(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
နိုင်ငံရေး
နိုင်ငံရေး၏ သရုပ်သကန်အမှန် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကို
လူကြီးတွေ၊ လူငယ်တွေ၊ ပညာတတ်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ
စတဲ့လူတန်းစားအလိုက် သတ်မှတ်ပုံ ကွဲပြားနေတာကို သတိပြုမိလာပါတယ်။ ၁၉၆၂
ခုနှစ်ကတည်းက တစ်ပါတီအုပ်ချုပ်ရေး စတင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ
နိုင်ငံရေးသမားကို အချောင်သမားလိုလို၊ ပေါ်ကြော့သမားယောင်ယောင်၊
အပြောသမားတွေ၊ ရွာရိုးကိုးပေါက် လျှောက်သွားနေသူတွေ၊ အာချောင်နေသူတွေလို့
သာမန်ပြည်သူအလည်မှာ ထင်ယောင်ထင်မှားဖြစ်အောင် ထိုခေတ်က စာပေတွေမှာ၊
ရုပ်ရှင်ဇာတ်လမ်းတွေမှာ ၀ါဒတွေဖြန့်ပေးခဲ့ကြပါတယ်။ ပထစ၊ ပမညတ၊ တည်မြဲ၊
သန့်ရှင်းစတဲ့ ပါတီဝင် နိုင်ငံရေးသမားတွေကို စစ်ဗိုလ်ချုပ်အချို့က
ထိန်းသိမ်းဖြိုခွင်းလိုက်ပြီးနောက်မှာ နိုင်ငံရေးသမားများဟာ
ပြည်သူ့ရှေ့မှောက်မှာ ထင်ထင်ပေါ်ပေါ် နိုင်ငံရေး မလုပ်ရဲကြတော့ပါဘူး။
နိုင်ငံရေးစာအုပ်ကိုလည်း ခိုးကြောင်ခိုးဝှက် ဖတ်ကြရပါတယ်။
နိုင်ငံရေးအကြောင်း ဆွေးနွေးချင်ရင်လည်း တစ်နေရာရာမှာ၊
တိတ်တိတ်ပုန်းစုဝေးပြီး ဆွေးနွေးကြရပါတယ်။ ဆံပင်တိုတို၊ ပုဆိုးတိုတို၊
ပင်နီအင်္ကျီဝတ်ထားတဲ့ လူငယ်ဆိုရင် ဝေးဝေးကရှောင်ဖို့ သူတို့သားသမီးတွေကို
မိဘတွေက တိုးတိုးတိတ်တိတ် မှာကြားထားတတ်ပါတယ်။
၁၉၅၉ ခုနှစ်
ဖေဖော်ဝါရီ ၂၇ ရက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းကို ပြည်သူ့လွှတ်တော် ပါလီမန်က
ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း
အာဏာရလိုက်တာနဲ့ တပ်မတော်ကို အခြေခံပြီး ပါတီတွေအားနည်းသွားစေဖို့
လူမှုရေးလုပ်ငန်း သက်သက်သာ ဆောင်ရွက်ပြီး နိုင်ငံရေးကင်းရှင်းတဲ့
ကြံ့ခိုင်အသင်းကို စတင်ဖွဲ့စည်းပါတယ်။ ၁၉၅၉ ခုနှစ် အောက်တိုဘာ ၂၉၊ ၃၀ နဲ့
၃၁ ရက်တို့မှာ ပထမအကြိမ် ပြည်လုံးကျွတ်ကြံ့ခိုင်ရေးအသင်းများ ညီလာခံကို
မင်္ဂလာဒုံ အမှတ် ၁ လေ့ကျင့်ရေးတပ်မှာ ခမ်းခမ်းနားနား ကျင်းပပါတယ်။
ဒီလိုနဲ့ ၁၉၆၂ ခုနှစ်ကစလို့ နိုင်ငံရေးအသိစိတ်ဓာတ်၊ နိုင်ငံရေးသဘောတရား၊
နိုင်ငံရေးမျိုးဆက် သားကြောပြတ်ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိဟာ
နိုင်ငံရေးအကြောပြတ်ခဲ့တဲ့ ကာလတိုတစ်ရပ်လို့ ဆိုရပါမယ်။ ၁၉၆၂
ခုနှစ်မတိုင်မီ တည်ရှိခဲ့တဲ့ ပထစ၊ ပမညတ၊ သန့်ရှင်း၊ တည်မြဲ စတဲ့မြေပေါ်မှာ
တရားဝင်ရပ်တည်နေတဲ့ ပါတီ၊ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပစ်လိုက်ပါတယ်။
ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှ နိုင်ငံရေးလုပ်လို့ မရပါဘူး။ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီဟာ တစ်ပါတီစနစ် တည်ထောင်ထားတာဖြစ်လေတော့ နိုင်ငံရေးလုပ်ချင်ရင်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထဲ ၀င်ရုံမှတစ်ပါး အခြားမရှိတဲ့ အချိန်ပါပဲ။
ဝန်ထမ်းတိုင်း ပါတီမ၀င်မနေရ
၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို
စတင်အသက်သွင်းပါတယ်။ ထိုစဉ်ကစလို့ ပါတီဝင်များကို စည်းရုံးတဲ့အခါ
ဝန်ထမ်းတွေကို အဓိကထား စည်းရုံးခဲ့ပါတယ်။ ခေတ်မီတဲ့ ထိုစဉ်က
ကမ္ဘာတစ်ဝန်းလုံးမှာ ကွန်မြူနစ်အသွင်ပြောင်း ဆိုရှယ်လစ်ဝါဒ
ရေပန်းစာနေချိန်ပါ။ ခေတ်မီတဲ့ဝါဒ ဖြစ်နေချိန်ပေါ့။ ဒါပေမဲ့
မြန်မာ့ဆိုရှယ်လစ်ဝါဒကို ကမ္ဘာ့ဆိုရှယ်လစ်နဲ့ တစ်မူထူးခြားစေဖို့
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ချီတက်မယ်လို့
ကြွေးကြော်ချီတက်ခဲ့ပါတယ်။ အဲဒီ မြန်မာ့နည်းမြန်မာ့ဟန်ကို အကာအကွယ်ယူပြီး
ဆိုရှယ်လစ်ဒီမိုကရေစီကျင့်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးစေဘဲ
ဗဟိုဦးစီးစနစ်ကိုသာ သုံးစွဲလာရာမှ ကြာလာတဲ့အခါ ဗဟိုမှချပေး၊ လျာထားပေးတဲ့
ပါတီစိတ်အတွင်းရေးမှူး၊ ပါတီယူနစ်ကော်မတီဝင်၊ ပါတီညီလာခံကိုယ်စားလှယ်၊
ပါတီဗဟိုကော်မတီဝင် စသူတွေကိုသာ ပါတီဝင်တွေက ရွေးချယ်ပေးရတဲ့ အခြေအနေ
ရောက်သွားပါတယ်။ တစ်ဦးချင်း စိတ်ကြိုက်ရွေးချယ်ခွင့် မရခဲ့ပါဘူး။ (၂၀၁၀
ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရမရ စာဖတ်သူတို့
ကိုယ်တွေ့သိကြမှာပါ။) ထိုအဆင့်ဆင့်မှသော ပါတီရွေးချယ်ပွဲတွေမှာ
တပ်မတော်မှပုဂ္ဂိုလ်များ အရပ်ဝတ်ပြောင်းဝတ်ပြီးတစ်ဖုံ၊ မပြောင်းဘဲတစ်နည်း
ဗဟိုမှာ လျာထားတဲ့စနစ်သို့ ပြောင်းလဲသွားပါတယ်။
မြန်မာ့ဆိုရှယ်လစ်ပါတီ ခိုင်မာဖို့ အင်အားတောင့်တင်းဖို့
တပ်မတော်သားများနဲ့ ၀န်ထမ်းများရဲ့ အင်အားဟာ အဓိကကျပါတယ်။ ဒီလိုနဲ့
ဝန်ထမ်းတိုင်း ပါတီဝင်ရပါတယ်။ အရန်ပါတီဝင်၊ တင်းပြည့်ပါတီဝင်၊
ပါတီစိတ်ကော်မတီဝင်၊ ပါတီယူနစ်ကော်မတီဝင် စတဲ့ အဆင့်လိုက် သတ်မှတ်ထားပါတယ်။
အဲဒီအဆင့်တွေအပေါ် မူတည်ပြီး ရာထူးတိုး၊ ရာထူးအပြောင်းအရွှေ့၊
နိုင်ငံခြားသွားခွင့် စတဲ့အခွင့်အရေးတွေ ရကြပါတယ်။ ၀န်ထမ်းများ
ပါတီနိုင်ငံရေး ကင်းရှင်းရမည်
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းအတွင်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးအေးကိုက
ပြည်သူ့ရဲနဲ့ ၀န်ထမ်းများကို လမ်းစဉ်ပါတီ၊ ပါတီဝင်အဖြစ်မှ
နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက် တပ်မတော်က
အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ၀န်ထမ်းတိုင်း(တပ်မတော်သားများအပါအ၀င်)
ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ အသံဟာ ကျယ်လောင်လာပါတယ်။ အစိုးရအပါအ၀င်
အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း၊ နိုင်ငံရေးဆိုတာ ဘယ်ဟာမှန်း
ဂဃဏနမသိတဲ့ သူတွေကပါ ၀န်ထမ်းတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းရမယ်
ဆိုလာကြပါတယ်။ စင်စစ် အစိုးရကိုယ်တိုင်က ၀န်ထမ်းတွေကို
ခုနှယ်ချုပ်ချယ်သင့်မသင့် လေးလေးနက်နက် စဉ်းစားစေလိုပါတယ်။ နိုင်ငံတော်သမ္မတ
အကြံပေးပုဂ္ဂိုလ်များကလည်း လေးလေးနက်နက် လေ့လာစမ်းစစ်ပြီး လူငယ်တွေ
နိုင်ငံရေးမျိုးဆက်မပြတ်အောင်၊ နိုင်ငံရေး အတွေးအခေါ်များ ရှင်သန်လာအောင်
လုပ်ဆောင်သင့်မသင့် အကြံပြုပေးစေလိုပါတယ်။
လူသားအရင်းအမြစ်
အချို့နိုင်ငံတွေမှာ သောက်စရာရေမရှိလို့ သောက်ရေကို နိုင်ငံခြားက
ဝယ်ရပါတယ်။ ကုန်းမြေကျဉ်းကျဉ်းလေးထဲမှာ ဘာသယံဇာတတစ်စမှ မထွက်ပါဘူး။ ဒါပေမဲ့
သူတို့နိုင်ငံမှာရှိတဲ့ လူတိုင်းဟာ ပညာတတ်ကြပါတယ်။ နည်းပညာ
ကျွမ်းကျင်ကြပါတယ်။ လူသားအရင်းအမြစ်ရဲ့ တန်ဖိုးကို အလေးထားကြတယ်။
အဲဒီလူသားတွေဟာ မိမိယုံကြည်ရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရကြပါတယ်။
ကြိုက်နှစ်သက်ရာပါတီကို မဲပေးခွင့်ရှိသလို ပါဝင်လုပ်ဆောင်နိုင်ခွင့်လည်း
ရကြပါတယ်။ နိုင်ငံရေးပါတီတွေမှာ ပါဝင်လုပ်ဆောင်ခြင်းဟာ လူမှုဘ၀နဲ့
လုပ်ငန်းခွင်ဘ၀ကိုပါ အံဝင်ခွင်ကျ ပါဝင်လုပ်ဆောင်နိုင်ဖို့ လူငယ်တွေအတွက်
ပြင်ဆင်ပေးရာ နေရာကောင်းလည်း ဖြစ်ပါတယ်။ လက်ရှိ အဲဒီနိုင်ငံတွေဟာ
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအဖြစ် ရပ်တည်နေပါပြီ။
မြန်မာနိုင်ငံဟာ သစ်၊ သယံဇာတ၊ ရေအရင်းအမြစ် စတာတွေ ပိုင်ဆိုင်တဲ့နိုင်ငံပါ။
ဒါပေမဲ့ ဒီအရင်းအမြစ်တွေက နိုင်ငံကိုချမ်းသာအောင် ထလုပ်မပေးနိုင်ပါ။
လူသားအရင်းအမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကသာ နိုင်ငံကို ချမ်းသာအောင်
လုပ်ပေးနိုင်တာပါ။ အဲဒီလူတွေက လူအတွေ၊ လူနုံတွေ ဖြစ်နေလို့ မရပါ။ ထို့အတူ
လူလည်တွေ၊ လူညာတွေ ဖြစ်နေပြန်ရင် တိုင်းပြည် ငါးပါးမှောက်သွားနိုင်ပါတယ်။
လက်ငင်း ဘယ်နှပါးလောက် မှောက်နေပြီလည်း မပြောတတ်ပါ။ တကယ်အရေးကြီးတာက
လူသားအရင်းအမြစ် ပေါ်ထွက်ရာ လူငယ်တွေမှာ ရိုးသားဖြူစင်တဲ့ နိုင်ငံချစ်စိတ်၊
အမြင်ကျယ်တဲ့ အသိစိတ်၊ အတွေ့အကြုံ ကြွယ်ဝမှုတွေ လိုအပ်ပါတယ်။ ဒါတွေဟာ
နိုင်ငံရေးစိတ်က အခြေခံလာတာပါ။ ကျောင်းတွေမှာ ကျောင်းစာတွေ
သင်ကြားပေးနေသလို လူငယ့်ဘ၀၊ နိုင်ငံချစ်စိတ်တွေကို နိုင်ငံရေးပါတီတွေက
သင်ယူနိုင်ပါတယ်။ နိုင်ငံချစ်စိတ်ဆိုတာ ပရမ်းပတာ မျက်ကန်းမျိုးချစ်
မဖြစ်ရပါဘူး။ စနစ်တကျ လေ့လာသင်ယူရာမှသာ နည်းလမ်းမှန်တဲ့ နိုင်ငံချစ်စိတ်၊
မျိုးချစ်စိတ်ဆိုတာ ပေါ်ထွန်းလာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများဟာ
နိုင်ငံရေးသန္ဓေချပေးခဲ့တဲ့ တို့ဗမာအစည်းအရုံး၊ ဖဆပလ၊ ဗမာပြည်
ကွန်မြူနစ်ပါတီတို့ရဲ့ အဖွဲ့မှာ ပါဝင်လှုပ်ရှားရင်း နိုင်ငံရေးကို
သင်ယူခဲ့ကြရတာပါ။ ဒီကမှ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ဆိုတာ ပေါက်ဖွားလာပြီး
မြန်မာပြည်လွတ်လပ်ရေး ရသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြတာပါ။
ဝန်ထမ်းဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ်၊ ကျောင်းသားဖြစ်ဖြစ်၊ ဘယ်ပြည်သူဖြစ်ဖြစ်
သူတို့ရဲ့ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်အတိုင်း ပါတီဝင်ပြီး နိုင်ငံရေးလုပ်လုပ်၊
ပါတီမ၀င်ဘဲ နိုင်ငံရေးလုပ်လုပ် လုပ်ကြပါစေ။ ဒါဟာ
တိုင်းပြည်ကောင်းစားရေးကို ဦးတည်မှာသာ ဖြစ်ပါတယ်။ နိုင်ငံရေးကို စနစ်တကျ
မတွေးခေါ်တတ်ခြင်းသာ တိုင်းပြည်အတွက် အန္တရာယ်ပါ။ နိုင်ငံရေးကို
သားကြောဖြတ်ပြီး စစ်အာဏာရှင်တို့ အလိုကျ အုပ်ချုပ်လာခဲ့တဲ့ နှစ် ၅၀
ကျော်ကာလ တိုင်းပြည် ဘာတွေကောင်းစားလာပါသလဲ။ ဖြေနိုင်ရင် ဒါမှမဟုတ်
ဖြေရဲရင် ဖြေကြည့်လိုက်ပါ။
ဒါကြောင့် ၀န်ထမ်းတွေ
နိုင်ငံရေးကင်းရှင်းရမယ်တို့၊ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူးတို့၊
ပြည်သူတွေကိုတော့ အမျိုးသားနိုင်ငံရေးပဲ လုပ်ရမယ်တို့ဆိုတဲ့
ကန့်သတ်မှုလိုလို၊ ခြိမ်းခြောက်မှုလိုလို တားမြစ်ချက်တွေကို
မလုပ်သင့်တော့ပါကြောင်း တိုင်းပြည်ကောင်းစားရေးကို မျှော်ကိုးလျက်
ရေးသားလိုက်ရပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment