Tuesday, October 21, 2014

ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို အိုးမဲမသုတ်စေလို

လူ့သမိုင်းဖြစ်စဉ်ကို ကြည့်လျှင် အီဗော်လူးရှင်းခေါ် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု သီအိုရီက ထင်ရှားသည်။ ထိုသီအိုရီအရ လူသည် မျောက်မှတစ်ဆင့် တဖြည်းဖြည်း အဆင့်အတန်း မြင့်လာကာ မြေကမ္ဘာပေါ်တွင် အသိဉာဏ်အကြီးဆုံး သတ္တဝါအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

ဂူအောင်း လူသားဘဝမှသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တို့ကို ကျော်ဖြတ်ကာ ယနေ့ အိုင်စီတီခေတ်အထိ လူသားတို့၏ အတတ်ပညာ၊ စွမ်းရည်နှင့် ယဉ်ကျေးမှုများ တဖြည်းဖြည်း မြင့်မားလာခြင်းမှာ အီဗော်လူးရှင်း သဘောပင်ဖြစ်သည်။


ဤနေရာတွင် မေးခွန်းထုတ်စရာ ရှိသည်မှာ အီဗော်လူးရှင်း သီအိုရီအရ လူသားတို့၏ ကြံစည်၊ တွေးခေါ်တီထွင်မှုများ ဆင့်ကဲတိုးတက်မှုကြောင့် လူ့အဖွဲ့အစည်း၏ ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်း မြင့်မားလာခြင်းမှာ အငြင်းပွားစရာ မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာများရော လိုက်ပါ မြင့်မားလာသလော ဟူသော မေးခွန်းဖြစ်သည်။

ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းတစ်လျှောက် မှတ်တမ်းတင်ထားသမျှ အဖြစ်အပျက်များကို လေ့လာကြည့်လျှင် လက်ရုံးအားကိုးခေတ်တွင် ဖြစ်ပေါ်ခဲ့သော စစ်ပွဲများထက် နယ်မြေချဲ့ထွင်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးကြောင့် ဖြစ်ပေါ်ခဲ့သော ခေတ်သစ်စစ်ပွဲများက သေကျေပျက်စီးမှု ရာနှုန်း ပိုများနေသည်ကို တွေ့ရပေမည်။

ယနေ့ခေတ်သည် ရုပ်ဝတ္ထုပစ္စည်များ အလျှံပယ် ပြောင်းလဲ ဖွံ့ဖြိုးနေသောကြောင့် အတိတ်ကာလများ ထက်စာလျှင် လူတို့၏ အတ္တနှင့် လောဘစိတ်ကို ပို၍ ကြီးထွားလာစေသည်။ ခေတ်ပေါ်အသုံးအဆောင်၊ အဝတ်အစား၊ ယာဉ်ယန္တရားများနှင့် လုပ်ပိုင်ခွင့်အာဏာတို့က ယဉ်ကျေးသော လူသားတို့၏ လောဘစိတ်ကို နှိုးဆွပေးကာ ကျင့်ဝတ်၊ စာရိတ္တတို့ကို ယိမ်းယိုင်စေသည်။ ထိုမှတစ်ဆက်တည်း သနားညှာတာ ထောက်ထားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ကို ပါးလျသွားစေသည်။

သို့ဆိုလျှင် ယနေ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နေသော ပြဿနာများ၊ ပဋိပက္ခများ၊ ပြည်တွင်း၊ ပြည်ပ စစ်ပွဲများကို ချဉ်းကပ် ဖြေရှင်းနေကြသည့် နည်းလမ်းများမှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခု၏ ဂုဏ်အင်္ဂါနှင့် လျော်ညီပါ၏လောဟု မေးစရာ ရှိပေမည်။

များစွာ သေချာသည့်အချက်မှာ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်းများသည် အတ္တ၊ အကျိုးစီးပွား မကင်းနိုင်သမျှ ငြိမ်းချမ်းပြေလည်မှု မရနိုင်ဆိုသော အချက်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ကြည့်လျှင်ပင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များအတွက် ဆွေးနွေးမှုများ၊ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးမှုများ ရှိနေလင့်ကစား တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ တစ်ဖက်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ကိုယ်ကျိုးစီးပွားများ ပါဝင်နေကြောင်း ထင်းလင်းစွာ ဖော်ပြသကဲ့သို့ ရှိနေပေသည်။

ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည် ဖော်နေခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခု၏ ပြဿနာများကို ယဉ်ကျေးသော နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားနေခြင်း တစ်နည်းအားဖြင့် လက်ဖြင့် စာရေးနေခြင်း ဖြစ်သည်။ ထိုငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများကို ကိုယ်ကျိုး အတ္တစီးပွားများကြောင့် တမင်ပျက်စီးလိုသော ရည်ရွယ်ချက်ဖြင့် တိုက်ပွဲများ ဖြစ်ပွားစေရန် ဖန်တီးနေခြင်းမှာ လက်ဖြင့် ရေးထားသည်ကို ခြေဖြင့် ဖျက်ဆီးခြင်း (ဝါ) ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို အိုးမဲသုတ်ခြင်းပင် ဖြစ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၂၀-၁၀-၂၀၁၄)

------------------------------
The Voice Daily Editorial, Vol-2,No-163 (#voiceeditorial)

Credit - The Voice Weekly

No comments:

Post a Comment