ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီရှိ ကော့တောင် (လိပ်ကျွန်း) တွင် ဗြိတိသျှလူမျိုး နှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာတို့ အသတ်ခံရသည့် သတင်းကို ရုပ်မြင်သံကြားမှ ကြည့်ရပြီး မကြာမီ ထိုကျွန်းပေါ်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အဓိကထားပြီး စစ်ဆေးနေသည့် သတင်းများ နေ့စဉ် ကြားသိနေရလေသည်။ ထိုကျွန်းမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ခုနစ်ထောင်ခန့် ရှိသည်ဟု သိရသည်။ မျိုးဗီဇ (DNA) စစ်ဆေးခံနေသည့် မြန်မာ အလုပ်သမားများ၏ ပုံရိပ်ထဲမှာ သနပ်ခါး ပါးကွက်ကျားနှင့် မြန်မာ မိန်းကလေးတွေကိုပါ ထိုင်းရုပ်မြင်သံကြားတွင် တွေ့မြင်ရပါသည်။ ထိုသတင်းတွေ မြင်ရသည့်အခါ စိတ်ထဲကနေ ထိုလူသတ်မှုကို ကျူးလွန်သူတွေမှာ မြန်မာလူမျိုးတွေ မဟုတ်ပါစေနှင့်ဟု
ဆုတောင်းနေမိလေသည်။ အဘယ့်ကြောင့်ဆိုသော် လူသတ်မုဒိမ်းမှု ဖြစ်နေသည့် ဆိုးရွားလှစွာသော ဤရာဇဝတ်မှုကြီးကို မြန်မာလူမျိုးက ကျူးလွန်ခဲ့ပါက ကမ္ဘာ့အလယ်မှာ မျက်နှာမပြဝံ့အောင် အရှက်ရစေသည့်အပြင် လတ်တလော ကမ္ဘာက အာရုံစိုက်နေသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို များစွာထိခိုက်နိုင်သောကြော
ရခိုင်အရေး၊ မိတ္ထီလာအရေး စသည့်ကိစ္စများဖြင့် မြန်မာကို အကြမ်းဖက်သူများဟု ထင်မြင်နေသည့်အခိုက် ယခုကဲ့သို့သော ရာဇဝတ်မှုကို မြန်မာလူမျိုး တစ်ဦးဦးကများ ကျူးလွန်ခဲ့ပါက ရာဇဝင်တွင် ရစ်ပေတော့မည်။ သို့အတွက် မဟုတ်ပါစေနဲ့ဟု ဆုတောင်း နေရလေသည်။
မကြာမီ ရက်ပိုင်းမှာပင် ဖမ်းဆီး စစ်ဆေးခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို DNA မတူဟုဆိုကာ ပြန်လွှတ် ပေးသည့်သတင်းကို ကြားသိရလေသည်။ ထိုအတောအတွင်း တရားခံ ဖမ်းမိရေးအတွက် စုံစမ်းစစ်ဆေးနေသည့် သတင်းများကို မပြတ် ကြားသိရလေသည်။ ထိုင်းရဲချုပ်က အမှုကို စစ်ဆေးနေသည့် ရဲအဖွဲ့ကို နေ့စဉ် တစ်နာရီခြား တစ်ခါခန့် လူသတ်မှုနှင့် ပတ်သက်သည့် အခြေအနေကိုမပြတ် မေးမြန်းနေသည့်အပြင် ထိုင်းရဲချုပ်ကိုလည်း ထိုင်းဝန်ကြီးချုပ်က နေ့စဉ် မေးမြန်းသည်ဟု သိရလေသည်။ မကြာမီ မြန်မာအလုပ်သမား နှစ်ယောက်ကို ဖမ်းဆီးပြီး လူသတ်မှု ကျူးလွန်သည့် တရားခံများဟု သတင်းထုတ်ပြန်လိုက်လေသည်။
ထိုလူငယ်နှစ်ဦးမှာ ကနဦးက DNA စစ်ဆေးခဲ့ပြီး ဟန်နာ့ဆီမှာ တွေ့ရှိရသည့် DNA နှင့် ကိုက်ညီမှု မရှိဆိုကာ ပြန်လွှတ်ပေးခဲ့သည့် လူငယ်တွေ ဖြစ်လေသည်။ မြန်မာလူငယ် နှစ်ယောက်ကို တရားခံဟု ပြောဆိုလိုက်သည့်သတင်း ထွက်ပေါ်လာပြီးနောက် ထိုင်းဆိုရှယ် မီဒီယာနှင့်တကွ ကမ္ဘာအရပ်ရပ်ရှိ ဆိုရှယ်မီဒီယာများတွင် မဖြစ်နိုင်ဆိုသည့် ယူဆချက် ထင်မြင်ချက် ထောက်ပြချက်များနှင့် Scapegoats ဆိုသည့် တရားခံအဖြစ် အစားထိုးသည်ဆိုသော ပြောဆိုချက်များ ပေါ်ထွက်လာခဲ့လေသည်။ ဤသို့ဖြင့် ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း) ပေါ်က ဗြိတိသျှ လူမျိုးနှစ်ဦး အသတ်ခံရသည့် သတင်းသည် ကမ္ဘာ့သတင်းများတွင် ထိပ်တန်းရောက် သတင်းတစ်ခု အဖြစ်သို့ ရောက်ရှိ လာလေတော့သည်။
ထိုင်းနိုင်ငံမှ နာမည်ကျော် မှုခင်းဆရာဝန်ကြီး၏ တွက်ဆမှုများနှင့်အတူ CSI LA ( Critical Thinking = คิดอย่างมีวิจารณญาณ Skeptics = ช่างสงสัย Investigation = สืบสวน) ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် သုံးသပ်ထားချက်များက ပြစ်မှုကျူးလွန်သူဟု ယူဆနိုင်သည်များကို ခြေရာကောက် ပြထားသည်။ AC ဘားပိုင်ရှင်နှင့် သားဖြစ်သူတို့ကို အများအမြင်တွင် သံသယဖြစ်ဖွယ် အချက်အလက်များ ရှိနေပါလျက်နှင့် စုံစမ်းစစ်ဆေးခြင်း မရှိသည့် အနေအထားများကို ထောက်ပြထားလေသည်။
သို့သော် ထိုင်းအာဏာပိုင်တို့သည် ထိုင်းလူမျိုးတို့က ယခုလိုလုပ်ရပ်မျိုး မလုပ်ဆိုသည့် ကနဦး ထင်မြင်ချက်ကို ကိုင်စွဲကာ မြေနိမ့်ရာလှံစိုက် ဆိုသကဲ့သို့ ၎င်းတို့ ပြုလုပ်နေကျအတိုင်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုသာ တရားခံအဖြစ် ရွေးချယ်ခဲ့လေသည်။ စာမျက်နှာပေါင်း ၈၅၀ ကျော်ပါသည့် အမှုတွဲကို တရားရုံးသို့ တင်ခဲ့ရာ အမှုကို စွဲချက်တင်ရန် မပြည့်စုံဆို၍ ပယ်ချခံခဲ့ရာမှ အမှုကို ပြန်လည် တည်ဆောက်ပြီး တရားရုံးမှာ ရုံးတင် တရားစွဲရန်အတွက် ထိုင်းအစိုးရ ဥပဒေရုံးကနေ လက်ခံပြီး တရားလိုပြ သက်သေများကို စတင်စစ်ဆေးနေပြီ ဖြစ်သည်။ မြန်မာလူမျိုးတွေက ယခင်ကကဲ့သို့ မျက်လုံးပိတ် နားပိတ်နေရသည့် ဘဝမျိုး မဟုတ်ဘဲ အထိုက်အလျောက် လွတ်လပ်စွာ သတင်းများကို ဖတ်နေ မြင်နေ သိနေပြီဖြစ်ရာ ယခုအမှုအတွက် လွှတ်တော်မှာပါ အဆိုတင်သွင်းပြီး နိုင်ငံတော်အဆင့် လိုက်လံဖြေရှင်းနေပြီ ဖြစ်လေသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ထိုင်းနိုင်ငံရှိ လူမှုရေး အဖွဲ့အစည်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဝိုင်းဝန်းတွေ့ဆုံပြီး တရားခွင်မှာ တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်နေကြလေပြီ။
ထိုင်းဝန်ကြီးချုပ်နှင့်တကွ
နေ့စဉ်နှင့်အမျှ သတင်းမှာ တွေ့မြင်ရသည့် ထိုမြန်မာလူငယ် နှစ်ယောက်ကို တွေ့ရသည့်အခါ အင်မတန် စိတ်မကောင်းကြီးစွာ ဖြစ်ရသည်ဖြစ်ရာ သူတို့မိဘတွေကို စာနာမိလေသည်။ ကလေးတွေ၏ မိဘတွေကို ထိုင်းနိုင်ငံသို့ ခေါ်ယူဖို့ မြန်မာလူငယ်များဘက်မှ လိုက်ပါဆောင်ရွက် ပေးမည့် ထိုင်းရှေ့နေက အကြံပြုရာ မိဘများ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြပေပြီ။
ဒီအမှုအခင်းကို မြင်ရာက စာရေးသူသည် တရားဥပဒေနှင့် လူတွေ၏ မတရားသော လုပ်ရပ်များကြောင့် ဘဝသေ ဘဝနာကြရသည့် အဖြစ်အပျက်များကို သတိရမိလေသည်။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အချို့နှင့် စာရေးဆရာတို့ ရေးသားကြသော ဝတ္ထုများစွာကို ပြန်ပြောင်း သတိရမိလေသည်။ တရားခံ အစစ်အမှန် မဟုတ်ပါဘဲ လက်တစ်လုံးခြား လိမ်လည် ထွက်ဆိုချက်၊ လှည့်ဖြားထားသော သက်သေ အထောက်အထား စသည်တို့ဖြင့် အပြစ်မရှိသူတွေ တရားခံ ဖြစ်ကြရသည့် အကြောင်းကို တွေးနေမိလေသည်။
ပြီးခဲ့သည့်နှစ်က စာရေးသူ တက်ရောက်နေသည့် ထိုင်းဘာသာ စကားသင်တန်းမှာ သင်တန်း ဆရာမက တစ်ရက်မှာ အတန်းထဲဝင်ဝင်ချင်း ‘ဝမ်းသာစရာ ပြောရဦးမယ်’ ဟု ဆိုလေသည်။
၂၀၀၉ခုနှစ်က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထိုင်းကျောင်းသူ တစ်ဦးကို မတရားကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုကာ ဖမ်းဆီးခဲ့တဲ့ မြန်မာအလုပ်သမား တစ်ယောက်ကို တရားခံအစစ် တွေ့ပြီဖြစ်လို့ ပြန်လွှတ်ပေးလိုက်တယ်။ တရားခံက လာအိုနိုင်ငံသား ဖြစ်နေတယ်။ မှားဖမ်းတဲ့အတွက် လျော်ကြေးလည်း ပေးလိုက်တယ်လို့ ပြောလေရာ သင်တန်းခန်းထဲမှာ တစ်ယောက် တစ်ပေါက် အသံတွေ ညံသွားလေတော့သည်။ “ဟာ ဝမ်းသာစရာပဲ။ ပိုက်ဆံတွေလည်း ရပြီ။ ထောင်ထဲမှာ စိတ်ဓာတ်တွေကျပြီး အခုတော့ ဝမ်းသာသွားမှာပဲ” “ပွတာပဲဟေ့” ထိုသင်တန်းမှာ တက်ရောက်နေသူ အများစုက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ဖြစ်လေသည်။
စာရေးသူက တရားခံအဖြစ် သတ်မှတ်ခံရသည့် အချိန်မှာ အဲဒီ အလုပ်သမားရဲ့ ခံစားချက်၊ တရားရုံးက ပြစ်မှု မကျူးလွန်ပါဘဲ ပြစ်မှုကျူးလွန်တာ မှန်ကန်ပါတယ်ဆိုပြီး စီရင်ချက်ချတဲ့အခါ မတရားခံရတဲ့ ခံစားချက်၊ ထောင်ထဲမှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ခံစားနေရတဲ့ ဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကြုံတွေ့ရတဲ့ ဒုက္ခအဖုံဖုံ စတာတွေအပြင် ပတ်ဝန်းကျင်မှာ မုဒိမ်းကောင် လူသတ်သမား ဆိုတဲ့အမြင် စတာတွေကို ရလာတဲ့ငွေနဲ့ တန်တယ် ထင်သလားလို့ မေးခွန်းထုတ်လိုက်ရာ အားလုံး ငြိမ်သွားလေသည်။ ပြီးတော့မှ တစ်ယောက်ချင်း ဖြည်းလေးစွာ ပြောလာကြသည်က တကယ်တမ်းကျ ငွေဟာ အဓိကမကျဘူး၊ အမှန်တရားသာ အဓိကပဲလို့ ဆိုကြလေတော့သည်။ ထိုင်းဆရာမကတော့ သင်တန်းသားတွေ ပြောနေတာကို ငြိမ်ပြီး နားထောင်ရာက စကားတစ်ခွန်း ပြောလေသည်။
“ဒါ့ကြောင့် တရားစီရင်ရေးမှာ အပြစ်မရှိသူတစ်ဦး ပြစ်ဒဏ် ကျခံရသည်က အပြစ်ရှိသူ တရားခံတစ်ရာ လွတ်မြောက်သည်ထက် ဆိုးဝါးတယ်” ဆိုတဲ့စကား ရှိတယ်လို့ ပြောလေသည်။
ထိုအဖြစ်အပျက်မျိုးကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ နာမည်ကျော် စာရေးဆရာများက ဝတ္ထုပေါင်းများစွာ၊ ဇာတ်လမ်းများစွာ ရေးသားပုံနှိပ် ခဲ့ကြလေသည်။ တကယ့် အဖြစ်အပျက်တင်မက ဝတ္ထု ဆိုသည်ကလည်း လူ့ဘဝ ပတ်ဝန်းကျင်က အဖြစ်အပျက်တို့ဖြင့် ထုံမွှမ်းထားသော အကြောင်းအရာတွေပင်ဖြစ်ရာ အမှုစစ်နှင့် တရားခွင်တို့မှ မှားယွင်း ဆုံးဖြတ်ခံရသည့် အကြောင်းအရာများကို ဖတ်ရတိုင်း လောကကြီးမှာ တရားသဖြင့် ဆုံးဖြတ်နိုင်တဲ့ နေရာတွေ မရှိတော့ဘူးလားဟု မကြာမကြာ တွေးမိလေသည်။ စာရေးသူ ဖတ်ဖူးသည့် ဘာသာပြန် ဝတ္ထုတစ်ပုဒ်မှာ ဖတ်နေရင်းက အင်မတန် ခံစားရပြီး ဝတ္ထုဇာတ်လမ်းအဆုံးမှာ လောကကြီးမှ လူတွေရဲ့ မတရားမှု၊ တရားစီရင်ရေးစနစ်၏ ရိုးသားစွာ မှားယွင်းမှုများကို တနုံ့နုံ့ဖြင့် ရင်နင့်စွာ ဖတ်ခဲ့ရဖူးလေသည်။
ခရီးသွား လူရွယ်သည် လမ်းခရီး တည်းခိုဆောင်တစ်ခုမှာ တည်းခိုရင်း ဒုက္ခရောက်လာဟန် ရှိသည့် ခရီးသွားတစ်ဦးကို သနားသောအားဖြင့် အတူတည်းခိုခွင့် ပြုခဲ့လေသည်။ နာမည်မသိ၊ လိပ်စာမသိသည့် ထိုလူငယ်နှင့် တစ်ခန်းတည်းအတူ ညအိပ်ရင်း နံနက်လင်းသော် ထိုလူငယ် မရှိတော့ပေ။ သို့ဖြင့် ခရီးဆက်လာရာ လမ်းခရီးမှာ စစ်သားများနှင့် လူအချို့က သူ့ကို ရပ်တန့်ပြီး ဝိုင်းဝန်းရှာဖွေရာ သူ့ရဲ့ခရီးဆောင် အိတ်ထဲမှာ သွေးများ ခြောက်ကပ်နေပြီ ဖြစ်သည့် ဓားတစ်လက်ကိုတွေ့ပြီး လတ်တလော အသည်းအသန် ရှာဖွေနေသည့် လူသတ်တရားခံကို သက်သေ အထောက်အထားနှင့်တကွ တွေ့ပြီဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားကြလေသည်။
တရားရုံးမှာ တရားစွဲတင်ရာ သူ၏ ခုခံချေပမှုများသည် ဘယ်လိုမှ အရာမထင်။ နေရပ်မှာ ကျန်ရှိခဲ့သည့် မိသားစုဝင် များကလည်း နဂိုကတည်းက ဆင်းရဲလွန်း၍ အလုပ်သစ် ရှာမည်ဆိုကာ ထွက်သွားသည့် ထိုသူအတွက် လိုက်ပါဆောင်ရွက်ရန် မဆိုနှင့် ထိုခရီးဝေးကို လာဖို့ပင် ငွေအင်အားမရှိ။ ဒါ့အပြင် သူ့လင်ယောက်ျား၊ သူတို့ ဖခင်သည် ငွေကြေး လိုအပ်သည့်အတွက် လူသတ်ပြီး လုယက်မှုကို ကျူးလွန်ခဲ့နိုင်သည်လို့ ထင်မြင်ယူဆကာ သူတို့ကို အမှုပတ်မှာပင် စိုးရွံ့ကြောက်လန့် နေကြလေသည်။
နောက်ဆုံးမှာတော့ ခရီးသွား၏ အိတ်ထဲမှ ရရှိသည့် ဓားတစ်လက်ကို သက်သေ အခိုင်အမာပြုကာ ခရီးသွားမှာ သေဒဏ် ချမှတ်ခံရလေတော့သည်။ ထောင်ထဲမှာ နေထိုင်ရင်း အယူခံဖြင့် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲခဲ့ကာ နှစ်ပေါင်းများစွာ ထောင်ထဲမှာပင် ဘဝတစ်လျှောက် နေထိုင်ခဲ့ရလေသည်။ သူ့အသက် ခြောက်ဆယ် ကျော်လာသည်အထိ သူသည် ထောင်ကို ရောက်လာသည့် ထောင်ကျတွေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ဘဝကို ထောင်ထဲမှာပင် ကောင်းကောင်းမွန်မွန် ဖြတ်သန်းရင်း နေတတ်ခဲ့လေသည်။ နေမကောင်းသည့် ထောင်ကျတွေကို ပြုစုပေးသည်။ ရေနွေး လိုလျှင်ရအောင် ရေနွေးအိုးမပြတ် တည်ပေးတတ်သည်။ ထိုသို့ နေထိုင်လာရာက ထောင်မှူးတွေ ပြောင်းသွားသည့်တိုင် သူ့ရဲ့ ဂုဏ်သတင်းက လူချင်းဆက် လက်ဆင့်ကမ်းရင်း သူ့ကို ထောင်းမှူးများက ယုံကြည်စွာ ဆက်ဆံလာကြသည်။ ထောင်ကို အသစ်ရောက်လာသည့် လူတိုင်းကို လူသတ်မှု အကြောင်းနှင့် ပတ်သက်ပြီး သူဘာမှ မသိခဲ့ရသည့် အကြောင်းကို ပြောပြတတ်လေသည်။
တစ်ရက်မှာတော့ အမှုတစ်ခုဖြင့် ထောင်ကျ ရောက်လာခဲ့သည်။ အခြားသူများနည်းတူ လိုအပ်ချက်တွေကို သူက ပြောပြ၊ လုပ်ကိုင်လမ်းညွှန် ပေးလေသည်။ သို့သော် ထိုသူသည် သူ့ကို လိုလားပုံမရ။ သူမသတ်ဘဲ ထောင်ကျရသည့် အကြောင်းကို ပြန်ပြောပြတိုင်း နားထောင်ခြင်း မရှိသည့်အပြင် ရိုင်းပျစွာ တုံ့ပြန်တတ်သေးသည်။ သို့သော် သူသည် ဒီလိုလူမျိုးတွေ ကြုံတွေ့ဖူးခဲ့သည်ဖြစ်ရာ မေတ္တာမပျက် ဆက်ဆံလေသည်။
တကယ်တော့ ထိုသူသည် တည်းခိုဆောင်မှာ အတူတည်းခိုရင်း သူကျူးလွန်ခဲ့သည့် လူသတ်မှုမှ သွေးပေနေသည့် ဓားကို ခရီးသွား၏ အိတ်ထဲကို ထည့်ခဲ့သူပင်။ သူက မမှတ်မိပေမယ့် ထောင်ကျက မှတ်မိပြီး စိုးရိမ်စိတ်ကြီးစွာ ဖြစ်နေခြင်းပင်။ သူ့ကို မမှတ်မိယောင်ဆောင်ကာ ညအချိန်မတော်မှ လာရောက် သတ်ဖြတ်မည်လား၊ ဒါမှမဟုတ် တစ်နည်းနည်းဖြင့် သေအောင် လုပ်ကြံမည်လား ဆိုတာကို အမြဲသံသယ ရှိနေလေသည်။ တဖြည်းဖြည်းနှင့် ကျန်းမာရေး ချို့တဲ့ကာ နာမကျန်း ဖြစ်လာရာ အဘိုးအိုက ပြုစုလေသည်။ အဘိုးအိုသည် သူ့ကို အမှန်တကယ် မမှတ်မိသည်ကို သိရှိသွားလေသည်။ သို့သော် သူ၏စိတ်တို့သည် ဆင်းရဲခြင်းကြီးစွာ ဖြစ်နေလေသည်။ ထောင်ထဲမှာ ကျန်းမာရေး ချို့တဲ့လာပြီး ကွယ်လွန်သွားသည့်အခါ ထောင်ပိုင်ဆီကို လိပ်မူပြီး စာတစ်စောင်ကို ရေးသားခဲ့လေသည်။ ထိုသူ၏ သက်သေခံစာနှင့် ဝန်ခံထွက်ချက် များကြောင့် အဘိုးအိုမှာ တရားခံအစစ် မဟုတ်မှန်း သိရှိသွားပြီး ထောင်မှ လွှတ်ပေးလိုက်လေသည်။ ဘဝတစ်လျှောက် ထောင်ထဲမှာ နေခဲ့ရသည့်အတွက် ပတ်ဝန်းကျင်မှာ သူဘယ်လို ရပ်တည်နေထိုင်ရပါမလဲ၊ ဤမျှသော နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်မျှ အဆက်အသွယ် မရှိတော့သည့် မိသားစုကို သူဘယ်လိုမှ ဆက်သွယ်ရမှန်းပင် မသိတော့၊ သားသမီးတွေရဲ့ အမည်နာမတွေကိုပင် မေ့လျော့နေခဲ့လေပြီ။ ဝတ္ထုရဲ့ အဆုံးသတ်မှာတော့ တရားမျှတခြင်းဆိုတာ ဘုရားသခင်ဆီမှာ ရှိပါလျက်နှင့် သူ့ဆီကို ဘာ့ကြောင့် နောက်ကျမှ ရောက်လာရပါသလဲလို့ အဆုံးသတ်ထားလေသည်။ ထိုဝတ္ထုသည် လောကကြီးကို သရော်ထားသည်။ နာကျင်မှုများစွာကို ပေးသည့်အပြင် တရားစီရင်ရေး၏ အားနည်းချက်ကို ဖော်ကျူးထားလေသည်။ ထိုကဲ့သို့သော ဝတ္ထုမဟုတ်ဘဲ ဝတ္ထုဆန်လှသည့် အဖြစ်အပျက်တွေ လူ့လောကမှာ များစွာ ဖြစ်ပျက်နေလေသည်။
ထိုကဲ့သို့ ဖြစ်စဉ်များကို ဖတ်ရခိုက်မှာ မတရားမှုကိုခံရပြီး ဘဝသေသွားရသည့် လူတွေ လောကကြီးမှာ ဘယ်လောက်တောင် ရှိနေသလဲ မကြာမကြာ တွေးမိလေသည်။ လူတွေမှာ စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်ရင်း မထင်မှတ်ဘဲ ထိုသို့သော အဖြစ်အပျက်တွေ ကြုံလာသည့်အခါ တရားရုံး၏ ဆုံးဖြတ်ချက်ကို တရားမျှတစွာ ဆုံးဖြတ်ပေးလိမ့်မည်ဟု အားကိုးတကြီး ရှိကြတာ ဓမ္မတာပင်။ သို့သော် လိမ်လည် လှည့်ဖျားထားသည့် သက်သေ အထောက်အထားများကို လက်ကိုင်ထားပြီး အမှန်ဟု မှားယွင်းဆုံးဖြတ်ခဲ့သည့် အဖြစ်အပျက်တွေကလည်း များစွာရှိခဲ့လေရာ ကော့တောင်ကျွန်း( လိပ်ကျွန်း) အမှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား လူငယ် နှစ်ယောက်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်လေသည်။ သို့သော် တစ်ဖက်မှာ မြန်မာအစိုးရ ကိုယ်တိုင်က ယခင် အခြေအနေများနှင့် မတူဘဲ မြန်မာ အလုပ်သမားများဘက်မှ ရပ်တည်ကာ ဝင်ရောက် ပြောဆိုမှုများ ရှိလာတာ ဝမ်းသာစရာ ကောင်းပါသည်။ ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်ကြီးမှ ယခုလူသတ်မှု မုဒိမ်းမှုမှာ အဓိက တရားခံ မဟုတ်ပါဘဲ တရားခံအဖြစ် ဖမ်းဆီးထားခြင်းကို လိုက်ပါ ဆောင်ရွက်နေကြောင်း၊ မြန်မာလူငယ် နှစ်ဦးက သူတို့ကို နှိပ်စက်စစ်ဆေးသည့်အတွက် အမှုကို ကျူးလွန်ပါသည်ဟု ဝန်ခံခဲ့ရသည့် အကြောင်း၊ ပါဝင် ပတ်သက်မှု ရှိနိုင်သော်လည်း နောက်ကွယ်မှာ မည်သူမည်ဝါတွေ ရှိနေသည်ကို အမှန်အတိုင်း ပေါ်ပေါက်အောင် မေးမြန်း စုံစမ်းနေကြောင်း ရှင်းလင်းတာတွေ ဖတ်ရလေသည်။
ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးစဉ် နှိပ်စက်ညှဉ်းပန်းမှုများ ကျူးလွန်ခဲ့သည်ကို စစ်ဆေး တွေ့ရှိ ထားလေပြီ။ အဆိုပါအမှုကို တရားမျှတမှု ရှိအောင် ဗြိတိန်နှင့် မြန်မာတို့က စောင့်ကြည့် စစ်ဆေးမည့် အဖွဲ့တွေ ထိုင်းနိုင်ငံကို လာရောက်ခွင့် ပြုလိုက်ပြီလည်း ဖြစ်သည်။ စောစောပိုင်း ကာလကတည်းက အများတွက်ချက်ထားသည့် အတိုင်းပင် မြန်မာလူငယ် နှစ်ယောက်က သူတို့သည် လူသတ်မှု ကျူးလွန်ခြင်း မရှိကြောင်းနှင့် နှိပ်စက် ညှဉ်းပန်းသဖြင့် ဝန်ခံခဲ့ရကြောင်း ထွက်ဆိုကြလေပြီ။
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ရဲ့ ရှေ့နေတွေက သတင်းဌာနတွေကို ပြောလိုက်ပါပြီ။ သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာ ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်ကို ပြောကြားခဲ့တယ်လို့ ထိုင်းရုပ်သံ ချန်နယ် ၃ မှာ သတင်းဖော်ပြသွားပြီ ဖြစ်သည်။ ထိုင်းရှေ့နေများ ကောင်စီအနေနဲ့ အဘက်ဘက်က တရားမျှတမှု ရှိအောင် ဘာသာပြန်တွေ ဘက်ကိုလည်း မေးမြန်းရဦးမှာ ဖြစ်ကြောင်း၊ မြန်မာလူငယ် နှစ်ဦးကတော့ လူသတ်သူက ဘယ်သူဆိုတာကို ပြောတာ မဟုတ်ဘဲ ဒီအမှုမှာ သူတို့ မပတ်သက်တဲ့ အကြောင်းကိုသာ ပြောဆိုခဲ့ကြောင်း၊ သူတို့ ပြောဆိုမှုတွေဟာ မှန်ကန်တယ်လို့ ယုံကြည်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက ပြောကြားတာကို ထိုင်းရုပ်သံ ချန်နယ် ၃ မှာ လွှင့်ထုတ်သွားလေသည်။ ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ယခုအမှုမှာ မတရား အဖမ်းခံရသူများ မဖြစ်စေရန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားလေသည်။
သို့ဖြစ်ရာ လိပ်ကျွန်းပေါ်မှ ဗြိတိသျှ လူမျိုးနှစ်ဦး အသတ်ခံရသည့် ယခုအမှုမှာ ဖမ်းဆီးခံထားရသည့် မြန်မာ အလုပ်သမားတွေအတွက် ထိုင်းနိုင်ငံ တရားရုံးက တရားမျှတစွာ အမှန်ကို အမှန်အတိုင်း တရားသဖြင့် ဆုံးဖြတ်ပေးနိုင်ပါမှ ကျဆင်းနေသော ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ပါလိမ့်မည်။ ထိုမျှမက မတရား ပြုကျင့်ခံရပြီး အသတ်ခံခဲ့ရသည့် ဟန်နာနှင့် ဒေးဗစ်တို့ အတွက်လည်း တရားပါလိမ့်မည်ဟု ယုံကြည်မိလေတော့သည်။
Credit - The Voice Weekly

No comments:
Post a Comment