Tuesday, April 21, 2015

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေကို ရန်ပုံငွေ တစ်ရပ်ဖြင့် ဆောင်ရွက်ရန် ဥပဒေ ပြဋ္ဌာန်းချက်တွင် ပါဝင်လာ

ရန်ကုန် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ SMEs အတွက် ရန်ပုံငွေတစ်ရပ်ထားရှိရန်  ဥပဒေ ပြဋ္ဌာန်းချက်တွင် ပါဝင်လာခြင်းက အားကောင်းသည့် အချက်ဖြစ်လာသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက မဇ္ဈိမကို ပြောသည်။

Worker-1
ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)




မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတစ်ရပ်ကို ဧပြီလ ၉ ရက် ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပြီး  ရန်ပုံငွေထားရှိမည့် အချက်အပေါ် ၎င်းတို့က ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ''လက်ရှိမှာ  SMEs တွေအတွက် ချေးငွေကို SMIDB ဘဏ် (အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်) က တစ်ဆင့် သွားနေတော့ အားလုံးရဖို့ မဖြစ်နိုင်ဘူး။ ဥပဒေအတည်တကျနဲ့ ရန်ပုံငွေဆိုတာ ဖြစ်လာတော့ ဘောင် ဝင်တဲ့ လုပ်ငန်းအားလုံးက ရနိုင်တယ်ဆိုတဲ့ ပုံစံဖြစ်လာတာပေါ့'' ဟု ပြောသည်။

ဥပဒေတွင်မူ ရန်ပုံငွေကို နိုင်ငံတော်၏ နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) ရေးဆွဲစဉ်တွင် တင်ပြနိုင်ရန် ထည့်သွင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့်လည်း ထူထောင်ထားရှိရန် ပြဋ္ဌာန်းထားသည်။

လုပ်ငန်းရှင်များက ငွေချေးယူနိုင်ရေးအတွက်လည်း SMIDB ဘဏ်နှင့် သက်ဆိုင်ရာ ဘဏ်များမှ    တစ်ဆင့် မှတ်ပုံတင်ထားရှိသော SMEs လုပ်ငန်းများက တိုက်ရိုက်ချိတ်ဆက် ချေးယူနိုင်ရန် အချက်ကိုလည်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။

စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ''အခုလို ပြဋ္ဌာန်းလာပြီး ဒီအတိုင်း စနစ်တကျ ဖြစ်လာရင်တော့ အရင်ထက် အများကြီးကောင်းသွားမှာပါ''ဟု ပြောသည်။

လက်ရှိတွင် SMEs လုပ်ငန်းများက ငွေချေးယူနိုင်ရေးအတွက် SMIDB ဘဏ်တစ်ခုတည်းကသာ အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေခြင်းဖြစ်သည်။ သို့သော် ၎င်းချေးငွေအတွက် ပေါင်နှံပစ္စည်းပြရန် လိုအပ် နေဆဲဖြစ်ပြီး အခြားသော ပုဂ္ဂလိကဘဏ်များကမူ အတိုး ၁၃ ရာခိုင်နှုန်းဖြင့် ပေါင်နှံပစ္စည်းရယူ လုပ်ကိုင်နေ လျက်ရှိသည်။

ရန်ပုံငွေကိုလည်း သာမန်ချေးငွေ၊ အတိုးနှုန်း သက်သာသောချေးငွေ၊ အတိုးမဲ့ချေးငွေနှင့်  ပြန်လည်ပေး ဆပ်ရန် မလိုသော အကူအညီများအဖြစ် အထောက်အကူပြုနိုင်ရန် ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန ထားရှိဆောင်ရွက်ရမည်ဟု ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် ဥပဒေပြဋ္ဌာန်းချက်တွင် ပါဝင် သည်။

ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီကိုမူ နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ပါဝင်သော အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက ရွေးချယ်ခန့်အပ်သူက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ရမည်ဟုလည်း ပြဋ္ဌာန်းချက်တွင် ပါဝင်သည်။

Credit - Mizzima News

No comments:

Post a Comment