Friday, October 24, 2014

အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရှင်သန်အသုံးချနိုင်ရေး - ဆောင်းပါး

(ဆောင်းပါးရှင် - သစ်ထွဋ်)

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနဲ့ ရိုးရာဓလေ့ထုံးစံများစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်လာခြင်းနဲ့အတူ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပါတယ်။
နိုင်ငံသားတွေရဲ့ လူနေမှုဘ၀ပုံစံ ပြောင်းလဲလာမှုများနဲ့အတူ နိုင်ငံတကာနဲ့ ဆက်ဆံကူးလူး ကုန်သွယ်မှုတိုးမြှင့်လာခြင်း အပါအ၀င် အကြောင်းမျိုးစုံကြောင့် ယဉ်ကျေးမှု အမွေအနှစ်များစွာနဲ့ ရိုးရာဓလေ့ထုံးစံများအပေါ် နိုင်ငံသားတွေရဲ့
တန်ဖိုးထားထိန်းသိမ်းမှု ရေချိန်တွေဟာလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒီအတွက် လက်ရှိအချိန်မှာ အချို့ရိုးရာဓလေ့ ထုံးစံများဟာ ပျောက်ကွယ်သွားနေကြသလို အချို့ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း ကာကွယ်ထိန်းသိမ်းဖို့ အရေးတကြီး လိုအပ်လို့ နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေး တစ်ရပ်မှာတော့ နိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆောင်ရွက်နေမှုများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အမှန်တကယ် လိုအပ်နေတဲ့ အမွေအနှစ်များစွာ နိုင်ငံအတွင်း တည်ရှိနေတာကို သတိပြုမိစေခဲ့ပါတယ်။
အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတစ်ရပ်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနဲ့ စပ်လျဉ်းပြီး မေးခွန်းမေးမြန်းချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒေါ်စန္ဒာခင်ရဲ့ ပြန်လည်ဖြေကြားချက်တွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ရှမ်းရိုးရာစကားပုံများ၊ ကချင်ရိုးရာစကားပုံများ၊ ပါးစပ်ရာဇ၀င်နဲ့ ဖော်ပြချက်ဘာသာစကားကိုးခု၊ မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ အငြိမ့်ပွဲ၊ ရိုးရာပွဲတော်၊ အကများ၊ ဖျော်ဖြေမှု အနုပညာနဲ့ ဆိုင်တဲ့ ၂၁ ခု၊ ဆယ့်နှစ်လရာသီပွဲတော်များ၊ အင်းလေးခြေခတ်လှေပွဲ၊ မြန်မာ့သနပ်ခါး၊ အားကစားနဲ့ အစားအစာများ လူမှုရေး အစဉ်အလာ အလေ့အထ ရိုးရာဓလေ့ ၁၀၂ ခု၊ ကယားတစေး၊ မြန်မာတိုင်းရင်းမန်းဆေး၊ ရှမ်းမဟာဖြေဆေး၊ သဘာဝနဲ့ စကြာဝဠာဆိုင်ရာ ဗဟုသုတ၊ ရိုးရာအစဉ်အလာ အလေ့အထသုံးခု၊ ရွှေချည်ထိုးလုပ်ငန်း၊ လွန်းရာကျော် ကြိုးကြီးချိတ်ရက်ကန်းလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ တိုင်းရင်းသားဂျပ်ခုတ်လုပ်ငန်း၊ မီးပုံးလုပ်ငန်း၊ ပျူပုတီးစေ့လုပ်ငန်းနှင့် ရိုးရာလက်မှုပညာရပ် ၁၁၉ ခုအပါအ၀င် စုစုပေါင်း ၂၅၄ ခုကို ယဉ်ကျေးမှုဝန်ကြီးဌာနက စုဆောင်းရရှိထားပြီးဖြစ်တယ်လို့ ပါရှိပါတယ်။ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကျယ်ပြန့်ပြည့်စုံစွာ ရရှိနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်ရေးအတွက်လည်း စုဆောင်းရရှိထားတဲ့ အမျိုးအစားများကို စိစစ်ကာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများနဲ့ ဆွေးနွေးအဖြေထုတ်သွားမှာဖြစ်ပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ဖို့အတွက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကို ပေးပို့တင်သွင်းသွားမယ်လို့လည်း ဒေါ်စန္ဒာခင်ရဲ့ ဖြေကြားချက်မှာ ပါရှိခဲ့ပါတယ်။
စိန်ခေါ်မှုများ
နိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းပြုစုနေတယ်ဆိုတာ တကယ်တော့ သတင်းကောင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးစု ၁၀၀ ကျော်နေထိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများဟာ နိုင်ငံအနှံ့မှာ တည်ရှိနေသလို ဒြပ်မဲ့သဘောရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်များစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီအတွက် ရိုးရာအစဉ်အလာ ဓလေ့ထုံးစံများ၊ ရိုးရာလက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းဖို့ အထူးလိုအပ်လှပါတယ်။ ယဉ်ကျေးမှုဌာနက လက်ရှိကောက်ယူ စုဆောင်းထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာကြည့်ရင် အမျိုးအစားခေါင်းစဉ် အမျိုးမျိုးဖြင့် ကျယ်ပြန့်တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုကျယ်ပြန့်လှတဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ဆိုရာမှာ အခက်အခဲတွေ အများကြီးရှိနိုင်ပြီး အကြောင်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးကြောင့် ပျောက်ကွယ်သွားကြမယ့် စိန်ခေါ်မှုများနဲ့ ကြုံတွေ့နေကြရပါတယ်။
ပူးပေါင်းပါဝင်ကြဖို့
တကယ်တော့ ယနေ့အချိန်မှာ ရုပ်သေးပွဲကဲ့သို့ မြန်မာ့ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေကို ကြည့်ရှုသူတွေ နည်းသွားကြပါပြီ။ မြို့ပြတွေက ပွဲလမ်းသဘင်တွေမှာ ဆိုင်းဝိုင်းနဲ့ဧည့်ခံတဲ့ အလေ့အထတွေ လျော့ပါးကုန်ပါပြီ။ ဆယ့်နှစ်လရာသီ ပွဲတော်တွေဆိုရင်လည်း သင်္ကြန်ပွဲ၊ သီတင်းကျွတ်တန်ဆောင်တိုင် မီးထွန်းပွဲလောက်သာ လူတွေက စိတ်ဝင်စားကြပါတော့တယ်။ အချို့တိုင်းရင်းဆေး ပညာရပ်တွေနဲ့ ဆေးနည်းတွေဟာလည်း လူမသိသူမသိ ပျောက်ကွယ်သွားနေကြပါပြီ။ ရိုးရာလက်မှု လုပ်ငန်းအချို့ဟာလည်း ခက်ခက်ခဲခဲနဲ့ ရပ်တည်နေရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေကြရပါပြီ။
တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံတွေဟာလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါပြီ။ ဒီလိုအမွေအနှစ်တွေ ပျောက်ကွယ်သွားမယ့် အခြေအနေများကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းဖို့အတွက် ကောင်းမွန်တဲ့ အစီအမံတွေ လိုအပ်နေပါတယ်။ ဒီအတွက် အစိုးရအဖွဲ့အစည်းများ အပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနဲ့ အများပြည်သူများဟာ အမွေအနှစ်များ ထိန်းသိမ်းကာကွယ်မယ့် အစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်လာပါတယ်။
ကမ္ဘာပတ်လာကြပြီ
ယနေ့အချိန်မှာ နိုင်ငံတကာ ကုန်သွယ်ရေးလမ်းတွေ ပွင့်လန်းလာသလို သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် သတင်းအချက်အလက်တွေ ကမ္ဘာပတ်လာခြင်းနဲ့အတူ ၀န်ဆောင်မှုများ၊ ကုန်ပစ္စည်းများဟာ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ဖြတ်ကျော်နေကြပါတယ်။ ဒီအတွက် ပြည်ပနိုင်ငံတွေက ကုန်စည်များ၊ ၀န်ဆောင်မှုများ နိုင်ငံအတွင်း ၀င်ရောက်မှု တိုးမြင့်လာသလို နိုင်ငံရပ်ခြားက ဓလေ့ထုံးစံများ၊ အစားအသောက်များ၊ ကုန်ပစ္စည်းများဟာ ပုံစံမျိုးစုံနဲ့ ၀င်ရောက်လျက် ရှိကြပါတယ်။ ဥပမာအားဖြင့် ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများ ခေတ်စားလာတဲ့နောက် ကိုရီးယားအစားအစာ၊ အ၀တ်အထည်များ ပြည်တွင်းမှာ ခေတ်စားလာသလို ပြည်ပကတင်သွင်းလာတဲ့ အစားအသောက်မျိုးစုံကြောင့်လည်း မြို့ပြနေလူအများစုရဲ့ အစားအသောက်၊ နေထိုင်မှုဘ၀ ပုံစံတွေအပေါ် သက်ရောက်မှု ရှိစေခဲ့ပါတယ်။ ရိုးရာမုန့်တွေကို လူအများစုက အလေးထားစားသုံးမှု လျော့ပါးလာပြီးနောက် ဈေးပေါသက်သာပြီး အရည်အသွေးမပြည့်ဝတဲ့ တရုတ်မုန့်တွေက ဈေးကွက်နေရာ ၀င်ယူလာခဲ့ပါတယ်။ အရပ်ထဲမှာ ယိုးဒယားကင်လို့ခေါ်ကြတဲ့ ပင်လယ်စာတွေ ရောကြိတ်ထားတဲ့ အကင်တွေကို ကလေးငယ်တွေ နှစ်သက်လာကြချိန်မှာ ကောက်ညှင်းပေါင်း၊ မုန့်ဖက်ထုပ်လို ရိုးရာမုန့်တွေဟာ မြို့ပြတွေရဲ့ဈေးကွက်မှာ နေရာမရတော့ပါဘူး။ စိန်ခေါ်မှုတွေ ကြုံနေရတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ထိန်းသိမ်းဖို့ဆိုရာမှာ အမွေအနှစ်အဖြစ် ထိန်းသိမ်းခြင်းအပြင် လက်တွေ့အသုံးချနယ်ပယ်မှာ ရှင်သန်နေဖို့ အစီအမံတွေ လိုအပ်လှပါတယ်။
စီးပွားရေးအသုံးချ နယ်ပယ်
လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ တိုးတက်လာသလို နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ဥဒဟို ၀င်ထွက်သွားလာနေကြပါပြီ။ ဒီလိုအချိန်မှာ ရိုးရာလက်မှုလုပ်ငန်းတွေကို တစ်နိုင်တစ်ပိုင် စီးပွားရေးကနေ စီးပွားဖြစ်လုပ်ငန်းများအဖြစ် မြှင့်တင်ပေးနိုင်မယ်ဆိုရင် အမွေအနှစ်များ ထိန်းသိမ်းရင်းနဲ့ စီးပွားဖြစ်လုပ်ငန်းများအဖြစ် လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ အစားအသောက် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဘက်ကို ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံဟာ ဒေသထွက် အစားအသောက်ပေါတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာက ခရီးသွားတွေဟာ မြန်မာပြည်လာပြီး ဟမ်ဘာဂါစားချင်ကြမှာ မဟုတ်ပါဘူး။ အများစုက မြန်မာနိုင်ငံက ဘာတွေထွက်လဲ၊ ဘာအစားအစာတွေ ကောင်းသလဲဆိုတာ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ ဒီအတွက် ဒေသထွက်အစားအစာတွေကို သန့်သန့်ရှင်းရှင်းနဲ့ စားချင်စဖွယ်ဖြစ်အောင် ထုတ်လုပ်ရောင်းချနိုင်ဖို့ လိုပါတယ်။ အကယ်လို့ ခရီးသွားတွေက မြန်မာ့အစားအစာတွေကို ကြိုက်သွားကြရင်းနဲ့ တစ်ချိန်မှာ မြန်မာ့အစားအစာတွေ ကမ္ဘာပတ်ပြီး ဈေးကွက်မရနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဲဒီလို စီးပွားရေးအသုံးချနယ်ပယ်မှာ ရှိနေမယ်ဆိုရင်တော့ လက်မှုလုပ်ငန်းတွေနဲ့ အစားအသောက်တွေဟာ အလွယ်တကူ ပျောက်ကွယ်သွားဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ ဒီလိုပါပဲ။ ဆိုင်းဝိုင်း၊ ရိုးရာအက၊ ပွဲတော်များနဲ့ ပန်း ၁၀ မျိုးကဲ့သို့ အနုလက်ရာတွေဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေ ကြိုက်နှစ်သက်တတ်တဲ့ အရာမျိုးတွေ ဖြစ်ပါတယ်။ ဒါတွေကို ထိန်းသိမ်းဖို့ဆိုရင်လည်း စီးပွားဖြစ်အသုံးချ နယ်ပယ်မှာရှိဖို့က အရေးကြီးပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဆွဲဆောင်နိုင်တဲ့နေရာတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီးရှိပါတယ်။ ဒါတွေကို ကမ္ဘာ့ခရီးသွားတွေ ပိုပြီးစိတ်ဝင်စားလာအောင် ဘယ်လိုဆွဲဆောင်ကြမလဲ ဆိုတာကသာ အရေးကြီးပါတယ်။ ထို့အတူ တိုင်းရင်းသားဓလေ့ထုံးစံ ရိုးရာများကိုလည်း ထိန်းသိမ်းခြင်းနဲ့အတူ ဘယ်လိုရှင်သန်နေအောင် လုပ်ဆောင်ကြမလဲဆိုတာ အဖြေရှာဖို့ ခရီးသွားလုပ်ငန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ကြဖို့ လိုအပ်ပါတယ်။
ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းဖို့ဆိုရာမှာတော့ ထိန်းသိမ်းခြင်းနဲ့အတူ ရှင်သန်မှုကိုထည့်တွက်ဖို့ အရေးကြီးပါတယ်။ အသုံးဝင်ရှင်သန်မှုရှိမှသာ ရေရှည်တည်တံ့နိုင်ဖို့ ထိန်းသိမ်းရာမှာ အထောက်အကူရစေမှာ ဖြစ်ပါတယ်။ အဲဒီလို ရှင်သန်နိုင်အောင် လုပ်ဖို့ဆိုရာမှာ စီမံခန့်ခွဲနိုင်မှုက အရေးကြီးလှပါတယ်။ ဒီအတွက် နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် တန်ဖိုးကြီးလှတဲ့ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ရင်း အသုံးချနယ်ပယ်မှာလည်း ရှင်သန်နေစေဖို့ ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်နိုင်ဖို့ လိုအပ်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Credit - Yangon Media Group

No comments:

Post a Comment