Friday, October 24, 2014

ပြည်သူ့အကျိုးစီးပွားတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားရန်လိုအပ်

၂၀၁၁ ခု မတ်လကုန်ဆုံးခါနီးအချိန်မှစ၍ တပ်မတော်အစိုးရထံမှ အုပ်ချုပ်ရေးအာဏာကို သမ္မတဦးသိန်းစိန်အစိုးရက လွှဲပြောင်းရယူခဲ့သည်။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းချက်အချို့ကို တွေ့မြင်ကြရသည်။ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရနှင့် ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်သွားမည်ဟု အစိုးရသစ်က ဆိုပါသည်။
စနစ်သစ်နှင့် ပုံစံဟောင်းမှာ ပဋိပက္ခအသွင်ဆောင်သည့်အလျှောက် စနစ်သစ်နှင့် လိုက်လျောညီထွေစွာ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ပြုပြင်ရန် လိုအပ်ပါသည်။ အထူးသဖြင့် စွမ်းရည်နိမ့်ကျညံ့ဖျင်းပြီး
ဒီမိုကရေစီရေးနှင့် ဈေးကွက်စီးပွားရေးအတွက် အဟန့်အတားဖြစ်စေသည့် အစိုးရ အဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်မှုပုံစံနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အတွေးအခေါ်နှင့် အလေ့အထဟောင်းများကို အမြန်ဆုံးပြုပြင်ရန်လိုအပ်ပါသည်။
ယခုအခါ အစိုးရအဖွဲ့အစည်းများတွင် အကျင့်ပျက်ခြစားမှုမှာ အောက်ခြေမှစ၍ ထိပ်ဆုံးအထိ ကျင့်သုံးနေသည့် ယဉ်ကျေးမှုတရပ်ဖြစ် နေသည်ကို ၀မ်းနည်းဖွယ်ကြုံတွေ့နေကြရသည်။ လာဘ်ပေးလာဘ်ယူမှုတွင် ယူသူရော ပေးသူကိုပါ ထိရောက်စွာ အရေးယူရန်လိုပါသည်။ အကျင့်ပျက်ခြစားမှုတွင် သာမန်လာဘ်ပေးလာဘ်ယူမှုထက် အကျိုးအမြတ်များစွာရရှိနိုင်သည့် အစိုးရလုပ်ငန်းစီမံကိန်းကြီးများ ကန်ထရိုက် လုပ်ငန်းကြီးများနှင့် ဆက်နွယ်သည့် အကြီးစား အကျင့်ပျက်ခြစားမှုများမှာ ပို၍ဆိုးဝါးပါသည်။ အဆိုးဝါးဆုံးမှာ ဥပဒေကြောင်းအရ အကျင့်ပျက်ခြစားမှုပင် ဖြစ်သည်။
တပါတီစနစ်၊ ဆွေမျိုးရောင်းရင်းကောင်းစားရေး စစ်ဘက်အရင်း ရှင်စနစ်တို့ဖြင့် ရာစုနှစ်ဝက်နီးပါး ဖျက်ဆီးခံခဲ့ရမှုကြောင့် အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်ဟောင်းတွင် ကြီးမားသော အကျိုးခံစားခွင့်များရရှိခဲ့သည့် အခွင့် အာဏာရှိသူများ၊ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အခွင့်ထူးခံ ကပ်ပါးများ၊ လက်ဝေခံစီးပွားဖြစ်ထွန်းနေသူများနှင့် အပြောင်းအလဲကို မလိုလားသူများ၏ ဆန့်ကျင်ကန့်ကွက်မှုများ၊ ဟန့်တားနှောင့်ယှက်မှုများနှင့် မလွှဲမသွေ တွေ့ကြုံရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ပိုင် အသိစိတ်ဖြင့် ခံယူထားသည့် တာဝန်သိမှု၊ မှန်ကန်သောစိတ်ဓာတ်တို့ ဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
၂၀၁၃ ခု ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့်အဖြစ် အစိုးရအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်ရေးအတွက် လုပ်ငန်းစဉ်များသတ်မှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
စနစ်ပြောင်းလဲလာသည်နှင့်အညီ အစိုးရယန္တရားဖွဲ့စည်းတည် ဆောက်မှုပုံသဏ္ဌာန်ကို ပြုပြင်ပြောင်းလဲရန်လိုပါသည်။ နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများအတွက် အကျိုးအသက်ရောက်ဆုံးဖြစ်စေရန် ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဌာန် ပြုပြင်ပြောင်းရုံဖြင့် လုံလောက်မှုမရှိပါ။ ယန္တရားကို ခုတ်မောင်းမည့် နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းတိုးတက်ရန်၊ စိတ်ဓာတ်နှင့် ခံယူချက်များ ပြောင်းလဲကြံ့ခိုင်လာရန်လည်း လိုပါသည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စရိုက်နှင့် အလေ့အထများကို ပုံစံတကျဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ရမည်ဖြစ်သည်။
လက်ရှိအနေအထားအရ အရာထမ်း အမှုထမ်းများ၏ အရည်အချင်းတိုးတက်ကောင်းမွန်ရေး၊ စိတ်ဓာတ်နှင့် သဘောထားခံယူချက်များ ကြံ့ခိုင်ကောင်းမွန်ရေးကို အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက် ရန်မှာ အထူးလိုအပ်ချက်တရပ်ဖြစ်သည်။ ၀န်ထမ်းများ၏ အရည်အချင်း နှင့် သိက္ခာပြည့်ဝကောင်းမွန်ပြီး ၀န်ထမ်းများ၏ သစ္စာရှိမှုကို ရရှိသည်နှင့်အမျှ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်မည် ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်၏၀န်ကိုထမ်းဆောင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းသူများဖြစ်ကြသည်။ နိုင်ငံနှင့်လူမျိုးအတွက် မိမိ တို့နှင့်သင့်လျော်သည့် တာဝန်ဝတ္တရားများကို ၀င်ရောက်ထမ်းဆောင်ကြ ခြင်းဖြစ်သည်။ မိမိတို့၏ တာဝန်ဝတ္တရားများကို စေတနာဖြင့် ကျေပွန်စွာ ထမ်းဆောင်ခြင်းသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်ထိန်းခြင်း ဖြစ်သည့်အလျောက် ဂုဏ်အဆင့်အတန်းနှင့် ပြည့်စုံပြီးဖြစ်သည်ကို သဘောပေါက်ရန်လိုပါသည်။
နိုင်ငံဝန်ထမ်းလုပ်၍ ချမ်းသာကြွယ်ဝနိုင်ခြင်းမရှိသည်ကို လူတိုင်း သိကြသည်။ “ချမ်းသာချင်လျှင် ၀န်ထမ်းမလုပ်နဲ့၊ နိုင်ငံ့ဝန်ကို ထမ်း ဆောင်ရန်အတွက်သာ ၀န်ထမ်းလုပ်ပါ”ဟု လီကွမ်းယူက ဆိုပါသည် (တတိယမှသည် ပဋ္ဌမသို့)။ နိုင်ငံတိုင်းတွင် နိုင်ငံ့ဝန်ထမ်းမလုပ်ဘဲ ပြင်ပတွင်လုပ်ကိုင်လျှင် ချမ်းသာကြွယ်ဝနိုင်သည်ကိုသိလျက် နိုင်ငံဝန်ကို ထမ်းဆောင်နေကြသူအများအပြားရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ၀န်ထမ်းများကို လေးစားတန်ဖိုးထားရန်နှင့် ထိုက်သင့်လျောက်ပတ်သည့် ဂုဏ်၊ အဆင့်အတန်းနှင့်ပြည့်စုံအောင် ပံ့ပိုးရန်လိုပါသည်။ မဆလ၊ န၀တ၊ နအဖ ခေတ်တလျောက်လုံး နိုင်ငံ့ဝန်ထမ်းများကို လေးစားတန်ဖိုးထားခြင်းမရှိ ဂုဏ်သိက္ခာမဲ့စေခဲ့သည်။ ရလဒ်မှာ ဘက်စုံ ယိုယွင်းလာမှုဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးတွင် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများမှာ လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နိုင်ငံ့ဝန်ထမ်းများ၏ ရိုးသားထက် မြက်မှု၊ သစ္စာရှိမှုမှာ အစိုးရနှင့် နိုင်ငံတော်အတွက် အလွန်အရေးကြီးပါသည်။ ၀န်ထမ်းများ ရိုးသားထက်မြက်ရေးအတွက် အခြေအနေများ ဖန်တီးပေးရန်လည်း လိုပါသည်။
ယခုအခါ အစိုးရအဖွဲ့အစည်းများမှာ ကြီးမားလာသည်လုပ်ငန်း တာဝန်များကို ကြိုးပမ်းရုန်းကန်နေကြရသော်လည်း အရည်အချင်းပြည့်မီသော အတွေ့အကြုံရှိသည့် တတ်ကျွမ်းနားလည်သော ၀န်ထမ်းရှားပါး ပြတ်လတ်မှုမှာ အစိုးရအဖွဲ့အစည်းများ အားလုံးလိုလို ကြုံတွေ့နေရသည့် ပြဿနာဖြစ်သည်။ တဖက်တွင်လည်း ၀န်ထမ်းဦးရေဖောင်းပွလျက်ရှိ သည်။ ရာစုနှစ်ဝက်နီးပါး ကမ္ဘာနှင့်ကင်းကွာနေသော ၀န်ထမ်းများကို ပြောင်းလဲနေသည့်ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာစေရေး အတွက် အမြန်ဆုံး ပြန်လည်ပြုစုပျိုးထောင်ရန်နှင့် ပိုလျှံဝန်ထမ်းအရေး ကို ကိုင်တွယ်ရန် လိုအပ်ပါသည်။ ဆန္ဒစော၍ မဖြစ်နိုင်သေးသည်များ ကို အလျင်စလို အတင်းတွန်းအားပေး မဆောင်ရွက်မိစေရန်လည်း လိုပါသည်။
ယခုအခါ ၀န်ထမ်းများအရည်အချင်းတိုးတက်မြင့်မားရေးအတွက် အစိုးရရော အစိုးရမဟုတ်သော အဖွဲ့အစည်းများကပါ ကျွမ်းကျင်မှု သင်တန်းများ၊ စွမ်းရည်မြှင့်သင်တန်းများကို အလေးထားဖွင့်လှစ်ဆောင် ရွက်လာသည်ကို တွေ့ရပါသည်။ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ၊ ညှိနှိုင်းစည်းဝေးပွဲများ ပြုလုပ်လာကြသည်ကို အားရဖွယ် တွေ့မြင်လာကြရသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ တိုးတက်ပြီး နိုင်ငံကြီးများနှင့် အာဆီယံနိုင်ငံများမှလည်း နည်းပညာနှင့် အတွေ့အကြုံများ မျှဝေပေးရန် စိတ်အားထက်သန်လျက်ရှိသည်ကိုတွေ့ မြင်နေကြရပါသည်။
တာဝန်ဝတ္တရားများကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အတွက် ပညာဗဟုသုတနှင့် ဉာဏ်အမြော်အမြင်ပြည့်စုံရန်လိုအပ်သည် ကို အထူးဖော်ပြရန်လိုအပ်မည်မဟုတ်ပါ။ တာဝန်ဝတ္တရားများကို ကျေပွန် စွာထမ်းဆောင်ရသည့်နည်းတူ တာဝန်ဝတ္တရားနှင့်အညီ ခံစားထိုက်သော အခွင့်အရေးများကိုလည်း ခံစားခွင့်ရှိရမည်ဖြစ်သည်။ နိုင်ငံတော်က ပေးနိုင်စွမ်းရှိသော ခံစားခွင့်များကို ပေးရန်လိုပါသည်။
နိုင်ငံ့ဝန်ထမ်းများ စားဝတ်နေမှုဖူလုံပြည့်စုံပြီး ရာထူးတာဝန်နှင့် ထိုက်တန်စွာ နေထိုင်နိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သည့် လုပ်ခ လစာနှင့် ခံစားခွင့်များရရှိရန်လိုပါသည်။ အစိုးရဌာနများကို ပြန်လည်ဖွဲ့ စည်းခြင်း၊ ၀န်ထမ်းများ လူတန်းစေ့နေထိုင်နိုင်ရေးအတွက် ရာထူးတာဝန် နှင့်ထိုက်တန်သည့် သင့်တင့်လျောက်ပတ်သော လုပ်ခလစာနှင့် ခံစား ခွင့်များရရှိစေခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်၊ သဘောထားနှင့် ဂုဏ်သိက္ခာတို့ကို တိုးတက်မြင့်မားစေပြီး အကျင့်ပျက်ခြစားမှု ကို လျော့နည်းပပျောက်သွားစေနိုင်ပါသည်။
လက်ရှိ နိုင်ငံ့ဝန်ထမ်းအများစု၏ လစာမှာ သင့်တင်လျောက်ပတ် စွာ စားဝတ်နေရေးအတွက်ပင် လုံလောက်မှုမရှိသည်ကို တွေ့ရမည် ဖြစ်သည်။ အထူးသဖြင့် အောက်ခြေနှင့် အလယ်အလတ် ၀န်ထမ်းများ၏ အခြေအနေမှာ လွန်စွာဆိုးဝါးလျက်ရှိသည်။ အဆင့်နိမ့်အရာထမ်း အမှု ထမ်းများ စိတ်ဓာတ်ကျဆင်းလျက်ရှိပြီး အရည်အချင်း တိုးတက်သင့် သလောက် တိုးတက်ခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ နည်းစနစ်နှင့် လုပ်ငန်းဆိုင်ရာ အထောက်အကူပြု အသုံးအဆောင်ပစ္စည်းကိရိယာ ညံ့ဖျင်းချို့တဲ့မှု၊ လုပ်ငန်းခွင် အခြေအနေ သာယာကောင်းမွန်ခြင်းမရှိမှု များမှာလည်း နိုင်ငံ့ဝန်ထမ်းများ၏ ၀န်ဆောင်မှုစွမ်းရည်မြင့်မားရေးအတွက် အဟန့်အတားများပင် ဖြစ်သည်။
မလိုလားအပ်သော ပုံစံများ၊ စာရွက် စာတမ်းများကို လျှော့ချရန်၊ ခေတ်ကာလ၏ တောင်းဆိုမှုနှင့်အညီ သင့် လျော်သည့် ခေတ်မီကိရိယာနှင့် နည်းစနစ်များကို အသုံးပြုရန် လိုအပ် ပါသည်။ အချို့သော ရုံးများတွင် ၀န်ထမ်းများအတွက် အလုပ်လုပ်ကိုင်ရန် သင့်တင့်လျောက်ပတ်သည့်နေရာ လုံလောက်စွာမရှိဘဲ ပြွတ်သိပ်၍ လုပ်ကိုင်နေရမှုများ ရှိနေပါသည်။ လုပ်ငန်းခွင်အနေအထားမှာ ကျန်းမာ ရေးနှင့်ညီညွတ်ရန်၊ လေကောင်းလေသန့်နှင့် အလင်းရောင် လုံလောက်စွာ ရရှိရန် လိုပါသည်။ ၀န်ထမ်းအများစုမှာ မိမိအလုပ်စားပွဲများတွင်သာ အစားအစာများ စားသောက်နေကြရသည်။ အလုပ်ခွင်တွင် ၀န်ထမ်းများ အနားယူရန်၊ အစားအစာစားသုံးနိုင်ရန်အတွက် နေရာထိုင်ခင်း များကို သင့်တင့်လျောက်ပတ်စွာ စီစဉ်ပေးရန် လိုပါသည်။
ယခင်စနစ်ဟောင်းမှ ခေါက်ရိုးကျိုးနေမှု၊ နိုင်ငံ့ဝန်ထမ်းလုပ်ငန်းကို တန်ဖိုးမထားမှု၊ ၀န်ထမ်းများ၏ ဂုဏ်၊ သိက္ခာနှိမ့်ချစော်ကားခံရမှု၊ ၀န်ထမ်း အများစုကိုယ်တိုင် မိမိလုပ်ငန်းများကို တန်ဖိုးထားလေးစားနိုင်ခြင်းမရှိမှု စသည့် မလိုလားအပ်သည့် အန္တရာယ်များကို သုတ်သင်ဖယ်ရှားရန် လိုပါ သည်။
လူတွင် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ “လိုဘ”သာရှိသည်မဟုတ်၊ စိတ်ပိုင်း ဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ “လိုဘ”များရှိသည်ကိုလည်း သတိချပ်သင့်ပါသည်။ ထို့ကြောင့် ၀န်ထမ်းများ၏ စိတ်ပိုင်းနှင့် လူမှုဆက်ဆံရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရန် လိုပါသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မည်မျှသေးငယ်သည့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ နိုင်ငံတော် ယန္တရားလည်ပတ်ရာတွင် ပါဝင် သည့် အစိတ်အပိုင်းတခုဖြစ်သည့်အလျောာက် မိမိအလုပ်ကို တန်ဖိုးထား ရိုသေလေးစားမှုရှိလာစေရန်ကို အခြေအနေများ ဖန်တီးပေးရန် လိုပါသည်။
အရာထမ်း၊ အမှုထမ်းများကို အဆင့်အတန်းအလိုက် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ပြဋ္ဌာန်းပြီး မှန်ကန် လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်ခွင့်ရှိစေရမည်ဖြစ်သည်။ လုပ်ပိုင်ခွင့်နည်းတူ တာဝန်ယူတာဝန်ခံမှုလည်း ရှိရမည်ဖြစ်သည့်အပြင် စစ်ဆေးဖေးမမှုများလည်း ရှိရမည်ဖြစ်သည်။ တာဝန်သိ ၀န်ထမ်းကောင်းများအား ထိုက်တန်စွာ အသိအမှတ်ပြု ချီးမြှင့်ရန်လိုပါသည်။ တဘက်တွင်လည်း အကျင့်ပျက်တာဝန်မဲ့သူများအား ထိရောက်စွာ အရေးယူရန် လိုပါသည်။
ဝန်ထမ်းများတွင် မိသားစု အသိုင်းအ၀န်းနှင့် လွတ်လပ်ပျော်ရွှင် စွာနေနိုင်ရေး၊ ၀ါသနာပါရာကို လုပ်ကိုင်နိုင်ရေးအတွက် အေးချမ်းသာယာသည့် ကိုယ်ပိုင်အချိန်ရရှိခံစားပိုင်ခွင့်ရှိရန် လိုအပ်ပါသည်။
နိုင်ငံ့ဝန်ထမ်းများ မိမိတို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်ကျေပွန်စွာဆောင်ရွက်လာရေး၊ မိမိတို့၏ အလုပ်ကိုလေးစားတန်ဖိုးထား နိုင်ရေးအတွက် ၀န်ထမ်းလောက သာယာစိုပြေမှုရှိအောင် ဖန်တီးပေးခြင်း ဖြင့် စိတ်အားထက်သန်လာအောင် ပြုလုပ်ပေးရန်လိုပါသည်။
ဒီမိုကရေစီစနစ်ဖြင့် ကိုက်ညီမှုရှိအောင် ပြောင်းလဲဆောင်ရွက်ရာ တွင် စိန်ခေါ်မှုပေါင်းများစွာဖြင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်စုံထောင့်စုံမှ စိစစ်သုံးသပ်ရန် လိုပါသည်။ မှားယွင်းသွားပါက ပြန်လည်ပြုပြင်ရန် ခက်ခဲသည့်လျောက်၊ ရှေ့ နောက်စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ရေတိုအကျိုးကိုသာကြည့်ပြီး အစောတလျင် ဆောင်ရွက်မှုများကြောင့် မလိုလားအပ်သည့် ဆိုးကျိုးများ မဖြစ်ပေါ်စေရန် အလေးထားဆောင်ရွက်ရန် လိုပါသည်။

မြသူအောင်

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment