅၉(ဃ)မှာ နိုင်ငံရေး၊
အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး အမြင်များရှိရမည်ဆိုတော့ ဒေါ်စုက စစ်တပ်ထဲ
တာဝန် မထမ်းဖူးတော့ စစ်ရေး အမြင်မရှိဘူးလို့ လွယ်လွယ် ပြောလို့ရပါတယ်။
ဒါပေမဲ့ စစ်ရေးအမြင် လို့ဆိုတော့ စစ်တပ်ထဲ တာဝန် မထမ်းဖူးပေမယ့်
အမြင်ဆိုတာကတော့ ရှိလို့ရပါတယ်။ စစ်တပ်တွင် မည်သည့် အဆင့်ထိ တာဝန်ထမ်းဖူးသူ
ဖြစ်ရမည်လို့ မပြဋ္ဌာန်းထားလို့ တော်ပါသေးသည်။ မည်သို့ပင် ဆိုစေကာမူ
ဒီပုဒ်မ မပြင်လျှင် ဒေါ်စုသမ္မတ မဖြစ်တာ သေချာသည်။
● သမ္မတဖြစ်ဖို့ သူ့ကိုဘာလို့ ကန့်သတ်ထားသလဲ
ဒီနေ့မြန်မာပြည်မှာ ပြည်သူကိုစေတနာ၊ မေတ္တာ၊ အနစ်နာ၊ သည်းခံတာ၊
စွန့်လွှတ်တာ၊ စွန့်စားတာ (တိုက်ပွဲမှာ သေနတ်ချင်း တေ့ပစ်ကြလို့ သေရဲတာ
ချည်းမဟုတ်၊ လက်နက်မပါဘဲ သေနတ်နဲ့ ပစ်မယ်လို့ ကြိမ်းဝါးခံရပြီး
ယုံကြည်ချက်အတွက် သေနတ်ရှိရာ တိုးရဲတာလည်းပါသည်။) ကမ္ဘာမှာ ၀င်ဆံ့တာ၊ ကမ္ဘာ့
နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ယှဉ်၍ ဘာသာစကား အမျိုးမျိုး
ပြောနိုင်ပြီး စကားပြန်၏ ပြောသမျှ ယုံရတာမျိုး မဟုတ်ဘဲ အပြန်အလှန်
ပြောနိုင်တာ၊ အဲသလိုပြောနိုင်၍ မူရင်း ဆိုလိုချက်ကို မလွဲဘဲ သိနိုင်တာစတဲ့
အရည်အချင်းတွေနဲ့ ပြည့်စုံသူကို (မည်သူ့မဆိုကို) ဘာကြောင့် ကန့်သတ်
ထားရသလဲ။ တိုင်းပြည်ကို မတိုးတက်စေလိုလို့ လို့ပဲယူဆ ရတော့သည်။
● သမ္မတလောင်းရွေးကြစို့
ကဲ … ဆိုလိုရင်းကတော့ အမှန်တရားနဲ့ မဟုတ်မခံတာ၊ စစ်တပ်နဲ့ ပြည်သူ
ပါချစ်တာ၊ ထိုသူတွေဘက်က ရပ်တည်ခဲ့တာ၊ ပုဒ်မ ၅၉(ဃ) (စ)တို့နဲ့
ကန့်သတ်လို့မရတဲ့ NLD ပါတီက ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုသူကား သူရ
ဦးတင်ဦးပါပဲ။ ထိုသူသည် အသက်(၈၀) ကျော်သော်လည်း (၅-နှစ်) တာ ကာလအတွင်း
သမ္မတအဖြစ် စွမ်းဆောင် နိုင်ပါသေးသည်။ ပုဒ်မ ၅၉(ဂ)ပါ အသက်(၄၅)နှစ်
ပြည့်ပြီးသူလည်း ဖြစ်ပါသည်။ အသက်ကြီး တာကို မလုပ်ရဟု ကန့်သတ်ထားခြင်း
မပါပါ။ ကျန်းမာရေးတွင်လည်း နှလုံးအစားထိုး စက်တပ် ထားရသည်ဟု မကြားဖူးပါ။
ယခုအချိန်ထိ လူငယ်များနှင့် ရင်ပေါင်တန်း နိုင်သေးသည်ကို မျက်မြင်တွေ့
နေရသူဖြစ်ပါသည်။ ယခုသမ္မတကြီးလည်း အနားတွင်ပျာနေသော အနားပျာများဖြင့် ၎င်းတို့၏
အကြံ များယူကာ ကိုယ်ပိုင်ဉာဏ်ဖြင့် တိုင်းပြည် အုပ်ချုပ်နေခြင်း
ဖြစ်ပါသည်။
အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို သမ္မတလောင်းအဖြစ် လျာထားကြပါစို့။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment