ဦးသိန်းစိန် ဦးဆောင်သော အစိုးရတစ်ရပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များကို အမေရိကန်နိုင်ငံက အသိအမှတ်ပြုလက်ခံရန် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုကို အစိုးရက ငှားရမ်းလျက် အကျိုးဆောင်စေခဲ့သည့် သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
လေးနှစ်နီးပါး ကြာမြင့်လာပြီးနောက် အစိုးရတစ်ရပ်၏ သက်တမ်း တစ်နှစ်အကျန်တွင် အဆိုပါသတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုန့်နှေးသွားပြီဟု ယူဆမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်တွင် အဆိုပါသတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
Podesta Group ဟု အမည်ရသည့် အမေရိကန် အခြေစိုက် အကျိုးဆောင်အဖွဲ့ကို ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ငှားရမ်းခအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော် ကုန်ကျခဲ့သည်။
အဆိုပါ အကျိုးဆောင်အဖွဲ့ကိုငှားရမ်းရခြင်း၏ အကြောင်းပြချက်အဖြစ် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ အမေရိကန်အစိုးရ သိရှိရန်နှင့် အမေရိကန် ပြည်သူများ မြန်မာနိုင်ငံအပေါ် အထင်အမြင် ကွဲလွဲချက်များ မရှိစေရန်ဟု ဘီဘီစီ အသံလွှင့်ဌာနနှင့် သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်က ဆိုထားသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အမေရိကန်နိုင်ငံသိရှိ နားလည်ရန် တစ်နှစ်လျှင် ဒေါ်လာ ရှစ်သိန်းကျော်သော ပြည်သူ့ငွေကို အသုံးပြုသင့်ပါသလား ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်။ ထိုငွေများဖြင့် အဘက်ဘက်တွင် နိမ့်ကျလျက်ရှိသည့် ပြည်သူတို့၏ လူမှုဘဝ တစ်စိတ် တစ်ဒေသအတွက် အကူအညီ ပေးနိုင်ပါသည်။
သို့သော် ဒေါက်တာ နေဇင်လတ်ကမူ ထိုလုပ်ဆောင်မှုသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အများအပြားသည်လည်း ထိုနည်းလည်းကောင်းဟုဆိုသည်။ ထိုကဲ့သို့ အကျိုးဆောင် ငှားရမ်းကာ ဂုဏ်ဖေါ်စေသည့် လုပ်ဆောင်မှုသည် နောက်ပင် ကျနေပြီဟုလည်း ဆိုသည်။
သို့တစ်စေ မိမိ လုပ်ရပ်တစ်ခုအတွက် ပွဲစားကဲ့သို့သော အကျိုးဆောင်များကို ငှားရမ်းကာ အကျိုးဆောင်စေခြင်းသည် မှန်ကန်သည့် လုပ်ရပ်တစ်ခုဟု ယူဆမရနိုင်ပါ။ အဓိကမှာ မိမိ၏ လုပ်ရပ်များကသာ သက်သေ ပြနိုင်ပါလိမ့်မည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တုန့်နှေးနေပြီဟု ယူဆချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် ယခုကာတွင် ယင်းသတင်း ထွက်ပေါ်လာခြင်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ပို၍ပင် စိုးရိမ်ဖွယ် ဖြစ်လာပေလိမ့်မည်။
အမေရိကန်နိုင်ငံသာမက ကမ္ဘာ့ နိုင်ငံအများ၊ ကမ္ဘာ့ မိသားစုများက အသိအမှတ်ပြု လက်ခံလိုပါသလား။ အလွန်ရိုးရှင်းသည့် အဖြေရှိပါသည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ စေတနာပါပါဖြင့်လုပ်ပါ၊ အမှန်တစ်ကယ် ပြုပြင်ပြောင်းလဲလိုစိတ် ရှိပါ။ တိုင်းသူပြည်သားတို့အပေါ် စေတနာထားပါ၊ လုပ်ရပ်များဖြင့် သက်သေပြပါ ပွဲစားမလိုဘဲ ကမ္ဘာက အသိအမှတ် ပြုပါလိမ့်မည်။
Credit - Mizzima News
No comments:
Post a Comment