ရန်ကုန်(မဇ္ဈိမ)။ ။ နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင်ဒဏ် နှစ်ရှည်လများ
ကျခံခဲ့ရသော ဒီမိုကရေစီ တိုက်ပွဲဝင် သူရဲကောင်း၊ နိုင်ငံရေးသမား၊
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားသည်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလ
၂၁ ရက်တွင် တစ်နှစ်တိတိပြည့်ပြီဖြစ်သည်။ နိုင်ငံရေးယုံကြည်ချက်၊
ရည်တည်ချက်ကို နောက်ဆုံးအချိန်ထိ မယိမ်းယိုင်ဘဲ နေထိုင်သွားကာ
အသက်(၈၄)နှစ်တွင် ကွယ်လွန်သွားခဲ့သည့် စံပြပုဂ္ဂိုလ် ဦးဝင်းတင်အား
အမှတ်ရနေသူအများစုထဲမှ လူတစ်ချို့၏ အမှတ်တရစကားများကို မဇ္ဈိမက
ဖော်ပြလိုက်ပါသည်။

ဒေါ်ဖြူဖြူသင်း (ပြည်သူ့လွှတ်တော်အမတ်)
ကျွန်မတို့စိတ်ထဲမှာတော့ တစ်နှစ်ပြည့်သွားပေမယ့် အမြဲတမ်းရှိနေတယ်လို့ ထင်ထားတယ်။ သူ့ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သုံးသပ်တာတွေ၊ သူ့ရဲ့အမြင်တွေကို ကျွန်မတို့က အမြဲတမ်း ကြားသိနေတဲ့အခါကျတော့ သူ့ရဲ့ အမြင်တွေ၊ သုံးသပ်တဲ့ဟာတွေက အခုလက်ရှိအနေအထားမှာ တစ်ကယ်ဖြစ်နေတော့ တစ်ခါတစ်လေကျလို့ရှိ ရင် ကျွန်မတို့ရဲ့ စိတ်ထဲမှာ အဘရှိနေသေးသလို ခံစားရတာပေါ့။
တစ်ကယ့်တစ်ကယ်တော့ သူသုံးသပ်ခဲ့တဲ့ နိုင်ငံရေးအနေအထားတွေက အခုလက်ရှိအနေအထားမှာ တစ်ကယ်ဖြစ်လာတော့ သူ့ကိုပိုပြီးတော့ သတိရစေတယ်။ နိုင်ငံရေးရဲ့ အကျပ်အတည်းဖြစ်လာလေလေ သူ့ရဲ့နိုင်ငံအပေါ်မှာထားတဲ့ စေတနာနဲ့ ခံယူချက်နဲ့ပတ်သက်လို့ ကျွန်မတို့ အရမ်းကို တန်ဖိုးထားမိသလို တစ်နှစ်ပြည့်သွားပေမယ့် အမြဲတမ်း ရင်ထဲမှာရှိနေတယ်။ နောက်တစ်ခုက အဘလိုလူမျိုး တစ်ယောက်ဆုံးရှုံးသွားတာ လက်ရှိတိုင်းပြည်အတွက် နစ်နာမှုရှိတယ်လို့ ခံစားရတယ်။
ကိုဘိုကြည် - တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဘဘဦးဝင်းတင်ဟာ ထောင်ထဲမှာလည်း နှစ်ရှည်လများ ဖြတ်သန်းခဲ့ရတယ်။ အဲ့လိုဖြတ်သန်းတဲ့အခါမှာ ကျွန်တော့တို့လူငယ်တွေအတွက် အတုယူစရာကောင်းလောက်အောင် စံပြအဖြစ်နဲ့နေထိုင်ခဲ့တဲ့ ဆရာကြီးတစ် ဆူဖြစ်ပါတယ်။ အဲ့လိုပဲ ထောင်ကထွက်လာပြီးတဲ့အခါမှာလည်း သူ့ရဲ့သွန်သင်ဆုံးမမှုတွေရှိပါတယ်။
အထူးသဖြင့်တော့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ပူးပေါင်းဆောင်ရွက်မှုကတော့ လုပ်ရမယ်၊ ဒါပေမယ့် ကိုယ့်ဆီမှာရှိထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတစ်ခုကို အလျှော့မပေးဘဲ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို လမ်းညွှန်ပြသခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလမ်းညွှန်မှုဟာ ကျွန်တော်တို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ တစ်ကယ်ကိုစံထားရတဲ့၊ လေးစားလိုက်နာရတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဘဘဦးဝင်းတင်ကို အရမ်းကိုလေးစားမိပါတယ်။ သူက လူသာသေသွားပေမယ့် နာမည်ကတော့ ဘယ်တော့မှမသေပါဘူး။ ဘဘဦးဝင်းတင်ဟာ ထောင်ကထွက်လာပြီးနောက်ပိုင်းမှာလည်း အပြာရောင်အင်္ကျီကို တစ်လျှောက်လုံး ၀တ်ဆင်ခဲ့ပါတယ်။ သူ့ရဲ့ နှစ်ပတ်လည်မှာလည်း မြန်မာနိုင်ငံမှာရှိနေတဲ့လူသားတွေက ဘဘဦးဝင်းတင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အပြာရောင်အင်္ကျီကိုဝတ်ဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အပြာရောင်အင်္ကျီကိုဝတ်ပြီးတော့ ဘဘဦးဝင်းတင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုဂုဏ်ပြုဖို့ အစီအစဉ်ရှိပါတယ်။
ဦးမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ဘဘဦးဝင်းတင်နဲ့ပတ်သက်ပြီးတော့ ပြောစရာတွေက အများကြီးပါဗျာ။ ဒါပေမယ့်ဗျာ ကျွန်တော်တို့စံပြုရမယ့် ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ပေးဆပ်မှုများစွာနဲ့ ရပ်တည်ချက်နည်းနည်းကလေးမှ ယိုင်နဲ့မသွားခဲ့တဲ့ ဘဘဦးဝင်းတင်ကို ကြည့်မယ်ဆိုလို့ရှိရင် ကွယ်လွန်တာတစ်နှစ်ပြည့်ပြီ။ ဘဘဦးဝင်းတင်ရဲ့ စိတ်ဓာတ်ကို အတုယူပါ။ ရပ်တည်ချက်မပျက်ပြားဘဲနဲ့ လျှောက်လှမ်းနိုင်ဖို့အတွက် ဘဘဦးဝင်းတင် ရပ်တည်ခဲ့တဲ့ အတိုင်းပဲ ရပ်တည်ဖို့ လိုအပ်ပြီလို့ မြင်ပါတယ်။
ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ကျွန်တော့ရင်ထဲမှာခံစားချက်ကတော့ ဆရာကြီးဦးဝင်းတင်က အမြဲတမ်း ဟန်ချက်ညီအောင် ကြိုးစားနေသူတစ်ယောက်ပါ။ အမြဲတမ်း တိုင်းပြည်အပေါ်မှာရော၊ ပြည်သူလူထုအပေါ်မှာေ
ရာ ဟန်ချက်ညီအောင် ကြိုးစားခဲ့သူ ပညာရှင်တစ်ယောက်လို့ ကျွန်တော်မြင်ပါတယ်။
ဦးလှဆွေ (အမျိုးသားလွှတ်တော်အမတ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
သူဆေးရုံတက်တော့ ကျွန်တော်ရောက်အောင်သွားပြီး ဂါရ၀ပြုခဲ့သေးတယ်ဗျ။ ဆရာကြီးက မြန်မာပြည်ရဲ့ တစ်ကယ့်ရှားပါး ပစ္စည်းလေ။ သူ့လိုထောက်ပြဖို့ လူတွေလိုတယ်ဗျ။ သူပြောတဲ့စကားထဲမှာ သိပ်ထိရောက်တဲ့ စကားတစ်ခွန်းရှိတယ်။ 'ဘာလုပ်လုပ် ဒီအစိုးရကို မယုံဘူး' ဆိုတာလေ။ အဲ့ဒါက တွန်းအားပေးသွားတာဗျ။ လူတွေယုံကြည်အောင်လုပ်ပြပါ ဆိုပြီးတော့ တွန်းအားပေးသွားတာလေ။ အဲ့ဒါကို ချေဖျောက်နိုင်အောင် လက်ရှိအစိုးရက ကြိုးစားရမယ်။ အစိုးရအဖွဲ့က ယုံကြည်ဖွယ်ရာ ကောင်းတဲ့ဟာတွေကို လုပ်ဖို့လိုတယ်။
ဦးဝင်းတင်၏ ကိုယ်ရေးအကျဉ်း
ဦးဝင်းတင်ကို ၁၉၃၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့၌ ဖွားမြင်ခဲ့သည်။ သား သမီးသုံးဦးအနက် အကြီးဆုံးဖြစ်သူ ဦးဝင်းတင်မှာ ငယ်စဉ်ကပင် စာဖတ်ဝါသနာပါ၍ ဗဟုသုတ ကြွယ်ဝ သူဖြစ်ကာ အသက် ၂၀ အရွယ် တက္ကသိုလ်တက်စဉ်ကတည်းက သတင်းထောက်တစ်ပိုင်းဖြင့် စတင် အလုပ်လုပ်ခဲ့သူ ဖြစ်သည်။
အခြား သတင်းစာဆရာများဖြစ်ကြသည့် ကြေးမုံ ဦးသောင်း(အောင်ဗလ)၊ ဇ၀နတို့နှင့်အတူ ကြေးမုံသတင်း စာအား ပူးတွဲတည်ထောင်သူ၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ် ထင်ရှားသူ ဟံသာဝတီဦးဝင်း တင်မှာ မြန်မာနိုင်ငံ၏ ၀ါရင့်သတင်းစာဆရာကြီး တစ်ဦးဖြစ်သည့်အပြင် အကျဉ်းထောင်အတွင်း၌ အရှည် ကြာဆုံးသော နေခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သည်။
မြန်မာပြည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုက်ပွဲတွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ခြင်းကြောင့် နှစ် ၂၀ နီးပါး အကျဉ်းချခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီ ၂၁ ရက်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။
နိုင်ငံရေး ယုံကြည်ချက်နှင့် လှုပ်ရှားမှုများ
၁၉၇၈ ခုနှစ်၌ ဦးဝင်းတင်ကိုယ်တိုင် ဦးဆောင်ကျင်းပသည့် စနေ စာပေ၀ိုင်းတွင် မဆလ တစ်ပါတီလမ်း စဉ်ကို ဝေဖန်သော စာတမ်းတစ်စောင် တင်သွင်းဖတ်ကြားခဲ့သည့်အတွက် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ်ကာ ၎င်းကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အခါ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် အတွင်းရေးမှူး(၁)အဖြစ် တာဝန် ယူခဲ့။
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့် တရားခံ၏ ဖခင်ထံတယ်လီဖုန်း ဆက် သွယ်စကား ပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်တွင် ဦးဝင်းတင်အား ဖမ်းဆီးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့။
လွတ်ရက်စေ့ကာနီးတွင် နိုင်ငံရေးကို စွန့်၍ စစ်အစိုးရနှင့် ပူးပေါင်းလက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခဲ့သော်လည်း “စစ်လွှမ်းမိုးရေး ဒဿန” ကို သူ အသက်ရှင်နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုံ့ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင် အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန်ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ် မံ ချမှတ်ခံခဲ့ရ။
၁၉၉၀ ၌ အင်းစိန်ထောင်တွင်း အစာငတ်ခံ တိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့။ ထောင်တွင်း လွတ်လပ်မှုကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာတစ်ခုကို တိုက်အတွင်း ထုတ်ဝေနိုင်ခဲ့။
၁၉၉၂ ခု၊ ဇွန်လမှာ ထောင်ဒဏ် ၁၁ နှစ် တိုးခံခဲ့ရ။
၁၉၉၂ ခုနှစ်တွင် Su-SLORC Dialogue Policy (ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရေး ပေါ်လစီ) ကို ရေးသားထုတ်ဝေခဲ့။ ဒေါ်အောင်ဆန်းစု ကြည်အား ပြန်လွှတ်ပေးရန်၊ အမျိုးသားညီလာခံကို ဖျက်သိမ်းပေးရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု များ စတင်ရန် သဘောထား စာတမ်းကိုလည်း ရေးသားခဲ့။
၁၉၉၅ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သော်လည်း စစ်မှန်သော တွေ့ဆုံဆွေးနွေး ပွဲများ အရိပ်အယောင် မတွေ့ရသဖြင့် Appeal to the World ကမ္ဘာကြီးသို့ ပန်ကြားချက် တစ်စောင်ကို ရေးသားထုတ်ဝေခဲ့။ ထိုစာတွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြားနေသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် ရေးသားတိုက်တွန်းခဲ့။
၁၉၉၅ တွင် ထောင်ဒဏ် ငါးနှစ်တိုးကာ စစ်ခွေးတိုက်သို့ အပို့ခံခဲ့ရ။
၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်း အသီးသီးပါသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင် တွင်း ဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိ မြန်မာနိုင်ငံ အခြေအနေတို့ကို ဖော်ပြ ထားသည့် ၈၃ မျက်နှာပါ “ထောင်တွင်း လူ့အခွင်းအရေး ချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာ” ကို ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယိုဇိုယိုကိုတာထံသို့ လျှို့ဝှက်စာ ရေးသားပေးပို့ခဲ့။ ယင်းကြောင့် ၁၉၉၆ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပုဒ်မ ၅(ည)ဖြင့် ထပ်တိုး ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရ။
ထောင်တွင်း အကျဉ်းကျနေစဉ်အတွင်း “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဟူသော “ထ” လေးလုံး ပေါ်လစီကိုလည်း ချမှတ်လမ်းညွှန်မှု ပေးခဲ့။
ယုံကြည်ချက်ကြောင့် အနှစ် ၂၀ နီးပါးမျှ အကျဉ်းကျခံရပြီးနောက် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၌ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့။
၂၀၁၃ ခုနှစ်၊ မတ်လမှ စတင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စာပေ၊ ရုပ်ရှင်နှင့် စာနယ် ဇင်းနယ်ပယ်မှ ဆင်းရဲနွမ်းပါးသူများကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ၂၀၁၂ခုနှစ်အတွင်း ဦးဝင်းတင် ဖောင်ဒေးရှင်းကို စတင် တည်ထောင်ခဲ့။
မှတ်မှတ်သားသား သူ့စကား
“မြန်မာပြည်မှာ နိုင်ငံရေးလုပ်တော့မယ် ဆိုကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျွန် တော်တို့ ကြိုတင် တွက်ဆထားရမယ်။ အာဏာရှင်ကိုပလ္လင်ပေါ်က ဆွဲချတဲ့အခါ အဆင်မသင့်ရင်အသက် တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျွန်တော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျွန်တော်တို့ကို အပြစ်တင်စရာ ဖြစ် လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် ဘယ်လမ်းကို လျှောက်ရမယ်ဆိုတာလောက်တော့ စံနမူနာ ပြနိုင်ရမယ်။ ကျွန်တော်တို့ ကိုယ်တိုင် အလံ မလှဲစတမ်း စွန့်လွှတ် စွန့်စားပြနိုင်မှ နောက်လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက် စွဲကိုင်ချီတက် ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်ကလှန်နိုင်ဖို့ ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲ ဆုပ်ကိုင်ထားကြဖို့ လိုပါတယ်”
(၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် အတွင်း ချုပ်နှောင်ခံနေရစဉ် ဘ၀တူ နိုင်ငံရေးအကျဉ်းသားများကို ပြောပြချက်)
စာပေနှင့် စာနယ်ဇင်းဖြတ်သန်းမှု
မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ၀င်းထင်၊ ပုည၊ ၀င်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တစ်ဦးဟူသော က လောင်အမည်များဖြင့် ဆောင်းပါးများ၊ ဝေဖန်အကဲဖြတ်ချက်များ၊ ဘာသာပြန်များ၊ ကဗျာများနှင့် ၀တ္ထုတို များ ရေးသားခဲ့။
လက်ထောက် အယ်ဒီတာအဖြစ် အကျိုးဆောင်ဂျာနယ်တွင် စတင်အလုပ် လုပ်ကိုင်ခဲ့။
အေအက်ဖ်ပီ နိုင်ငံခြားသတင်းဌာနတွင် ၁၉၅၃ ခုနှစ်၌ ညအယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့။
၁၉၅၀ မှ ၁၉၅၄ အထိ စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့။
နယ်သာလန်(ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၌ ရှိနေစဉ်အတွင်း မြန်မာဘာသာပြန် စာအုပ်စာတမ်း များ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့။ ထို့အတူ မြန်မာနိုင်ငံသတင်း များ စုစည်းဖော်ပြသည့် စောင်ရေ ၅၀၀ ခန့် ထုတ်ဝေသော “ဒို့ပြည်သတင်း” သတင်းစာကို ကိုယ်တိုင်ရေး သားကာ ကိုယ်ပိုင်ငွေဖြင့် ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ပေးပို့ ဖြန့်ဝေခြင်း ကို မြန်မာနိုင်ငံ ပြန်လာသည့် ၁၉၅၇ ခုနှစ်၊ ဧပြီလအထိ လုပ်ဆောင်ခဲ့။
ကြေးမုံသတင်းစာအား ၁၉၅၇ ခုနှစ်၌ စတင်ထူထောင်ရာတွင် ဦးဆောင် ပါဝင်သူများအနက် တစ်ဦးဖြစ် ပြီး ယင်းသတင်းစာ ချိတ်ပိတ်ခံရသည့် အချိန်အထိ ဇ၀န၊ ကြေးမုံ ဦးသောင်း (အောင်ဗလ) တို့နှင့်အတူ အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့။
ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရပြီးနောက် မန္တလေးမြို့တွင် ထုတ်ဝေသည့် ဟံသာဝတီသတင်း စာ အယ်ဒီတာချုပ်အဖြစ် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့။ ထိုအချိန်မှစတင်ကာ ဟံ သာဝတီဦးဝင်းတင်အဖြစ် ထင်ရှားလာခဲ့။ ထိုအချိန်အတွင်း ရန်ကုန်သို့လာရောက်ကာ သတင်းစာ သင် တန်းများလည်း ပို့ချခဲ့။
ရှစ်လေးလုံး အရေးတော်ပုံအတွင်း စာနယ်ဇင်းသမဂ္ဂ ဖွဲ့စည်းလှုပ်ရှားသည့်အချိန်တွင် ဒု-ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့။ ကျောင်းသားသမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေခဲ့သည့် ”သမဂ္ဂ” သတင်းစာတွင်လည်း အင်တိုက်အားတိုက် ပါဝင် ရေးသားခဲ့။
ဆန္ဒဖော်သံ သတင်းစာကို ၃၀၊ ၈၊ ၈၈ တွင် ကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့။
၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ရက်တွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် NLD ပါတီမှ ထုတ်ဝေသော ဒီလှိုင်းစာစောင်တွင် အကြံပေးအဖြစ် စတင်ဆောင်ရွက်ခဲ့။
အောင်မြင်မှုနှင့် အသိမှတ်ပြုခံရမှုများ
ယူနက်စကိုအဖွဲ့ကြီးမှ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုကို ၂၀၀၁ ခုနှစ်၌ ချီးမြှင့်ခဲ့။
၂၀၀၁ ခုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများအသင်းကြီး (WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင် ဆုအား သာယာဝတီ စမ်းစမ်းနွဲ့နှင့်အတူ ရရှိခဲ့။
ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေဖြင့် ပြင်သစ်နိုင်ငံတွင် လမ်းတစ်လမ်းအား “၀င်းတင်လမ်း” ဟု အမည် ပေးထား။
Credit - Mizzima News
No comments:
Post a Comment