ရန်ကုန်၊ အောက်တိုဘာ ၂၂
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု
အန္တရာယ်များ ဖြစ်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် တားဆီးမှုများ
ပြုလုပ်ရန်အတွက် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ယခုနှစ်အတွင်း
ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဇွန်လက ကျင်းပခဲ့သော
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို
အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အခြားသက်ဆိုင်ရာ
ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်ဦးရေ ၄၀ ကျော် ပါဝင်သည့် အကြမ်းဖက်မှု
တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
“မြန်မာနိုင်ငံမှာ နိုင်ငံတကာ အကြမ်းဖက်အုပ်စုတွေနဲ့
ဆက်သွယ်ဆောင်ရွက်နေတဲ့ အကြမ်းဖက်သမားတွေ မရှိသေးဘူး ဆိုပေမယ့်
အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အယောက် ၃၀ နီးပါးက စစ်ဆေးနေပါတယ်။
ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့ အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့
ဖွဲ့စည်းမှာ။ အဖွဲ့မှာ ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူ
ဆောင်ရွက်သွားမယ်” ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံ့ခေါင်းဆောင်များ
တက်ရောက်ခဲ့သည့် နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ မသင်္ကာဖွယ်
နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမား ၇၀၀ ကျော်၏ အချက်အလက်များကို
မြန်မာနိုင်ငံသို့ ပေးပို့ထားသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
နိုင်ငံတော်လုံခြုံရေး အဆင့်အထိ သတ်မှတ်ဆောင်ရွက်လျက် ရှိပြီး
အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ရန်
စီစဉ်နေခြင်း ဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ
စုံစမ်းသိရှိရသည်။
“အကြမ်းဖက်ခံရမှု သတင်းတွေ ထပ်မံ မပေါ်ထွက်လာပေမယ့်
လုံခြုံရေးကိုတော့ အမြင့်ဆုံးအဆင့် တပ်လှန့်ထားတယ်။ မောင်တောနဲ့
တောင်ကြီးမှာ မိခဲ့တဲ့ အကြမ်းဖက် သံသယရှိသူတွေကိုလည်း လက်ရှိ
ရုံးတင်စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ
အကြီးတန်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ဘာသာရေး အစွန်းရောက်သူ
တစ်စုက အီရတ်မြောက်ပိုင်းရှိ ဒေသအချို့နှင့် ဆီးရီးယားနိုင်ငံရှိ
ဒေသအချို့တို့ကို အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အစ္စလာမ္မစ် (IS)
နိုင်ငံတော်ဟု ကြေညာကာ ပြီးခဲ့သော စက်တင်ဘာလဆန်းပိုင်းက အယ်လ်ကေဒါအဖွဲ့
ခေါင်းဆောင်ဖြစ်သူက အိန္ဒိယနိုင်ငံတွင် ၎င်းတို့ရုံးခွဲတစ်ခု ဖွင့်လှစ်ထားပြီး
အဖွဲ့၏ လှုပ်ရှားမှုများကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့
အတွင်း တိုးချဲ့ လုပ်ဆောင်သွားမည်ဟု ဗီဒီယိုဖိုင်ဖြင့် လူမှုကွန်ရက်
ဝက်ဘ်ဆိုက်တစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ယခုလအတွင်း
မန္တလေးလေဆိပ်တွင် KBZ လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ်မှ အစ္စလာမ္မစ် IS
အဖွဲ့နှင့် ပတ်သက်သော စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သောကြောင့်
ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း Tourism Police
အဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“အကြမ်းဖက်သမားတွေနဲ့
ပတ်သက်တဲ့ အချက်အလက်တွေကို အင်တာပိုအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို
ပေးပို့ပြီး လိုအပ်တဲ့ အကူအညီတွေကို ပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းပြီးရင် သက်ဆိုင်ရာ
ဝန်ကြီးဌာနတွေကပါ ပူးပေါင်းလာမှာဆိုတော့ ပြည်တွင်းလုံခြုံရေးကို
ပိုမိုဆောင်ရွက်သွားနိုင်မှာပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ
အကြီးတန်း ရဲအရာရှိက ရှင်းပြသည်။
Credit - The Voice Weekly
No comments:
Post a Comment