ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်
လူမူစီးပွားဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၇,၃၅၇ ဒသမ ၆၅ သန်း
သုံးစွဲသွားမည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တစ်နေရာကို ဝေဟင်မှ တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတံတားလုပ်ငန်း၊ စွမ်းအင်ရရှိရေး၊ ရေရရှိရေး၊ ကျန်းမာရေးလုပ်ငန်းများ စသည့် ကဏ္ဍများဖွံ့ ဖြိုးရေးအတွက် သုံးစွဲရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လျာထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေးအတွက် လက်ရှိတွင် ပြည်နယ်ဖွံ့ဖြိုးရေး ဗဟိုကော်မတီမှ လုပ်ငန်း ကော်မတီ ခြောက်ခု ဖွဲ့စည်းကာ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် Development Plan ရေးဆွဲလျက်ရှိနေသည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် စုစုပေါင်း ကျပ် ၁၄,၄၄၅ ဒသမ ၄၅ သန်း သုံးစွဲဆောင်ရွက်ခဲ့ပြီး မြေလမ်းများ၊ ကျောက်လမ်းများ၊ တန်ဖိုးနည်း အိမ်ရာများ၊ ဝန်ထမ်း အိမ်ရာများ၊ ဆိုလာမီး တပ်ဆင်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာရေးအတွက် စက်မှုလက်မှု အသက်မွေးဝမ်းကြောင်း သင်တန်းများကို စစ်တွေမြို့တွင် ဖွင့်လှစ်ထားပြီး ကျောက်ဖြူ၊ မင်းပြား၊ မောင်တောမြို့များတွင် ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။
ဂျပန်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ တည်ဆောက်ရေးလုပ်ငန်းများကို အထောက်အပံ့ပေးထားပြီး ၂၀၁၃-၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ဆောက်လုပ်သွားရန် လျာထားသည်။
Credit - Mizzima News
No comments:
Post a Comment