(ဆောင်းပါးရှင် - သဲသီရိကျော်)
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က
ကျွန်မနဲ့ အတော်လေးခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ သူက
ကျွန်မစာတွေရေးနေတယ်ဆိုတာ သိရလို့ ကျွန်မရေးထားတဲ့ စာမူတွေပေးဖတ်ဖို့
ပြောပါတယ်။ ကျွန်မက ဆောင်းပါးတွေကို ဖတ်ချင်တာလား၊ ဒါမှမဟုတ် စာမျက်နှာထက်
မရောက်သေးတဲ့ ကျွန်မဘာသာ လေ့ကျင့်ရေးသားထားတဲ့ ရသ၀တ္ထုလေးတွေ
ဖတ်ချင်တာလားလို့မေးတော့ သူကအံ့သြတကြီးနဲ့ “နင်က ရသစာပေရေးတဲ့သူ
ဖြစ်ချင်တာလား” လို့ မေးပါတယ်။ ကျွန်မက ‘ဆောင်းပါးတွေရေးရတာ ကြိုက်သလို၊
ရသစာပေတွေကိုလည်း ရေးတတ်ချင်လို့ လေ့ကျင့်ရေးနေတာပါ’ လို့ ပြန်ပြောတော့
အခုခေတ်မှာ
ရသစာပေတွေ ခေတ်မရှိတော့ကြောင်း၊ ခေတ်ကလည်း ပြောင်းလဲလာတော့
ရသစာပေထက် လူတွေကလည်း သုတစာပေကိုပဲ အချိန်ပေး ဖတ်ဖြစ်လာတော့ကြောင်း၊ ရသစာပေ
ဖတ်ရှုသူ နည်းပါးလာတဲ့အတွက် ရသစာအုပ်တွေကလည်း ဈေးကွက်အရ
နေရာသိပ်မရှိတော့ကြောင်း၊ အဲ့ဒါကြောင့် ရသစာရေးသူတစ်ယောက် အနေနဲ့
ရပ်တည်ဖို့ခက်ခဲတာမို့ ကျွန်မကို ရသစာရေးသူ တစ်ယောက်အနေနဲ့ ရပ်တည်သွားမှာ
စိုးရိမ်ကြောင်း ပြောပါတယ်။
ကျွန်မမိတ်ဆွေက သူပြောချင်ရာပြောပြီး
ပြီးသွားပေမယ့် မပြီးဆုံးနိုင်တဲ့ အတွေးတွေနဲ့ ကျန်ခဲ့သူကတော့
ကျွန်မပဲဖြစ်ပါတယ်။ အကြောင်းအရာတစ်ခု ရှိလာပြီဆို ဆက်စပ်ဖြန့်ကြက်
စဉ်းစားတတ်တဲ့ ကျွန်မအကျင့်ကြောင့်ပဲ သူပြောသလို တကယ်ပဲ ရသစာပေဖတ်ရှုတဲ့သူ
နည်းပါးသွားပြီလား၊ တကယ်ပဲ ဖတ်ရှုသူ မရှိတော့ဘူးဆိုရင် စာရေးတဲ့သူတွေ
ရပ်တည်ဖို့ ခက်ခဲတာ၊ မခက်ခဲတာ အသာထားဦး။ မဖတ်တဲ့သူ များလာတာနဲ့
ကျွန်မတို့တွေမှာ ဘာတွေများဆိုးကျိုးတွေ၊ ထိခိုက်မှုတွေ ရှိလာနိုင်သလဲ။
ရသစာပေမရှိလည်း တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို
ထိခိုက်လောက်စရာ ကြီးကြီးမားမားမျိုး ရှိနိုင်မှာမို့လို့လား။
သူများတွေပြောသလို ရသစာပေဈေးကွက်က ဒီအတိုင်းဆက်သွားရင် ရပ်တည်ဖို့
လုံးဝခက်ခဲတဲ့အထိ ဆိုးရွားနေပြီလားဆိုတာကို စဉ်းစားမိပါရဲ့။
တကယ်လည်း ရသစာပေ ရွှေခေတ်ဖြစ်ခဲ့တဲ့ အချိန်တွေနဲ့ယှဉ်ရင် အခုချိန်မှာ
ရသစာပေဖတ်ရှုသူက အတော်လေးကို ကျဆင်းသွားတာကို ရသစာပေ ထုတ်ဝေသူများ၊
စာအုပ်အရောင်းဆိုင်၊ စာအုပ်အငှားဆိုင်တွေရဲ့ ပြောစကားနဲ့ စစ်တမ်းတွေအပြင်
ရသစာအုပ်တစ်အုပ် ထုတ်ဝေရတဲ့ အုပ်ရေအရေအတွက်ကို ကြည့်ရင်ပဲ တော်တော်လေး
သိသာနေပါပြီ။ ရသစာပေရဲ့ အခန်းကဏ္ဍ ကျဆင်းလာတာကို ပြန်လည်မြှင့်တင်နိုင်ဖို့
စာရေးသူတွေကလည်း ရသစာပေရဲ့ တန်ဖိုးတွေ၊ ရသစာပေရဲ့ အကျိုးကျေးဇူးတွေကို
ဆောင်းပါး၊ ၀တ္ထုတို့နဲ့ အမျိုးမျိုး ပုံဖော်ရေးသားကြသလို၊ ရသစာပေကို
ချစ်မြတ်နိုးတဲ့ သူတွေကလည်း ရသစာပေရဲ့ အခန်းကဏ္ဍတွေ ပျောက်ကွယ်မသွားဖို့
မဂ္ဂဇင်းတွေမှာ ရသ၀တ္ထုတို၊ ၀တ္ထုရှည်တွေကို နာမည်ရစာရေးဆရာ၊ ဆရာမတွေရဲ့
စာတွေအပြင် ကလောင်သွေးချင်တဲ့ စာပေ၀ါသနာရှင်လေးတွေအတွက်လည်း ရသစာပေ
ကဏ္ဍအသစ်လေးတွေ ဖွင့်လှစ်ပေးထားကြတာမျိုးတွေနဲ့လည်း ရသစာပေ
ဆက်လက်တည်တံ့ဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ ရသစာပေကို ရေးသားတဲ့သူတွေဟာ
ရသစာပေကိုနှစ်သက်ပြီး ကိုယ်တိုင်လည်း တကယ်ခံစား ဖတ်ရှုတတ်သူတွေဖြစ်မှပဲ
တကယ်အရည်အသွေးပြည့်မီတဲ့ ရသစာပေတွေကို ရေးသားနိုင်မှာပါ။ ဒီလိုဆို
ဖတ်ရှုသူနဲ့ ရေးသားသူ အရေအတွက် ညီမျှရုံလောက်နဲ့ ကျွန်မတို့ ရေရှည်မှာ
ဖြစ်ပါ့မလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ အခြားသူတွေကရော ရသစာပေကို
ဘာကြောင့်မဖတ်ရှုတော့တာလဲ။
ဒီကနေ့ခေတ်မှာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ
များပြားလာသလို၊ နည်းပညာပိုင်းဆိုင်ရာ Social network တွေကလည်း
ကျယ်ပြန့်လာတဲ့အတွက် ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကို အချိန်နဲ့တစ်ပြေးညီ
သိနိုင်နေပါပြီ။ အဲ့သလိုပဲ နိုင်ငံတကာက စီးပွားရေးရင်းနှီးမြှုပ်နှံတွေ
လုပ်လာကြသလို၊ ခေတ်ကလည်း တိုးတက်ပြောင်းလဲလာတာနဲ့အညီ လူတွေကလည်း
ကိုယ့်ရဲ့ဘ၀ အောင်မြင်ဖို့အတွက်၊ သူများနဲ့တန်းတူ
ရင်ပေါင်တန်းနိုင်ဖို့အတွက် အသည်းအသန် ကြိုးစားယှဉ်ပြိုင်နေကြရတဲ့
အချိန်မျိုးလည်းဖြစ်နေတော့ စာဖတ်ရင်တောင် ဘ၀အောင်မြင်ကြီးပွား
တိုးတက်ရေးနဲ့ ပတ်သက်တဲ့ စာပေမျိုး၊ လူမှုဆက်ဆံရေး နည်းဗျူဟာအကြောင်းတွေ၊
စိတ်ဓာတ်ခွန်အားပေးတဲ့ တက်ကျမ်းလို စာပေမျိုးတွေစတဲ့ သုတစာပေတွေကိုမှ
ရွေးချယ်ဖတ်ရှုဖြစ်ကြပါတော့တယ်။ ဒါ့အပြင် မိန်းကလေးအများစုက ဖက်ရှင်၊
အလှအပနဲ့ဆိုင်တဲ့ စာအုပ်တွေ၊ ကြော်ငြာများများနဲ့ မော်ဒယ်တွေရဲ့
အလှပုံတွေပါတဲ့ မဂ္ဂဇင်းတွေကို ရွေးချယ်ဖတ်ရှုလာကြသလို၊ ယောက်ျားလေးတွေကလည်း
နည်းပညာဆိုင်ရာစာအုပ်တွေ၊ အားကစားဂျာနယ်တွေ၊ ဂိမ်းနဲ့ဆိုင်တဲ့
စာအုပ်တွေလောက်ကိုသာ ဖတ်ရှုလာကြတာကို ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီး
တွေ့မြင်နေရပါတယ်။ ရသကို ဖတ်တဲ့သူ မရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။
ရှိတော့ရှိပါတယ်။ လူနည်းစုလောက်သာ ဖတ်နေကြတာကြောင့်ပါ။ စာပေဆိုတာကတော့
သုတဖတ်လည်း ကိုယ့်အတွက် အကျိုးရှိတာပါပဲ။ အလှအပအကြောင်းဖတ်လည်း
ကိုယ့်အလှအပအတွက် ပြင်ဆင်ခြယ်သနိုင်လို့ အကျိုးရှိတာပါပဲ။ ဒါပေမဲ့
ရသစာပေကိုလည်း မချန်လှပ်ထားစေချင်ပါဘူး။
သုတစာပေက
ဘ၀အောင်မြင်တိုးတက်မှုအတွက် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်သလို၊ ရသစာပေကလည်း
ဘ၀ထဲက အကြောင်းအရာတွေ၊ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို
ဇာတ်အိမ်ဖွဲ့ပြီး ရေးသားထားသလို၊ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားမှုတွေ၊
အခြေအနေအကြောင်းအရာ အဖြစ်အပျက် တစ်ခုချင်းစီအပေါ်မှာ ထားရှိတဲ့
သူတို့တစ်ဦးဆီရဲ့ ခံယူချက်တွေ၊ စိတ်ထားတွေ၊ ဆုံးဖြတ်ချက်တွေကို ကျွန်မတို့
သိမြင်ခံစားနိုင်မှာပါ။ ကောင်းတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ မကောင်းတဲ့
ဇာတ်ကောင်တို့ကို နှိုင်းယှဉ်ပြီး ဘ၀အသိတွေ သိမြင်လာအောင်ပေးနိုင်သလို၊
ကျွန်မတို့ နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဘ၀ထဲက အဖြစ်အပျက်တွေကို
ကျွန်မတို့ကိုယ်တိုင် အဲ့ဇာတ်လမ်းထဲက ဇာတ်ကောင်လို
ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မလဲ၊ ဘယ်လိုစိတ်ထားမလဲ
ဆိုတာတွေကို ကျွန်မတို့ သိမြင်စေနိုင်တာလည်း ရသစာပေပါပဲ။ လူတွေရဲ့
စိတ်ဓာတ်တွေ နူးညံ့သိမ်မွေ့လာအောင်၊ ကိုယ်ချင်းစာတရားနဲ့ ယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် ရသစာပေတွေက စွမ်းဆောင်နိုင်ပါတယ်။
ဘ၀အောင်မြင်မှုအတွက် သုတစာပေတွေ လိုအပ်သလို၊ မှန်ကန်တဲ့စိတ်ဓာတ်နဲ့
ခံယူချက်တွေ ဖြစ်ဖို့အတွက်လည်း ရသစာပေတွေကတစ်ဆင့် သင်ယူနိုင်ပါတယ်။
အောင်မြင်ချင်စိတ်တွေနဲ့ ကြိုးစားအားထုတ်ချင်စိတ်တွေ ဖြစ်စေသလို၊ ကမ္ဘာက
ရွာကြီးတစ်ရွာလို ဖြစ်လာချိန်မှာ ဖြစ်ပျက်သမျှ အရာအားလုံးကို
အချိန်နဲ့တစ်ပြေးညီ သိလာနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိလာတဲ့အတွက် အရာရာ
ငါသိ၊ ငါတတ်နဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ ခေတ်ကြီးမှာ ပြိုင်ရင်တောင်
မှန်ကန်တဲ့စိတ်နဲ့ ပြိုင်ဆိုင်မှုဖြစ်ဖို့၊ ‘မနာလိုတာ’ နဲ့ ‘အားကျတာ’ ကို
ခွဲခြားသိမြင်နိုင်ဖို့အတွက် အသိတရားတွေကို ရသစာပေတွေကတစ်ဆင့်
ရရှိနိုင်ပါတယ်။ တိုးတက်တဲ့ဘက်တွေမှာ တိုးတက်လာပေမယ့်
ဆုတ်ယုတ်တဲ့ဘက်တွေမှာလည်း အတော်လေး ဆုတ်ယုတ်လာတာဟာ တစ်ဖက်စောင်းနင်း
အမြင်တွေနဲ့ တစ်ဖက်စောင်းနင်း အားသာချက်တွေကြောင့်လို့ ပြောလို့ရမယ်ဆိုရင်
အောင်မြင်မှုအတွက် တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ လူသားဆန်တဲ့ စိတ်ဓာတ်တွေ ပျောက်ပျက်မသွားအောင်
ထိန်းသိမ်းနိုင်ဖို့ အသိတရားတွေလည်း လိုပါတယ်။
ဒီတော့
ရသစာပေဈေးကွက်မရှိလို့ စာရေးဆရာတွေရပ်တည်ဖို့ ခက်ခဲလာခဲ့ရင်
ရသစာပေရေးမယ့်သူ၊ ဖတ်မယ့်သူ အခုလို လျော့နည်းလာရာကနေ ပျောက်ကွယ်သွားခဲ့ရင်
ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ဘယ်မှာသွားရှာကြမလဲ။ ယဉ်ကျေးတဲ့
လူ့အဖွဲ့အစည်း မရှိမှတော့ တိုးတက်အောင်မြင်မှုဆိုတာရော ရှိနိုင်ပါ့မလား၊
ရှိခဲ့ရင်လည်း ရေရှည်တည်တံ့တဲ့ မှန်ကန်တဲ့အောင်မြင်မှုဆိုတာ
ဖြစ်နိုင်ပါ့မလားဆိုတာ ကျွန်မတို့ စဉ်းစားမိဖို့လိုပါတယ်။
ဒါကြောင့်
သုတစာပေတွေက အရေးပါသလို၊ ရသစာပေကလည်း သူ့နေရာနဲ့သူ အရေးပါပါတယ်။ ရသစာပေရဲ့
အကျိုးကျေးဇူးဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
ဒါကြောင့်လည်း ရသစာပေရဲ့ အခန်းကဏ္ဍ မပျောက်ပျက်ဖို့ဆိုတာ ကျွန်မတို့
လူ့အဖွဲ့အစည်းက လူသားတွေအားလုံးရဲ့ တာဝန်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။
Credit - Eleven Media Group
No comments:
Post a Comment