Saturday, October 25, 2014

ပါလီမန်ဒီမိုကရေစီခေတ်မှ ဖဆပလအဖွဲ့ချုပ်ကြီး၏ အကွဲအပြဲဇာတ်လမ်းများနှင့် နိုင်ငံရေးသင်ခန်းစာများ

– လှမြင့် (ရန်ကုန်တက္ကသိုလ်)
အာဏာရပါတီဖြစ်သော ဖဆပလအတွင်း အကွဲအပြဲကြောင့်သာ ဖြစ်သည်။ ဖဆပလ ခေါင်းဆောင်များသည် နှစ်ပေါင်းရှည်ကြာစွာ အာဏာယစ်မူး ခဲ့ကြပြီးနောက် ရန်ဘက်အုပ်စုကြီးနှစ်ရပ်အဖြစ် ဖဆပလအဖွဲ့ကြီး ကိုပြိုကွဲရန် ဆုံးဖြတ်ခဲ့ကြသည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး နောက်မြန်မာ့နိုင်ငံရေးသမိုင်းတွင်ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ချုပ်ကြီးသည် အင်အား အတောင့်တင်းဆုံးသော အမျိုးသားတပ်ဦး နိုင်ငံရေး အဖွဲ့အစည်းကြီး အဖြစ် ရပ်တည် ခဲ့သည်။

၁၉၄၆ခုနှစ်တွင် ဖဆပလအဖွဲ့ချုပ်ကြီးမှ ဦးဆောင်သော အထွေထွေ သပိတ် မှောက်တိုက်ပွဲများ အပါအ၀င် လှုပ်ရှား တော်လှန်ဆန့်ကျင်မှု များ ပေါ်ပေါက်ခဲ့ပြီး နောက် ရှိရင်းစွဲကိုလိုနီအခြေအနေကိုဆက် လက်ထိန်းသိမ်း လိုသည့် ဘုရင်ခံချုပ် ဆာဒေါ်မန်စမစ်၏နေရာ၌ ဆက်ခံသူ ဗိုလ်ချုပ် ကြီးဆာဟူးဘတ်ရန့်စ်သည် ဘုရင်ခံ ကောင်စီ တွင် ပူးပေါင်းပါဝင်ရန် ဖဆပလ အဖွဲ့ကြီးအား ဖိတ်မန္တကပြုလုပ်ခဲ့သည်။…
၁၉၄၆ခုနှစ်ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပြည်သူ့ရဲဘော်အဖွဲ့၊ ဆိုရှယ်လစ်အဖွဲ့ ကွန်မြူနစ်အဖွဲ့ဟူသော အဓိက အုပ်စုကြီး ၃စု စုစည်းပါဝင်ခဲ့သည်။ ဘုရင်ခံ၏ ကောင်စီ (၀န်ကြီးအဖွဲ့)၏ ရာထူးခန့်ထားမှုများတွင် ၀န်ကြီးအဖွဲ့ (၂)နေရာအတွက် ကွန်မြူနစ် အဖွဲ့ကိုယ်စားလှယ်အဖွဲ့က ရရှိရန် ဆန္ဒရှိသော်လည်း တစ်ဦးတည်းသာ ရရှိခဲ့ ခြင်း ကြောင့် ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ အထွေထွေအတွင်း ရေးမှူး သခင် သန်းထွန်း (ကွန်မြူနစ်ပါတီ)တို့ အငြင်းအခုံဖြစ် သဘောထားစတင်ကွဲ လွဲခဲ့ကြသည်။ သခင်သန်းထွန်းသည် ဖဆပလ အထွေထွေအတွင်းရေးမှူး အာ ဏာကို အသုံးချလျက် ဖဆပလအဖွဲ့ချုပ်ကြီး၏ သော့ချက် နေရာဌာ နများကို ကွန်မြူ နစ်အဖွဲ့ဝင်များအား နေရာပေးခဲ့သည်။ ယင်းသို့နေရာယူ လုပ်ကြံဖန်တီး၍ အာဏာကို အသုံး ချသော စွဲချက်ဖြင့် ၁၉၄၆ခုနှစ် အောက်တိုဘာလ၌ ဖဆပလအဖွဲ့ချုပ်ကြီး သည် ကွန်မြူနစ်ပါတီကို ထုတ်ပယ်ခဲ့ သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ် ပါတီသည် တောခိုသွားခဲ့သည်။ ယင်းဖြစ်ရပ်သည် ဖဆပလ အဖွဲ့ချုပ်ကြီးအတွင်း၌ ပထမဦးဆုံးပေါ် ပေါက်ခဲ့ သောကြီးမားသည့် သမိုင်းဝင်အကွဲ အပြဲဇာတ်လမ်းဖြစ်သည်။ ထို့ကြောင့် ဖဆပလ အဖွဲ့ကြီးတွင် ပြည်သူ့ ရဲဘော်နှင့် ဆိုရှယ်လစ်ဟူသော အဖွဲ့အစည်းနှစ်ခုသာ ရှိတော့သည်။
၁၉၄၈ခုနှစ်၊ မေလ ၂၅ရက်နေ့တွင် ၀န်ကြီးချုပ်သခင်နု(ဦးနု)သည် ဖဆပလအဖွဲ့ကြီး၏ ဥက္ကဋ္ဌအဖြစ်နှင့် အချက် ၁၄ ချက် ပါဝင်သောလက်ဝဲညီညွတ်ရေး အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း အစီအစဉ်တွင် လက်ဝါး ကြီးအုပ်အရင်းရှင်များ၏ လက်ဝယ်သို့ရောက်ရှိနေသော စက်မှုလုပ်ငန်းများအား ပြည်သူပိုင်အဖြစ် သိမ်းယူ ရေး၊ လယ်လုပ်သူများအား လယ်ယာ မြေပေးရေး၊ ပြည်ပ ကုန်သွယ်မှုကို နိုင်ငံ တော်က ထိန်းချုပ်ရေး၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာကျသော လွတ်လပ်မှုများကို မထိန်းနိုင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကိုကန့်သတ်ရေး၊ စက်မှု စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ ပါဝင်သည်။
သခင်နု၏ လက်ဝဲညီညွတ်ရေး အစီအစဉ်ကို ဖဆပလအဖွဲ့ကြီးအတွင်းရှိပြည်သူ့ ရဲဘော်အဖွဲ့ဝင်များက သဘော မတူညီကြဘဲ လက်နက်ကိုင်တော်လှန် ပုန်ကန်နေ သော အလံဖြူ၊ အလံနီ ကွန်မြူနစ်များနှင့် ပူးပေါင်း ဆောင်ရွက်ရေး သည်သာ လက်ဝဲ ညီညွတ်ရေးအတွက် အခြေခံ ဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ သည်။ ဤသို့ဖြင့်ပြည်သူ့ရဲဘော် အဖွဲ့ကြီး အတွင်း၌ ရဲဘော်ဖြူနှင့် ရဲဘော်ဝါဟူ၍ အုပ်စုနှစ်ခု ထပ်မံကွဲခဲ့သည်။ ရဲဘော်ဖြူအဖွဲ့သည် မြေအောက်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းရန် ၁၉၄၈ခုနှစ်ဇူလိုင်လတွင် ထပ်မံတောခိုသွား ခဲ့ကြသည်။ ဖဆပလအဖွဲ့ချုပ်တွင် ကျန်ရစ်ခဲ့သော ရဲဘော်ဝါအဖွဲ့သည် ဆိုရှယ်လစ် အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ယင်းအကွဲအပြဲ ဇာတ်လမ်းသည် ဖဆပလအဖွဲ့ချုပ်ကြီး အတွင်း၌ သမိုင်းဝင်ဒုတိယအကွဲအပြဲ ဇာတ်လမ်း ဖြစ် သည်။
ဖဆပလအဖွဲ့ချုပ်ကြီးသည် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ရဲဘော်ဖြူတို့ကို ထုတ်ပယ်ပစ်ခဲ့ပြီးနောက် ဆိုရှယ်လစ် ပါတီသည် ဖဆပလအဖွဲ့ချုပ်ကြီးကို လွှမ်းမိုးနေသော တစ်ခုတည်းသော အင်အားစုကြီးဖြစ်လေသည်။ သို့သော် ဆိုရှယ်လစ် ပါတီအတွင်း၌လည်း ထပ်မံ၍အကွဲအပြဲ ဇာတ်လမ်း ပေါ်ပေါက် လာခဲ့ပြန်သည်။ ဆိုရှယ်လစ်ပါတီ အတွင်း၌ ဆိုရှယ်နီနှင့် ဆိုရှယ်ဖြူဟူ၍နှစ်ခု ထပ်မံကွဲပြဲခဲ့သည်။ ဖဆပလအဖွဲ့ချုပ်၏ သမိုင်းဝင်တတိယ အကွဲ အပြဲဇာတ်လမ်း ဖြစ်သည်။
ဆိုရှယ်နီတို့သည် ကွန်မြူနစ်လိုလား သူတို့ဖြစ်ကြသည်။ ဆိုရှယ်လစ်ပါတီအတွင်း၌ အကွဲအပြဲဖြစ်ရခြင်းနှင့် အဓိက အကြောင်းရင်းမှာ ကိုရီးယားစစ်ပွဲနှင့်ပတ် သက်သော ဖဆပလအစိုးရ၏ မူဝါဒကိုပါလီ မန်လွှတ်တော်၌ ဆိုရှယ်လစ်ခေါင်းဆောင် များဖြစ်ကြသော သခင်လွင်၊ သခင်ချစ် မောင်နှင့် သခင်လှကြွေတို့က ဝေဖန်ပြစ် တင်ဆွေးနွေးမှုမှ စတင်ခဲ့သည်။ ထိုပုဂ်္ဂိုလ် ၃ဦးကို မိမိ၏ပါတီဖြစ်သော အစိုးရမူဝါဒ ကို ဝေဖန်ရှုတ် ချခဲ့သော ကြောင့် ဖဆပလ အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။ အထုတ်ပယ်ခံ ပုဂ်္ဂိုလ်များက ဗမာပြည်အလုပ်သမားနှင့် လယ်သမားပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယင်းပါတီသည် ဖဆပလအဖွဲ့ကြီး ကို မြေပေါ်မှဆန့်ကျင်ခဲ့သော အင်အားအ တောင့်တင်းဆုံး နိုင်ငံရေးပါတီအဖြစ် ထင်ရှားခဲ့သည်။
ဖဆပလအဖွဲ့ချုပ်ကြီးအတွင်း စတုတ္ထမြောက်နှင့် အပြီးသတ်အကွဲအပြဲ ဇာတ်လမ်းကြီးမှာ ဖဆပလအဖွဲ့ချုပ်ကြီး ကို လွှမ်းမိုးချုပ်ကိုင်ထားသော ဆိုရှယ်လစ်ပါတီတွင်း အကွဲအပြဲသမိုင်းဝင်ဖြစ်စဉ်ပင် ဖြစ် သည်။ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သော ဦးနုသည် ဖဆပလအဖွဲ့ချုပ်ကြီး၏ အဖွဲ့ကြီး ၃ဖွဲ့ဝင်မဟုတ်ဘဲ တစ်သီးပုဂ္ဂလ နိုင်ငံရေး သမားဖြစ်သည်။ ၁၉၅၂ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို ၀န်ကြီး ချုပ်ဦးနုခေါင်းဆောင်သော တစ်သီးပုဂ္ဂလနှင့် ဆိုရှယ်လစ်များ ဦးဆောင်ခဲ့ပြီး ခရိုင်မြို့နယ်များရှိ အလုပ် သမား အဖွဲ့နှင့် တောင်သူလယ်သမားများ အစည်းအရုံးများသည် ဆိုရှယ်လစ်အုပ်စု သခင်တင်၊ ဦးဗဆွေနှင့် ဦးကျော် ငြိမ်းတို့၏ သြဇာခံများ ဖြစ်ခဲ့ကြသည်။ တစ်သီးပုဂ္ဂလ ဦးနုသည် ဆိုရှယ်လစ် ခေါင်းဆောင် ၃ဦးနှင့် မိတ္တဗလဋီ ကာ လူပေါ်လူဇော်လုပ်နည်းခံ ဟူသော ကျင်လည်ပါးနပ်ပညာသားပါမှု နှင့်လိုက်လျောညီထွေပင် ဦးစွာလုပ် ကိုင် ဆက်ဆံဆောင်ရွက်ခဲ့သည်။
ဖဆပလအဖွဲ့ကြီးအတွင်း အပြီးသတ် စတုတ္ထအကြိမ်အကွဲအပြဲဇာတ်လမ်း သမိုင်း ဖြစ်စဉ်သည်-
ဘ၀င်မြင့်ရောဂါနှင့် သူတစ်ပါးကို အထင်သေးသော ရောဂါစွဲကပ်မှုတို့ကို အခြေခံ၍ ဆိုရှယ်လစ်ပါတီ ၀င်များ အတွင်း ဂိုဏ်းဂဏအယူအဆများ ကွဲခဲ့ခြင်း ဖြစ်သည်။ ဆိုရှယ်လစ်ပါတီဝင်များအတွင်း၌ ပညာတတ်လူတန်း စားအုပ်စုနှင့် ပညာမဲ့ လူတန်းစားအုပ်စုဟူ၍ ထပ်မံကွဲပြားခဲ့သည်။ ပညာတတ်လူတန်းစားအုပ်စုကို ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ ဦးဆောင်၍ ပညာမဲ့လူတန်းစားအုပ်စုကို သခင်တင်နှင့် သခင်ကျော်ထွန်းတို့က ဦးဆောင်သည်။ ပညာတတ်လူတန်းစားအုပ်စုက စက်မှုနိုင်ငံ ထူထောင်ရေးကို ယုံကြည်၍ ပညာမဲ့ လူတန်းစားအုပ်စုက လယ်ယာ စိုက်ပျိုးရေး အပေါ်တွင် အခြေခံရန်လက်ခံခဲ့ကြသည်။
၁၉၅၂ခုနှစ် သြဂုတ်လတွင် ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်ဖြစ်သော မည်သည့်ဘက်ကိုမျှ ဘက်မ လိုက်သေး သော ဦးနုသည် ပြည်တော်သာ စီမံကိန်း ကွန်ဖရင့်ကို ကျင်းပခဲ့သည်။ ယင်းစီမံကိန်း ကွန်ဖရင့်ကို ကျင်းပပြီးနောက် ပညာတတ် လူတန်းစားအုပ်စုသည် စက်မှုလက်မှု၊ သတ္တုတွင်း၊ သမ၀ါယမ၀န်ကြီးဌာနများ ကို ကိုင်တွယ်၍လည်းကောင်း၊ ပညာမဲ့ လူတန်းစားအုပ်စုသည် လယ်ယာစိုက်ပျိုးရေး (တောင်သူလယ်သမား အစည်းအရုံး -ဗတလစ)၊ လယ်ယာမြေနိုင်ငံပိုင် ပြု လုပ်ရေး၊ ဒီမိုကရေစီဒေသန်္တရအုပ်ချုပ်ရေး ၀န်ကြီးဌာန၊ စီးပွားကုန်သွယ်ရေးအဖွဲ့ (စပကသ)များကို ကိုင်တွယ်၍ လည်းကောင်း မိမိတို့သဘောကျ စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြသည်။
ဆိုရှယ်လစ်ပါတီအတွင်း၌ ပညာအရည်အချင်းကွဲပြားမှုပေါ်တွင် အခြေခံ၍ ပေါ်ပေါက်ခဲ့သော အုပ်စုအကွဲ အပြဲ ဇာတ်လမ်းသည် ပိုမိုပြင်းထန်လာသည်။ ပညာမဲ့ လူတန်းစားအဖွဲ့ကြီးက မိမိတို့၏ အဖွဲ့ဝင်များသည် ပညာမ တတ်သော်လည်း သန့်ရှင်းကြောင်း၊ အုပ်စုဝင်ခေါင်းဆောင် ၃ ယောက်ပေါင်းမှ ခုနစ်တန်းသာ ရှိသော်လည်း ပညာတတ်လူတန်းစားအဖွဲ့ကြီးမှ ဘွဲ့ရပုဂ်္ဂိုလ်များထက် သန့်ရှင်းကြောင်း ကြွေးကြော်ခဲ့သည်။ ယင်းအဖွဲ့ အစည်း ကြီးနှစ်ရပ်သည် စည်းရုံးရေး အားပြိုင်မှု များမှတစ်ဆင့် ပုဂ်္ဂိုလ်ရေး ပဋိပက္ခအဖြစ်သို့ ကြီးထွားလာခဲ့ သည်။ ၀န်ကြီးချုပ်ဦးနုသည် ဖဆပလအဖွဲ့ချုပ်ကြီးအတွင်း ဂိုဏ်းဂဏ ပဋိပက္ခများမှ လုံးဝကင်းရှင်းပြီး ယင်း ပဋိပက္ခများ ရပ်တန့်သွားရန် မကြာခဏ ဖိအားပေးလုပ်ဆောင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တစ်သီးပုဂ္ဂလ အဖြစ် ရပ်တည်ခဲ့သော ၀န်ကြီးချုပ်ဦးနုသည် ပုဂ်္ဂိုလ်ရေးသံသယများ၊ အာဃာတများကို အကြောင်းရင်း ခံပြု၍ လည်းကောင်း၊ ဖဆပလ အဖွဲ့ချုပ်ကြီးအတွင်း အာဏာလုမှုများကို အရင်းခံ၍လည်းကောင်း ၁၉၅၈ခုနှစ် ဧပြီ လ ၂၃ ရက်နေ့တွင် သခင်တင်၊ သခင်ကျော်ထွန်း ဦးဆောင်သောအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ထိုကြောင့် ဖဆပလ အဖွဲ့ချုပ်ကြီးတွင် ဦးနုနှင့်သခင်တင် ဦးဆောင် သောနုတင်(သန့်ရှင်းဖဆပလ)နှင့် ဦးဗဆွေ နှင့် ဦးကျော်ငြိမ်းတို့ ဦးဆောင်သော ဆွေ-ငြိမ်း (တည်မြဲဖဆပလ)ဟူ၍ ၁၉၅၈ ခုနှစ်တွင်အတိအလင်း နှစ်ခြမ်းကွဲခဲ့ သည်။
ဤသို့ ဖဆပလအဖွဲ့ချုပ်ကြီး နှစ်ခြမ်းကွဲခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့သော ရလဒ်များမှာ နိုင်ငံရေး မတည်ငြိမ်မှုများ နှင့် ခေါင်းဆောင်များ ၏ နိုင်ငံရေးသိက္ခာထိ ပါးခံရမှု၊ သိက္ခာကျဆင်းမှုများပင် ဖြစ်သည်။ အုပ်စု နှစ်ခုသည် တစ် ဖက်နှင့် တစ်ဖက် စွပ်စွဲပုတ် ခတ်မှုများ ပြုလုပ် ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် လာဘ်ပေး လာဘ်ယူ မှု၊ ငါ့တူ၊ ငါ့သား၊ ငါ့ မယားတို့ ကောင်းစား အောင်ဆောင်ရွက်မှု၊ မျက်နှာလိုက်မှု အာဏာမက် မှု၊ ကြာခိုမှု၊ ပြန် ပေးဆွဲမှု လူသတ်မှု ကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း အပြန်အလှန် စွပ်စွဲမှု များပြုလုပ်ခဲ့ခြင်းကြောင့် အုပ်စု နှစ်ခုစလုံးမှ ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာများ ထိပါးခဲ့ရသည်။ အချို့သော စွပ်စွဲမှုများသည် အခြေ အမြစ် မရှိသော်လည်း ၀ါးလုံးရှည်နှင့် သိမ်းကျုံး၍ ရမ်းသော သဘောဖြင့် ဖဆပလအဖွဲ့ကြီး၏ ထိပ်ပိုင်း ခေါင်းဆောင် များသည် စွပ်စွဲပြော ဆိုမှုခံရခြင်းမှ ကင်းလွတ်ခြင်းမရှိခဲ့ပေ။
ပါလီမန်ဒီမိုကရေစီ၏ နိုင်ငံရေးအကွဲ အပြဲဇာတ်လမ်း သမိုင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းက -
အတိတ်ကာလဖြစ်ရပ်များအရ ၀န်ကြီးချုပ်ဦးနုသည် နိုင်ငံရေးသမားများ အားလုံး အနက်သူသည် အသန့်ရှင်းဆုံး ဖြစ်ကြောင်း ပြသခဲ့သော်လည်း သူ၏ရောင်းရင်းများမှာ သူကဲ့သို့သန့်ရှင်းသူဖြစ် မလာခဲ့ခြင်းကိုမူ အလေး ဂရုပြု ခြင်း မရှိခဲ့ပေ။ဦးနုသည် သူ၏ နိုင်ငံရေး သက်တမ်း တစ်လျှောက်၌ ပြုလုပ်ခဲ့သည့် အကြီးဆုံးသော အမှားမှာ ဖဆပလ အကွဲအပြဲတွင် ဘက်လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် ၀န်ကြီးချုပ်ဦးနုသည် ၀န်ကြီး ချုပ်အဖြစ်မှ အရေးပေါ် အစည်းအဝေး၌ အိမ်စောင့်အစိုးရကို အာဏာ လွှဲပြောင်း ပေးခဲ့ရသည်။
လွှတ်တော်အမတ်မဟုတ်သူ တစ်ဦးအား အိမ်စောင့်အစိုးရကို ဦးဆောင်နိုင်ငံရေးအတွက် ရွေးချယ်တင် မြှောက် ခဲ့ခြင်းမှာ မြန်မာ့သမိုင်း၌ ပထမဆုံးအကြိမ်ဖြစ် သည်။ ဤသို့ မကြုံစဖူးသောဖြစ်ရပ်မှာ အာဏာရ ပါတီဖြစ်သော ဖဆပလအတွင်း အကွဲအပြဲကြောင့် သာဖြစ်သည်။ ဖဆပလ ခေါင်းဆောင်များသည် နှစ်ပေါင်းရှည်ကြာစွာ အာဏာယစ် မူးခဲ့ကြပြီးနောက် ရန်ဘက် အုပ်စုကြီးနှစ်ရပ်အဖြစ် ဖဆပလအဖွဲ့ကြီး ကိုပြိုကွဲရန် ဆုံးဖြတ်ခဲ့ကြ သည်။ ဖဆပလ အကွဲအပြဲကြောင့် ဤသို့သောဖြစ်ရပ်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပေသည်ဟူ၍ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလထုတ် ဂါးဒီးယန်းသတင်းစာကြီးတွင် နေ့စဉ်ဖော် ထုတ်ရေးသား သုံးသပ်တင်ပြခဲ့ သည်။
၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလ ၆ရက် နေ့တွင်အိမ်စောင့်အစိုးရသည် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပ ပေးခဲ့ရာ ဦးနု ၏ သန့်ရှင်းဖဆပလ အနိုင်ရရှိခဲ့သော ကြောင့် ၁၉၆၀ပြည့်နှစ်ဧပြီလ၄ရက်နေ့တွင် သန့်ရှင်း ဖဆ ပလအဖွဲ့သည် ဦးနုအား ၀န်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး သန့်ရှင်းဖဆပလအဖွဲ့ကို လည်း ပြည် ထောင်စုပါတီ (ပထစ)ဟူ၍ အမည်ပြောင်းလဲခဲ့သည်။ ၀န်ကြီးချုပ်ဦးနုသည် ငွေကြေးအကုန် သက်သာစေ ရေးကို အကြောင်းပြ၍ အစိုးရအဖွဲ့ကို ၀န်ကြီးဦးရေ နည်းနိုင်သမျှ နည်းပြီး ဖွဲ့စည်းခဲ့ရာ ရာထူးခန့် ထားရေးနှင့် ပတ်သက်၍ ပါတီတွင်း မကျေနပ်မှုများ ပေါ်ပေါက်ခဲ့သည်။
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော် လှန်ရေးတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သော ခေါင်းဆောင်များကဗိုလ် ဟူသော အုပ်စုဖွဲ့သည်။ တက္ကသိုလ်ဘွဲ့ရ အစိုးရ အရာရှိဟောင်းများနှင့်ရှေ့နေများက““ဦး”” ဟူသော အုပ်စုဖွဲ့ သည်။ အချို့ကသခင်ဘ၀ ကတည်းကပင် နိုင်ငံရေးလုပ်ခဲ့သောကြောင့် သခင်ဟူသော အုပ်စုဖွဲ့သည်။ ပြည် ထောင်စုပါတီ (ပထစ)သည် အစိုးရအုပ်ချုပ်မှုသက် တမ်းတစ်နှစ် မပြည့်မီမှာပင် ဦး၊ ဗိုလ်၊ သခင်ဟူ၍ အုပ်စု ၃စုဖြစ်လာပြီး အုပ်စု တိုက်ပွဲများ ဆင်နွှဲခဲ့ကြပြန်သည်။ ဦးအုပ်စု နှင့် ဗိုလ်အုပ်စုတို့ ပူးပေါင်းသွားပြီး ဦး-ဗိုလ်အုပ် စုနှင့် သခင်အုပ်စုတို့၏ ပဋိပက ပြင်းထန်ခဲ့သည်။ ပါတီတွင်းဦးဆောင်မှု နေရာ၊ အရေးပါသောနေရာများကို မိမိ တို့ အုပ်စုမှရရှိရေးအတွက် အပြိုင်အဆိုင် နေရာလုကာ ပဋိပက္ခများ ပြင်းထန်လာသည်။ နိုင်ငံရေး တည်ငြိမ်မှု များ၊ အုပ်ချုပ်ရေး မဏ္ဍိုင်ယိမ်းယိုင်မှုများ၊ လူမျိုးရေး ပဋိပက္ခ ကြီးထွားလာမှုများ၊ သောင်းကျန်းသူ အန္တရာယ် များ၊ ပြည်ပ အားကိုးသော ပဒေသရာဇ် အချို့၏ပြည်ထောင်စုပြိုကွဲမှု ကြိုးပမ်းမှု များစသော အာဏာရပါတီ ပထစအစိုးရ၏ စည်းလုံးမှုပြိုကွဲမှု အနိဋ္ဌာရုံဖြစ်စဉ် ဖြစ်ရပ်များကြောင့် ၁၉၆၂ခုနှစ်မတ်လ ၂ရက်နေ့ တွင် ပါလီ မန်ဒီမိုကရေစီစနစ် ပျက်သုဉ်းခဲ့သည်။ ဖဆပလအဖွဲ့ချုပ်ကြီး ပြိုကွဲခဲ့သည်။
ကျမ်းကိုး
၁။ တပ်မတော်သမိုင်း (စတုတ္ထတွဲ) (၁၉၄၈-၁၉၆၂ခုနှစ်)
၂။ အကွဲအပြဲဇာတ်လမ်း (ဂါးဒီးယန်း ဦးစိန်ဝင်း) (၁၉၅၉ခုနှစ်၊မတ်လ)
မြန်မာသံတော်ဆင့်သတင်းဌာန- www.facebook.com/myanmarherald

No comments:

Post a Comment