ရန်ကုန်၊ အောက်တိုဘာ ၂၃
၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေးအတွက်
နိုင်ငံရေးပါတီများ အချင်းချင်း စောင့်ကြည့်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာ
ကျင့်ဝတ်ကို ရေးဆွဲမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ
ဦးတင်အေးက ပြောကြားသည်။
အောက်တိုဘာ ၂၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး
လမ်းမတော်မြို့နယ် Panda ဟိုတယ်တွင် ပြုလုပ်သည့်
ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
တွေ့ဆုံပွဲတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း
ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ အချင်းချင်း
လိုက်နာစောင့်ကြည့်ရမည့် ကျင့်ဝတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပူးပေါင်းရေးဆွဲခြင်းဖြင့်
ပါတီများအကြား ပဋိပက္ခများ ဖြစ်ပွားလာမှုကို ရှောင်ရှားနိုင်မည် ဖြစ်ကြောင်း
ဦးတင်အေးက ဆိုသည်။
“ကျင့်ဝတ်ဆိုတာ လိုတယ်၊ ရွေးကောက်ပွဲမှာ တို့တွေ
ဒါတွေ မလုပ်ကြေး၊ မပြောကြေး၊ ပါတီအချင်းချင်းလည်း သဘောတူ၊ ခင်ဗျားလည်း
မတိုက်ခိုက်နဲ့ ကျွန်တော်လည်း မတိုက်ခိုက်ဘူးဆိုတဲ့ ပုံစံတွေပေါ့၊
ကျင့်ဝတ်ကို လိုက်နာခြင်းအားဖြင့် ပါတီအချင်းချင်း ပဋိပက္ခတွေ မဖြစ်ဘူးပေါ့”
ဟု ၎င်းကဆိုသည်။
အဆိုပါ ကျင့်ဝတ်များ ရေးဆွဲရေးအတွက် အောက်တိုဘာလ ၂၁
ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ
ညှိနှိုင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
“ကျွန်တော်တို့ကတော့ ကြိုက်တယ်၊ ဥပဒေ ရှိနေပေမယ့် တချို့ဟာတွေက တိကျဖို့
လိုတယ်။ ပါတီတွေအချင်းချင်း လိုက်နာရမယ့် ကျင့်ဝတ်တွေ ရေးဆွဲလိုက်ရင်
တရားမျှတမှု မရှိတာတွေ မဖြစ်တော့ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆိုသည်။
ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများကို
ရေးဆွဲအတည်ပြုထားပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာ (၁/၂၀၁၄)
ကိုလည်း သြဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။
Credit - The Voice Weekly
No comments:
Post a Comment