Monday, October 20, 2014

UNFC ကနေ KNU မခွဲထွက်ရေး နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး တိုက်တွန်း

နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (IKO) က ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC မှာ မခွဲထွက်ရေးအတွက်တောင်းဆိုတဲ့ ကြေညာချက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

KNU အဖွဲ့ UNFC ကနေ ယာယီနှုတ်ထွက်ခြင်းဟာ UNFC တပ်ပေါင်းစုအဖွဲ့ ကျစ်လစ်ခိုင်မာစွာ ကြီးထွားလာတာကို မလိုလားသူတွေက နိုင်ငံရေးလူမိုက်ငှား လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ KNU ခေါင်းဆောင်တွေက ဒီလိုလုပ်ဆောင်နေတာဖြစ်တာကို မြင်တွေ့ရတဲ့အတွက် ကရင်လူထုယူကြုံးမရ ဖြစ်ကြရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ IKO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မန်းအိုလန်ဒိုးက ခုလိုပြောပါတယ်။


"KNU ဆိုတာကအတွေ့အကြုံအရှိဆုံးနဲ့ အမြှော်အမြင်အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုပါ၊ ကလေးဆန်ဆန်ပေါ့လေ တပ်ပေါင်းစုကနေ ခွဲထွက်ဖို့စဉ်းစားတယ်ဆိုတဲ့ဟာက KNU နဲ့ မူလတန်ဖိုးအတိုင်း မဟုတ်ဘူးဆိုတဲ့ဟာ ကျနော်တို့အဲ့လိုမြင်တယ်၊ ကရင်တစ်မျိုးသားလုံးရဲ့ လိုလားချက်နဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ကျနော်တို့ အဲ့လိုမြင်တယ်"

ဆက်လက်ပြီး ကြေညာချက်မှာ ကရင်တစ်မျိုးသားလုံးရဲ့ အကျိုးစိီးပွားနဲ့ ကရင့်တော်လှန်ရေးကို ကျောခိုင်းသွားသူတွေကို IKO အနေနဲ့ ဆန့်ကျင်သွားမှာဖြစ်သလို KNU အဖွဲ့မှာလူမှန်နေရာမှန် ဖြစ်ရေးအတွက်လည်း စည်းရုံးလှုံ့ဆော်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံး (IKO) အဖွဲ့ဟာ ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေတဲ့ ကရင်အဖွဲ့အစည်းအသီးသီးနဲ့ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အနည်းဆုံးနိုင်ငံပေါင်း ၃၀ ကျော်မှာ ရှိနေကြတာဖြစ်ပါတယ်။

KNU ဗဟိုကော်မတီအနေနဲ့ UNFC အဖွဲ့က အပြီးတိုင်နှုတ်ထွက်ရေး၊ ဆက်လက်ပူးပေါင်းရေး စတာတွေနဲ့ ပတ်သက်လို့ လာမယ့်အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။

Credit - RFA Burmese

 

No comments:

Post a Comment