
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ်/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ပြည်သူ့လွှတ်တော်သို့တင်ပြသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်၏
ရွေးကောက်ပွဲစနစ်များတွင် ပီအာရ်စနစ်အပါအ၀င် ယင်းစနစ်နှင့် ရောနှောကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်အများစု ပါဝင်နေကြောင်း အောက်တိုဘာ ၂၁ ရက် က ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် ယင်းကော်မရှင်၏ အစီရင်ခံစာအရ သိရသည်။
အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မ ရှင် အစီရင်ခံစာ၌ မြန်မာ နိုင်ငံနှင့် သင့်တော်မည့် ရွေးကောက်ပွဲစနစ် ရှစ်မျိုးကို တင်ပြ ထားရာ ပီအာရ်စနစ်ပါဝင်လာပြီး အခြားသော ရွေးကောက်ပွဲစနစ်များသည်လည်း ပီအာရ် စနစ်နှင့် ရောနှောကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်များဖြစ်နေသည်။
‘‘သူတို့က ပီအာရ်စနစ်ကိုချည်းပဲ အားထည့်ထားတာပေါ့လေ။ အများကတော့ ရှစ်ခုမှာ ပီအာရ်နဲ့ လွတ်တာဆိုလို့ တစ်ခုပဲ ပါတယ်။ ကျန်တဲ့ ခုနစ်ခုက အကုန်လုံးပီအာရ်ချည်းပဲ။ အများစုက ပီအာရ်နဲ့ပဲသွားဖို့ တင်ပြချက်ပဲ။ လွှတ်တော်မှာ အာဏာရပါတီက မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ် ကျွန်တော်တို့ထင်တယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်တွင် ပါဝင်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကပြောသည်။
အဆိုပါ အစီရင်ခံစာကို လွှတ်တော်တွင် ဆွေးနွေးကြမည့် ကိုယ်စားလှယ်များအမည်စာရင်း တောင်းခံထားပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးကျော် ၀င်ရောက်ဆွေးနွေးမည်ဖြစ်သည်။
အဆိုပါကော်မရှင်က ပြည် သူ့လွှတ်တော်သို့ တင်ပြထားသည့် မြန်မာနိုင်ငံနှင့် သင့်တော်မည့်ရွေးကောက်ပွဲစနစ်ရှစ်မျိုးတွင် မဲအများဆုံးရသူ အနိုင်ယူ စနစ်၊ စာရင်းလိုက်အချိုးကျကိုယ် စားပြုစနစ်၊ မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ထားသော ရွေးကောက်ပွဲစနစ် (၅၀ ရာခိုင်နှုန်း အပေါင်းတစ်မဲမရရှိသော ကိုယ်စားလှယ်များအား အခွင့်အရေးပေးသော စနစ်)၊ တိုင်းဒေသကြီးများတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးပြီး ပြည်နယ်များတွင် လက်ရှိမဲအများဆုံးရသူ အနိုင်ယူစနစ်ကို အပြိုင် ကျင့်သုံးမည့် စနစ်များပါဝင်နေခြင်းဖြစ်သည်။
အဆိုပါရွေးကောက်ပွဲစနစ်များတွင် မည်သည့်စနစ်ကို ကျင့် သုံးရမည်ဟု ကော်မရှင်က ဆုံး ဖြတ်ပေးထားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ရွေး ကောက်ပွဲစနစ်များကို အကြံပြု တင်ပြထားခြင်းဖြစ်သဖြင့် လွှတ် တော်ကိုယ်စားလှယ်များကသာ ရွေးကောက်ပွဲစနစ်ရှစ်မျိုးတွင် အသင့်တော်ဆုံးစနစ်ကို ဆွေးနွေး ဆုံးဖြတ်ရွေးချယ်ကြရမည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကပြော သည်။
ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ဆွေးနွေးတင်ပြချက်များအရ မဲဆန္ဒရှင်များနှင့် ပါတီငယ်များအတွက် တရားမျှတမှုရှိစေရန် လိုအပ်ကြောင်း၊ အများစုသည် အုပ်ချုပ်ခွင့်ရှိပါ၏။ သို့ သော်ပြည်သူတစ်ရပ်လုံးသည် ကိုယ်စားပြုခွင့်ရှိရပါမည်ဟူသော ဆိုရိုးအတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရသော မဲများနှင့် လွှတ်တော်ကိုယ်စားလှယ်များရရှိမှုအချိုးကျရန်လို အပ်ကြောင်း၊ ကိုယ်စားပြုခြင်း အတွက် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၊ ပါတီစုံပါဝင်နိုင်ရန် လိုအပ်ကြောင်း၊ ယင်းသို့ဖြစ်ပေါ် လာစေရန် ပြည်နယ် ခုနစ်ခုတွင် မဲအများဆုံးရသူ အနိုင်ယူစနစ်၊ တိုင်းဒေသကြီး ခုနစ်ခုနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စာရင်းလိုက်အချိုးကျကိုယ်စား ပြုစနစ်တို့ကို ပေါင်းစပ်ကာ ပူးတွဲ ယှဉ်ပြိုင်စနစ်ကျင့်သုံးသင့် ကြောင်း အကြံပြုထားသည်ဟု ကော်မရှင်ကလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရာတွင် ထည့်သွင်းဖော်ပြသွားသည်။
သို့သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များကမူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ လက်ရှိရွေး ကောက်ပွဲစနစ် ပြောင်းလဲရန် အချိန်မသင့်သေးကြောင်းနှင့် ပီအာရ်စနစ်ကို ကျင့်သုံးမည်ဆိုပါက မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူ များအတွက် ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း လွှတ်တော်တွင် ဆွေးနွေးပြောဆိုမှုများရှိခဲ့ သည်။
ယင်းအစီရင်ခံစာကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးပြီးသည့်အခါ ကော်မရှင်က အကြံပြု ထားသည့် နည်းလမ်းရှစ်ခုအနက် အသင့်တော်ဆုံးနည်းလမ်းတစ်ခုအား လွှတ်တော်က ရွေးချယ်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် အပြုသဘောဆောင်သော ဆွေးနွေးချက်များဖြင့် ဆောင်ရွက်သွားစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းကပြောသည်။
Credit - 7DAY DAILY
No comments:
Post a Comment