Wednesday, October 22, 2014

ပေးဆပ်ခြင်းဖြင့်သာ ရယူ၍ ရယူခြင်းဖြင့်သာ ပေးဆပ်ပါ - ဆောင်းပါး

(ဆောင်းပါးရှင် - ဘစံကောက်)

တစ်ခါတစ်ခါ ကျွန်တော်တို့တွေ ပြောပြောနေတဲ့ အမှန်တရားတို့ တရားမျှတမှုတို့ ဆိုတာတွေဟာ ဘယ်လိုစံ၊ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ယူဆပြောဆို နေကြတယ်ဆိုတာ သိဖို့ အလွန်ပဲခက်ပါတယ်။
အကြိမ်များစွာ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ ‘အမှန်တရားနဲ့ တရားမျှတမှု ဆိုတာတွေကတော့ အင်အားကြီးသူ၊ အနိုင်ရသူတွေဘက်မှာသာ ရှိတာများပါတယ်။ အင်အားနည်းသူ အရှုံးပေးရသူတွေဘက်မှာရှိတာ မတွေ့ရသလောက် နည်းပါတယ်။ ဒါကြောင့်လည်း ကြာတော့ အင်အားမဲ့လို့ အရှုံးပေးရသူတွေဟာ အဲဒီအမှန်တရားတို့ တရားမျှတမှုတို့ဆိုတာတွေ အပေါ်မှာ အယုံအကြည် နည်းလာကြတော့တာပါပဲ။ အဲဒီလို အခြေအနေမျိုးတွေကို မြင်ရတိုင်း ကျွန်တော်ငယ်စဉ်က မြင်တွေ့ခံစားခဲ့ရတဲ့ အဲဒီရုပ်ရှင်
ဇာတ်ကားလေးထဲမှာ ဒီသဘောတရားကို သွားပြီးတွေ့ပါတယ်။ လောကမှာ အမှန်တရားတို့ တရားမျှတမှုတို့ဆိုတာ ပြုတဲ့သူရော ခံရတဲ့သူရော နှစ်ဖက်စလုံးမှာ ကြိုက်သလို ထင်မြင်ယူဆ လက်ခံကြတာမို့ သူ့အမြင်နဲ့သူတော့ မှန်ကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမဲ့ အမှန်တရားဆိုတာ နှစ်ခုမရှိပါဘူး။ တရားမျှတမှု ဆိုတာကလည်း နှစ်မျိုးမရှိပါဘူး။ ဒီတော့ အမှန်တရားဆိုတာ ဘာလဲ၊ တရားမျှတမှုဆိုတာ ဘယ်လိုအရာမျိုးလဲဆိုတာ ကွဲကွဲပြားပြားသိဖို့ လိုလာပါတော့တယ်။ အဲဒီရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီး ကျွန်တော်ရလိုက်တဲ့ အတွေးတစ်ခုကတော့ အမှန်တရားတို့ တရားမျှတမှုတို့ဆိုတာ ကိုယ်ကရချင်ယူချင်တိုင်း ရယူခွင့်ရှိတဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ကပေးဆပ်ချင်တယ် ဆိုရင်တော့ ပေးဆပ်ခွင့်ရှိတယ် ဆိုတာပါပဲ။
ဇာတ်လမ်းလေးဟာ လူတွေရဲ့ သဘာဝနဲ့ အတော်နီးစပ်တဲ့ ဇာတ်လမ်းကောင်းလေးပါ။ တစ်ခါက ရွာတစ်ရွာမှာ အင်မတန်ရိုးသားတည်ကြည်ပြီး ရည်ရည်မွန်မွန်နဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ လူငယ်လေးတစ်ယောက် ရှိပါတယ်။ သူ့ဖခင်ကတော့ ရပ်ရွာမှာ ကြည်ညိုလေးစားသူတွေ ပေါများပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ လူသူတော်ကောင်းကြီးလို့ပဲ ဆိုပါတော့။ အဲဒီလူငယ်လေးမှာ သူနဲ့ သက်တူရွယ်မျှချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ်။ သူတို့နှစ်ယောက် ဒီလိုရည်ငံနေကြတာကိုလည်း ရပ်ရွာက သိပါတယ်။ နောက်ဆုံး မိဘတွေကပါသိလို့ သဘောမျှပြီး ပေးစားကြဖို့အထိ ရည်ရွယ်ထားကြတာပါ။ ခုလည်း လူငယ်ချင်းတွေက စိတ်တူကိုယ်မျှချစ်ကြလို့ ဘ၀ခရီးဖော်အဖြစ် ရည်ရွယ်ထားပေမယ့် ဘယ်ကြမ္မာဆိုးက အငြိုးနဲ့ နှောက်လိုက်တယ် မဆိုနိုင်ပါဘူး။ ကလေးမလေးဟာ စိတ္တဇဝေဒနာ ခံစားရပြီး သွက်သွက်ခါအောင် ရူးသွားပါတော့တယ်။
အခု ကလေးမလေး ရူးတာကတော့ အမျိုးသမီးရောဂါလို့ ပြောရမလားပါဘဲ ရူးတာမှ အ၀တ်အစား၊ မကပ်အောင်ကို ရူးတာပါ။ ဒါပေမဲ့ ကျေးလက်တောရွာတွေမှာတော့ တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုမောင်နှမ မိသားစုတွေလို ထိန်းသိမ်းစောင့်ရှောက်ကြတာမို့ ဘာအန္တရာယ်မှ မရှိဘူးလို့ထင်ပြီး တော်ရုံအမှတ်မဲ့နဲ့ မျက်ကွယ်ပြုထားကြပါတယ်။
အမှန်တော့ ဒါလည်း အပြစ်မကင်းတဲ့ အမှားပါ။ အသက်အရွယ်ငယ်ငယ်၊ ရုပ်ရည်ကလည်း ချောမောလှပပြီး သွေးသားဆူဖြိုးတဲ့ မိန်းကလေးတစ်ယောက်၊ ဒီလိုအသိစိတ်မကပ်ဘဲ ရူးနေတာကို ဘာမှမဖြစ်ပါဘူးလို့ လျစ်လျူရှုထားမိခဲ့တာ နောက်ဆုံး အဲဒီကလေးမလေးမှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို သိလာတော့မှ တရားခံ ရှာကြရတော့တာပါပဲ။ ဒါကြောင့်လည်း ဒီကိစ္စကျူးလွန်သူ လက်သည်တရားခံအစစ်ဟာ ဘယ်သူဖြစ်နိုင်မလဲဆိုတာ ၀ိုင်းဝန်းပြီး အဖြေရှာကြတဲ့အခါ လူတွေအားလုံးရဲ့ မျက်လုံးက ရည်းစားဟောင်းဖြစ်ခဲ့ဖူးတဲ့ လူငယ်လေးရဲ့အပေါ်မှာ စုပြုံပြီး ကျလာတော့တာပါပဲ။ ခုလည်း လူတွေအားလုံးဟာ သူ့အပေါ်မှာ သံသယ၀င်နေပြီဆိုတာကို သိတော့ ပထမလူငယ်လေးက စိတ်ဆိုးဒေါသထွက်ပါတယ်။ ဒီကိစ္စမှာ ဘယ်လိုနည်းနဲ့မှ သူနဲ့မပတ်သက်ဘူးဆိုတာ သူသာအသိဆုံးမို့ ဘာတာဝန်မှ မယူနိုင်ဘူးလို့ ခပ်တင်းတင်းပဲ ငြင်းပါတယ်။ ဒါပေမဲ့ လူကြီးတွေအမြင်မှာတော့ ဒီကလေးမလေး ခုလိုဖြစ်ရတဲ့ကိစ္စဟာ လူငယ်လေးမှာပဲ တာဝန်ရှိတယ်လို့ တထစ်ချ ယူဆနေကြပါတယ်။ ဒါပေမဲ့ လူငယ်လေးအပေါ်မှာ ရပ်ရွာက မေတ္တာနဲ့ သံယောဇဉ်ရှိတာမို့ လူငယ်လေး မနစ်နာအောင် ဖုံးဖုံးဖိဖိနဲ့ လုပ်နေတဲ့သဘောပါ။
ခုလည်း လူကြီးတွေဟာ သူ့အပေါ် အမြင်တစ်မျိုးနဲ့ ဖုံးဖုံးဖိဖိ လုပ်နေတယ်ဆိုတာကို ရိပ်စားမိတဲ့ လူငယ်လေးဟာ ပိုလို့တောင်မှ လက်မခံနိုင်တော့ပါဘူး။ ဒါကြောင့် အမှန်တရားကိုသိအောင် ဖော်ထုတ်ပြီး တရားမျှတစွာ ဆောင်ရွက်ပေးပါလို့ သူကတောင်းဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ဒီလို မတရားစွပ်စွဲခံနေရတာကို အများအမြင်ရှင်းအောင် သူ့နည်းသူ့ဟန်နဲ့ တရားခံအစစ်အမှန်ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ တချို့တချို့သော သဲလွန်စလေးတွေကနေပြီး တရားခံအစစ်ကို ရှာတွေ့လို့ သိလိုက်ရတဲ့ အခါမှာတော့ သူ့အပြစ်က ဒယ်အိုးထဲမှာ ပူပါတယ်လို့ ခုန်ချကာမှ မီးပုံထဲကို ကျရတဲ့အဖြစ်မျိုးနဲ့ မခြားတော့ပါဘူး။
ကိုယ့်ကို ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်ကနေ ဒီအရွယ်အထိ လူဖြစ်အောင် မွေးလာခဲ့တဲ့ မွေးသဖခင်ကျေးဇူးရှင်။ ပြီးတော့ ရပ်ရွာက ကြည်ညိုလေးစားတဲ့ လူသူတော်ကောင်းကြီးဟာ ဒီပြဿနာရဲ့ မူလအရင်းခံလက်သည် တရားခံအစစ်ဆိုတာ သိလိုက်ရတော့ သူ့ဘ၀ဟာ အရှင်လတ်လတ် ငရဲကျတော့တာပါပဲ။
နောက်ဆုံး ဒီကိစ္စရဲ့ လက်သည်တရားခံအဖြစ် ထင်မြင်ယူဆပြီး ပေးလာတဲ့ တာဝန်ကိုယူဖို့ ရပ်ရွာက သူ့ကို အတင်းဖိအားပေးလာတော့လည်း သူမယူနိုင်ပါဘူး။ သူ့ရင်ထဲမှာ သူလိုချင်တဲ့ အမှန်တရားနဲ့ တရားမျှတမှုကို နှမ်းတစ်စေ့စာတောင်မှ နောက်မဆုတ်တမ်း ငြင်းဆန်တင်းခံဖို့ ကြိုးစားရင်း ပြဿနာ က ထင်တာထက်ပိုဆိုးလာပြီး ရပ်ရွာကလေးစားတဲ့ သူကိုယ်တိုင် ဖခင်သဖွယ် ရိုသေရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကိုယ်ထိလက်ရောက် တုံ့ပြန်မိပါတော့တယ်။ ဒီတော့လည်း အမှားပေါ်မှာ အမှားဆင့်သလိုဖြစ်တာမို့ ရပ်ရွာကလူငယ်တွေက သူ့အသက်ကို ရန်ရှာအန္တရာယ်ပြုဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့လည်း အများနဲ့တစ်ယောက်မို့ သူ့ခမျာ ကိုယ်လွတ်ရုန်းပြီး ပြေးရတော့တာပေါ့။
ခုလည်း သားဖြစ်သူ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို မြင်ရတဲ့အခါ အနှစ်နှစ်အလလ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကိုတောင်မှ ဖခင်ဖြစ်သူဟာ မငဲ့တော့ပါဘူး။ ၀ရမ်းပြေးဖြစ်နေတဲ့ သားဖြစ်သူရှိရာကို မရအရ ရှာဖွေသွားရောက်ပြီး အဖေ၀န်ခံလိုက်ပါတော့မယ်သားရယ်။ မပြေးပါနဲ့တော့လို့ ငိုယိုပြီး တောင်းပန်ပါတယ်။ ဒါပေမဲ့ သားကလက်မခံပါဘူး။ “အဖေ၀န်ခံရဲ ၀န်ခံကြည့် ဟောဒီမှာတွေ့လား၊ ဟောဒီဓားနဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ထိုးပြီး သတ်သေပစ်လိုက်မယ်ဗျ” လို့အော်ပြီး အဖေနဲ့ မျက်နှာချင်းအဆိုင်မခံဘဲ ရှောင်ပြေးပါတယ်။ ဖခင်ကလည်း သားနောက်ကမီအောင်လိုက်ရင်း “မပြေးပါနဲ့သားရယ်။ အဖေ့အမှားကို သားအစားဝင်မခံပါနဲ့” လို့ အပြေးလိုက်ပေမယ့် မမီတော့ပါဘူး။ ဘယ်လိုပဲလိုက်လိုက် မမီနိုင်တဲ့ “ဘယ်ပန်းချီရေးလို့မမီ” ဆိုတဲ့ ဇာတ်ကားရဲ့ အဆုံးသတ်မှာတော့ နောက်ကလိုက်လာတဲ့ ရွာသားတွေရဲ့လက်ချက်နဲ့ လူငယ်လေးဟာ အသက်ထွက်ခါနီး အချိန်မှာတောင်မှ “အဖေ ဘယ်တော့မှ အမှန်ကို ၀န်မခံပါနဲ့နော်” လို့ တဖွဖွမှာရှာပါတယ်။
လူတွေက သူ့ကို လူယုတ်မာ၊ တာဝန်မဲ့တဲ့သူလို့ စွပ်စွဲပုတ်ခတ်ပြီး သေတဲ့အထိ ရက်ရက်စက်စက် ပြုခဲ့ကြပေမယ့် ဒီလိုပြုကြတဲ့ သူတွေကို မတရားဘူး၊ တရားမျှတမှု မရှိဘူးလို့ လူငယ်လေးဟာ တစ်ခွန်းမှ ပြောမသွားပါဘူး။
ဒါပေမဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ရယူခံစားနိုင်ခွင့်မရှိတဲ့ သူ့ဘ၀ကိုတော့ အမှန်ပဲ နာကြည်းမိနေမှာပါ။ တကယ်လည်း ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်နေကြတဲ့ သရုပ်ဆောင်တွေအားလုံးဟာ အမှန်တရား ဟုတ်တယ်၊ မဟုတ်ဘူး။ တရားမျှတမှုရှိတယ် မရှိဘူးဆိုတာ ဘယ်သူမှမသိကြပါဘူး။ သိနေတဲ့သူဆိုလို့ ကျွန်တော်အပါအ၀င် ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေပဲ ရှိပါတယ်။
ဒါကြောင့် အမှန်တရားနဲ့ တရားမျှတမှုကို သိချင်တဲ့အခါ ကျွန်တော်ကတော့ ရုပ်ရှင်ကြည့်ပါတယ်။

Credit - Eleven Media Group

No comments:

Post a Comment