ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတင်ပြ
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအဝင်
ပုဒ်မပေါင်း ၂၁ဝ အားပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှု ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၂၂ ရက်တွင်
အစီရင်ခံတင်ပြခဲ့သည်။
ကော်မတီသည် စတင်ဖွဲ့စည်းသည့် ၁၁-၂-၂ဝ၁၄ မှ
၂၅-၉-၂ဝ၁၄ အထိ အစည်းအဝေးပေါင်း (၄၆) ကြိမ်ပြုလုပ်ခဲ့ပြီး
၎င်းအစည်းအဝေးများတွင် ပြည်သူများ၏ အကြံပြုချက်များ၊ အဖွဲ့အစည်းအသီးသီးမှ
အကြံပြုချက်များ၊ ပါတီအသီးသီးမှ အကြံပြုချက်များ၊ တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်များမှ
အကြံပြုချက်များကို အခြေခံကာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု ကော်မတီ
အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
ကော်မတီ၏ အစီရင်ခံစာကို
တင်ပြရာတွင် မူလအတိုင်းထားရှိသင့်သည့် အခန်းများ၊ ပုဒ်မများနှင့်
ပြင်ဆင်ရန် စဉ်းစားသင့်သည့် အခန်းများ၊ ပုဒ်မများဟူ၍ ကဏ္ဍနှစ်ရပ်ခွဲခြားပြုစု
တင်ပြထားကြောင်း ကော်မတီဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။
အစီရင်ခံစာရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု
ကော်မတီအစည်းအဝေးများတွင် ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း
အကြံပြုဆွေးနွေးသည့် ပုဒ်မများခေါင်းစဉ်အောက်တွင် ပုဒ်မ ၅၉ (စ) အား
ထည့်သွင်းထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင်
ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ရန် NLD ပါတီမှ အကြံပြုထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အခြေအနေအချိန်အခါအရ
စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မဖြစ်ကြောင်း အကြံပြုသည်။
ရခိုင်အမျိုးသားပါတီက “နိုင်ငံခြားသား အိမ်ထောင်ဖက်
သက်ရှိထင်ရှားရှိနေလျှင်” ဟု အစားထိုးသင့်ကြောင်း အကြံပြုသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက “မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး
သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး (သို့မဟုတ်)
ခင်ပွန်းသော်လည်းကောင်း” ဟူသော စာသားဖြုတ်ပယ်ရန် အကြံပြုထားသည်။
သူရဦးအောင်ကိုက ဤပုဒ်မခွဲကို စဉ်းစားရန် အကြံပြုသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက
“မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊
မိမိဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း လက်ရှိအချိန်တွင်
နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏
နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့်
ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု
ပြင်ဆင်ရန် အကြံပြုထားသည်။
ထို့ပြင် ပြည်သူများ စိတ်ဝင်စားနေသည့်
ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) အားလည်း ပြင်ဆင်ရန်စဉ်းစားသင့်ကြောင်း
ကော်မတီမှ အကြံပြုထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက်
အကြံပြုချက်များတွင် ပုဒ်မ ၄၃၆ (က) အား NLD ပါတီမှ ပြည်ထောင်စုလွှတ်တော်တွင်
ရွေးကောက်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက
ပြင်ဆင်ရန် (သို့) ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော်က
ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက
ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်” ဟု
အကြံပြုထားသည်။
ပုဒ်မ ၄၃၆ (က) နှင့်ပတ်သက်၍
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အကြံပြုရာတွင်
“နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျက်ရှိရာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများနှင့်
ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့်
လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်ဖြစ်သည်” ဟု သုံးသပ်ထားသည်။ သို့သော်
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ (က) အား
မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ပုဒ်မ
၄၃၆ (ခ) နှင့် ပတ်သက်၍NLD ပါတီက အကြံပြုရာတွင် “ပြည်ထောင်စုလွှတ်တော်တွင်
ရွေးကောက်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ
(သို့) ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်
ပြင်ဆင်ရန်” တင်ပြထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက
မပြင်ဆင်လိုကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
၎င်းအစီရင်ခံစာနှင့်
ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ခေါ်ထားပြီး
ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးပြီးနောက် အစီရင်ခံစာအပေါ် အခြေခံကာ
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း
ဆက်လက်ရေးဆွဲရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅
ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုကာလ၌ အပြီးပြင်ဆင်ပြီးဖြစ်ရန်
ဆောင်ရွက်ရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက
ညွှန်ကြားထားကြောင်း ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာနှင့်
ပတ်သက်၍ မိမိပါတီမှ ပါတီဝင်များ ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်းနှင့်
ပြောသင့်ပြောထိုက်သည်များကို ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း
သတင်းထောက်များအား ပြောကြားသည်။
Credit - Eleven Media Group
No comments:
Post a Comment