(ကျော်ဗလ)
ဟောင်ကောင်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး
ကျောင်းသားတွေကို အစိုးရက ခေါ်ပြီးညှိတယ်ဆိုတဲ့ သတင်းကြားလိုက်ရလို့
စိတ်ဝင်စားမိပါတယ်။ ပြဿနာတစ်ရပ်ကို ငါတို့ အုပ်ချုပ်နေတာပဲ၊ ငါတို့
ခေါင်းဆောင်နေတာပဲ။ ငါတို့ လက်ထက်မှာ ငါတို့လုပ်ချင်သလို လုပ်လို့
မရဘူးဆိုတာကို အုပ်ချုပ်သူတွေ နားလည် သဘောပေါက်လာပါပြီ။ ပိုဆိုးတာက
ဟောင်ကောင်အရေးဟာ အုပ်ချုပ်သူ အာဏာပိုင်နဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံ
ဖြေရှင်းရေး မဟုတ်တော့ဘူး။ အစိုးရမှာ ဟောင်ကောင်အစိုးရလား၊ တရုတ်ပြည်မကြီး
အစိုးရလား နှစ်ပိုင်းကွဲနေသလို၊ ဟောင်ကောင်ပြည်သူလို့ ဆိုရာမှာလည်း
ကျောင်းသားလား၊ အရပ်သားလားဆိုပြီး နှစ်ပိုင်းကွဲပြားနေတာ တွေ့ရပါတယ်။
လက်ရှိ ဟောင်ကောင်အုပ်ချုပ်သူပိုင်းက ခေါ်တွေ့တာ
ကျောင်းသားခေါင်းဆောင်အပိုင်း ဖြစ်ပါတယ်။ ကျောင်းသားတွေက လာမယ့် ၂၀၁၇
ခုနှစ် ရွေးကောက်ပွဲမှာ ဟောင်ကောင်ကို အုပ်ချုပ်မယ့်သူကို
တရုတ်အာဏာပိုင်တွေက ကန့်သတ်မထားဖို့နဲ့ ချုပ်ကိုင်ထားမှုတွေ မလုပ်ဖို့
ထပ်မံတောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဟောင်ကောင်နဲ့ ဘေကျင်းအာဏာပိုင်တွေက
ကျောင်းသားတွေ တောင်းဆိုမှုကို မဖြစ်နိုင်ဘူးလို့ ပြောပြီး ပယ်ချခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ အဓိက အချက်အချာကျတဲ့ နေရာတွေကို ဆက်လက်
သိမ်းပိုက်ထားပြီးတော့ ဆန္ဒလည်း ဆက်ပြနေပေမယ့် လူအရေအတွက်ကတော့
နည်းပါးလာပါတယ်။ ဆန္ဒပြသူ ကျောင်းသားတွေဟာ သူတို့ တောင်းဆိုချက်တွေ
မရနိုင်ဘူး ဆိုတာကို သိထားပြီး ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးဆိုတာ ရေရှည်တိုက်ပွဲတစ်ရပ် ဖြစ်ကောင်း
ဖြစ်နိုင်တယ်ဆိုတာ သဘောပေါက်ပြီးလည်း ဖြစ်ပါတယ်။
အစိုးရကိုယ်စားပြု
စေ့စပ်ဆွေးနွေးရေး အဖွဲ့မှာ ဟောင်ကောင်အစိုးရ ဝန်ထမ်းပိုင်းက
ဝါရင့်လူသိများသူတွေ ပါဝင်ပြီး ကျောင်းသားအဖွဲ့ကိုတော့
ကျောင်းသားခေါင်းဆောင် ငါးဦး ကိုယ်စားပြု တက်ရောက်ပြီး
ဆွေးနွေးခဲ့ကြပါတယ်။ ဟောင်ကောင် ကျောင်းသားအဖွဲ့နဲ့ အစိုးရကိုယ်စားပြုအဖွဲ့
ဆွေးနွေးတာတွေကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့် ပြတာလည်း တွေ့ရတယ်။
ကျောင်းသားခေါင်းဆောင်တွေက ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျကျ
လုပ်ခွင့်ပေးဖို့ တောင်းဆိုကြတယ်။ ဒီတောင်းဆိုချက် အစိုးရအဖွဲ့ ခေါင်းဆောင်
မစ္စလမ်းက လက်မခံဘဲ ပယ်ချခဲ့တာ တွေ့ရတယ်။ တစ်နည်းပြောရရင် သူတို့
တောင်းဆိုချက်တွေကို လိုက်လျောဖို့၊ မလိုက်လျောဖို့ထက် ခုတက်လာတဲ့
ကျောင်းသားခေါင်းဆောင်တွေရဲ့ အဆင့်ကို အစိုးရပိုင်းက နည်းနည်း
အထင်သေးသလိုများ ဖြစ်နေသလား မသိပါဘူး။ ဒါကို ကျောင်းသားခေါင်းဆောင် တစ်ဦးက
အစိုးရပိုင်းကလည်း ဝေဝါး၊ ထွေပြားနေတယ်လို့ တုံ့ပြန် ဝေဖန်လိုက်ပါတယ်။
ကျောင်းသားတွေက သူတို့ကို နားလည်အောင် ရှင်းနေတာထက် ပြည်သူကို နားလည်အောင်
ရှင်းပြတာ ပိုကောင်းမယ်လို့လည်း ဆိုထားတယ်။
ဆန္ဒပြတဲ့ ကျောင်းသားတွေ
ကိုယ်စားပြု အစိုးရနဲ့ လာဆွေးနွေးသူက ငါးဦးဖြစ်ပါတယ်။ ကျောင်းသူတစ်ယောက်၊
ကျောင်းသားလေးယောက်ပါ။ အားလုံး အသက် ၂၀ ဝန်းကျင်တွေလောက်ပဲ ရှိမယ်။
အစိုးရအဖွဲ့နဲ့ လာတွေ့တာ ဂျင်းဘောင်းဘီ တီရှပ်တွေနဲ့ပါပဲ။ သူတို့ဝတ်ထားတဲ့
တီရှပ်တွေက ဆင်တူတွေ။ အနက်ရောင် တီရှပ်တွေပေါ်မှာ “Freedom No” ဆိုတဲ့
စာသားတွေကို ထင်ရှားစွာ ရေးထားကြတယ်။ သူတို့နဲ့ ဆွေးနွေးကြတဲ့
အစိုးရအဖွဲ့ကတော့ မျက်နှာချင်းဆိုင် တစ်ဖက်မှာ ထိုင်နေကြပြီး
အမျိုးသမီးတစ်ယောက်၊ အမျိုးသားလေးယောက် ပါတယ်။ ဟောင်ကောင်အစိုးရအဖွဲ့
ကိုယ်စားပြုသူတွေ ဆိုတော့ ဝတ်စုံပြည့် လူကြီးလူကောင်း စတိုင်တွေနဲ့ပေါ့။
ဒီပွဲဟာ ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ကျောင်းသားနဲ့
အစိုးရဝန်ထမ်း၊ လူငယ်နဲ့ လူလတ်ပိုင်း၊ အတွေးသစ် အမြင်သစ်နဲ့
တရားသေဝါဒီသမားတို့ရဲ့ တွေ့ဆုံအားစမ်းပွဲ တစ်ခုလို့လည်း
ရှုမြင်သုံးသပ်နိုင်ပါတယ်။ လူငယ်တွေက ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ရေးကို
စိတ်အားထက်သန်စွာ တောင်းဆိုဆွေးနွေးကြတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့
ဟန်ကြီးပန်ကြီး စတိုင်ကြီး တစ်ခွဲသားနဲ့ ခပ်တည်တည် နေထိုင်ပြောဆိုသွားတာ
တွေ့လိုက်ရတယ်။ အဆုံးမတော့ နောက်တစ်ကြိမ် ဆွေးနွေးကြဦးမယ်။
အဲဒီတစ်ကြိမ်မှာတော့ ပိုပြီးတော့ ညှိနှိုင်းလို့ရကောင်းပါရဲ့ဆိုပြီး
နိဂုံးချုပ်လိုက်ပေမယ့် အဖြေကတော့ ထွက်မလာခဲ့ပါဘူး။
အစိုးရပိုင်းရဲ့
ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မစ္စလမ်းကတော့ တစ်ဖက်သဘောထားကို
တစ်ဖက်လေးစားပေမယ့် တောင်းဆိုချက်တွေဟာ ဥပဒေနဲ့အညီ ဖြစ်ဖို့တော့
လိုလိမ့်မယ်လို့ ထောက်ပြထားတာလည်း တွေ့ရပါတယ်။
ဟောင်ကောင်ဟာ
တကယ်တမ်း ပြောရရင် လွတ်လပ်ပြီလို့ ပြောနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။
အထူးအုပ်ချုပ်ပိုင်ခွင့်ရတဲ့ ဒေသအဆင့်မှာပဲ ရှိနေတာကို
ပိုထင်ရှားစေတဲ့အချက်က မစ္စလမ်း ပြောသွားတဲ့ စကားတစ်ခွန်းပါ။
“ကျွန်မတို့အနေနဲ့ နိုင်ငံရေးမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်
မရှိသေးပါဘူး” ဆိုတာကို သတိထားရမှာ ဖြစ်ပြီးတော့ ကျောင်းသားတွေ
ဦးတည်နေတာကလည်း ဒီမိုကရေစီရေးနဲ့ လွတ်လပ်ရေး ဆိုတော့ကာ နောက်တစ်ကြိမ်
တွေ့ဆုံဆွေးနွေးမယ် ဆိုရင်လည်း အဲဒီအရေး နှစ်ရေးကို ပြည်မကြီးတရုတ်တွေက
ဘယ်လိုမှ မလိုက်လျောနိုင်တဲ့ ကိစ္စဖြစ်နေတဲ့အတွက် အခြေအနေတွေက
ပိုပြီးတင်းမာစရာ အကြောင်းပဲ ရှိနေပါတယ်။
တွေ့ဆုံဆွေးနွေးပွဲနိဂုံးမှာ မစ္စလမ်းက “ကျွန်မတို့မှာ ရန်ဖြစ်စရာလည်း
မရှိဘူး။ ထိပ်တိုက်ရင်ဆိုင်စရာလည်း မလိုဘူး။ ကျွန်မတို့ တွေ့ဆုံခြင်းဟာ
ဒါနောက်ဆုံးလည်း ဟုတ်မယ် မထင်ဘူးလို့ မျှော်လင့်ပါတယ်” ဆိုပြီး ယဉ်ယဉ်လေး
နိဂုံးချုပ်သွားတယ်။ ပြောရရင်တော့ သဘောတူခွင့် မတူခွင့် ဆုံးဖြတ်ပိုင်ခွင့်
မရှိသူတွေနဲ့ ဆွေးနွေးနေရတာ ပြီးပြတ်မယ်လို့လည်း မထင်ပါဘူး။ ဒီတစ်ကြိမ်
ဆွေးနွေးမှုအပြီးမှာ အစိုးရခေါင်းဆောင်ပိုင်းက တရုတ်အာဏာပိုင်တွေနဲ့
ပြန်ညှိဦးမယ်ဆိုတာ ထင်ရှားပါတယ်။
တကယ်တမ်းပြောရရင် တရုတ်သမ္မတ
ရှီကျင့်ဖျင်နဲ့ ကွန်မြူနစ်ပါတီတို့ရဲ လက်ဝေခံ နယ်ရုပ်လေးတွေ ဖြစ်တဲ့
လက်ရှိ အစိုးရအဖွဲ့ဟာ ကျောင်းသားတွေနဲ့ ဆန္ဒပြနေသူတွေကို ဘယ်လိုကျေနပ်အောင်
ဆောင်ရွက်ပေးမလဲ၊ ဒါမှမဟုတ် မဆောင်ရွက်ပေးဘဲ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ
စိတ်ဝင်စားစွာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
လက်ရှိ
အနေအထားမှာတော့ တွေ့ဆုံဆွေးနွေးပြီးပြီ၊ ဆက်လည်း တွေ့ဆုံ ဆွေးနွေးဦးမယ်သာ
ဆိုတယ်။ ဆန္ဒပြနေသူတွေက ဆန္ဒပြနေတဲ့ နေရာတွေကနေ ထွက်ခွာသွားအောင်
ရဲတပ်ဖွဲ့တွေက ဖိအားပေး မောင်းထုတ်နေတာနဲ့ ရင်ဆိုင်နေရပါတယ်။
ဟောင်ကောင်နိုင်ငံရေးဟာ အလွန်နူးညံ့သိမ်မွေ့တဲ့ အနေအထားကို ရောက်နေပါတယ်။
ကျောင်းသားနဲ့ ပြည်သူတွေ အောင်ပွဲဆင်သွားရင် ပြည်မကြီး တရုတ်နိုင်ငံမှာလည်း
ထပ်ဆင့်ကဲ ပေါ်ထွက်လာနိုင်တဲ့ ဒီမိုကရေစီအရေးနဲ့ လွတ်မြောက်ရေး
လှုပ်ရှားမှုတွေကို တရုတ်အစိုးရ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
တွေ့ဆုံဆွေးနွေးရေး ဆိုတာ နှစ်ဦးနှစ်ဖက် ပဋိပက္ခကို ရပ်စဲစေပြီး
သူ့ဘက်ကိုယ့်ဘက် မျှတအောင် လုပ်ပေးကြမယ်ဆိုတဲ့ ဦးတည်ချက်တွေရှိဖို့
လိုပါတယ်။ တွေ့ဆုံဆွေးနွေးတယ် ဆိုတာ တစ်ဖက်ရဲ့ ပြောစကားကို ကြားပြီး ငါတို့
ဘယ်လို ဗျူဟာခင်းထားရမလဲဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေလို့ကတော့ ပဋိပက္ခဟာ
ပြေလည်နိုင်စရာ အကြောင်းမမြင်လှပါဘူး။
-------------------------------
(ဤကဏ္ဍတွင် ဖော်ပြချက်များသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး The Voice ၏ အာဘော်မဟုတ်ပါ)
Credit - The Voice Weekly
No comments:
Post a Comment