ရန်ကုန်၊ အောက်တိုဘာ ၂၀
၂၀၀၈ အခြေခံဥပဒေဖြင့် ဒုတိယအကြိမ်မြောက်
ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပထမပတ်
နောက်ဆုံးထားပြီး ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင်
ရန်ကုန်မြို့တော်ရှိ မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင်
မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်နှင့်
နိုဝင်ဘာ ပထမပတ်အတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
“ဘယ်သူတွေ
ဘာပဲပြောပြော ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပါ။ အခြေခံဥပဒေအရ
လက်ရှိအစိုးရ သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၉၀ မတိုင်မီ
အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ရမည်လို့ ပါပြီးသား၊ ဥပဒေကို မကျော်ပါဘူး”
ဟု ၎င်းကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှသာလျှင်
၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည် ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလအတွင်း လစဉ် ပြောကြားသည့်
ရေဒီယို မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားထားသည်။
“ရွေးကောက်ပွဲ
နောက်ဆုတ် မဆုတ်ဆိုတာ သမ္မတအပေါ်တင် မူတည်တာ မဟုတ်ပါဘူး။
ရွေးကောက်ပွဲကော်မရှင်က လွတ်လွတ်လပ်လပ် ရပ်တည်နိုင်တယ်ဆိုရင်
သူ့အချိန်နဲ့သူ လုပ်ရမှာပေါ့” ဟု အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ
ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မှတ်ချက်ပြုသည်။
ထို့အပြင် ရွေးကောက်ပွဲ
အချိုးကျကိုယ်စားပြုစနစ် PR ကို ပြောင်းလဲ အသုံးပြုရန်အတွက်
ပြည်ထောင်စုလွှတ်တော်အတွင်း ဆောင်ရွက်နေမှုများကြောင့် ရွေးကောက်ပွဲ
နောက်ကျပြီးမှသာ ကျင်းပဖွယ်ရှိကြောင်း ပြည်တွင်းပြည်ပ
နိုင်ငံရေးလေ့လာသူများက သုံးသပ် ပြောကြားထားသည်။
ထို့အပြင်
ရွေးကောက်ပွဲစနစ် ပြောင်းလဲအသုံးပြုရန် ပြည်ထောင်စု လွှတ်တော်က ဥပဒေ
ပြဋ္ဌာန်းပါက ရွေးကောက်ပွဲ နည်းဥပဒေများ၊ ရွေးကောက်ပွဲ ပညာပေးများ
ပြင်ဆင်နိုင်ရေး အချိန်လုံလောက်စွာ ရရှိရန် လိုအပ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၃ ခုနှစ်အတွင်း ပြောကြားထားသည်။
၂၀၁၀ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇
ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်းရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်
မရစေရန် ဥပဒေအချို့ဖြင့် တားဆီးပြုလုပ်ခဲ့သောကြောင့် NLD ပါတီက
ရွေးကောက်ပွဲ သပိတ်မှောက်ခဲ့ပြီး ယင်းရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ဟု
ကြေညာခဲ့သည်။
ထို့ပြင် အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံတကာ
သတင်းမီယာများနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများကို
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် မပြုပေ။
ထို့ကြောင့် အဆိုပါ
၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း
နိုင်ငံတကာ အဖွဲ့အစည်းများက ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
NLD ပါတီ
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့
တွေ့ဆုံပြီးနောက် ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲမူ
လွတ်လပ်မျှတမှု၊ ပွင့်လင်းမြင်သာမှု အချို့ရှိလာကြောင်း အမေရိကန်နှင့်
ဥရောပအခြေစိုက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများက
ပြောဆိုခဲ့သည်။
Credit - The Voice Weekly
No comments:
Post a Comment