Monday, April 20, 2015

ပထမတက္ကသိုလ် ကျောင်းသားသပိတ် (၁၉၂၀ ပြည့်ခုနှစ်)၏ ခေါင်းဆောင် တစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဦးထွန်းဖေ(ထွန်းနေ့စဉ်)၏ သပိတ်စခန်းကိုယ်တွေ့ အတွေ့အကြုံမှတ်တမ်း – လှမြင့်(ရန်ကုန်တက္ကသိုလ်)

ပထမတက္ကသိုလ် ကျောင်းသားသပိတ် (၁၉၂၀ ပြည့်ခုနှစ်)၏ ခေါင်းဆောင် တစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဦးထွန်းဖေ(ထွန်းနေ့စဉ်)၏ သပိတ်စခန်းကိုယ်တွေ့ အတွေ့အကြုံမှတ်တမ်း – လှမြင့်(ရန်ကုန်တက္ကသိုလ်)


သပိတ်မှောက်ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး ညီညွတ်ကြစေရန် ဥပဒေစည်းမျဉ်း လည်းမရှိ၊ ယခင်ကလည်း တိုင်ပင်ထားခြင်းမရှိ၊ ထိုကျောင်းသားများ ညီညွတ်နေပုံကို ချီးမွမ်းအံ့သြလောက်၏ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သတင်းစာဆရာကြီး ဦးထွန်းဖေ (ထွန်းနေ့စဉ်)၊ (ခရစ်နှစ် ၁၉၀၀-၁၉၇၄ခုနှစ်)သည် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာဇာတိဖြစ်သည်။ မိတ္ထီလာ အေ-ဘီ-အမ်ကျောင်းတွင် စတင်ပညာ ဆည်းပူးခဲ့ပြီး ၁၉၁၈ ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာနဂ္ဂဟကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်ကောလိပ်တွင် ဆက်လက် ပညာဆည်းပူး သင်ကြားခဲ့ပြီး ၁၉၂၀ပြည့်နှစ်၌ ပေါ်ပေါက်ခဲ့သော ပထမတက္ကသိုလ် ကျောင်းသား သပိတ်၏ ခေါင်းဆောင်တစ်ဦးအဖြစ် နိုးကြားတက်ကြွစွာ ပါဝင်ခဲ့သည်။ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ၂၆ ဦး ကော်မတီ တွင် ကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံ ခဲ့ရသည်။

၁၉၂၀ ပြည့်နှစ် ပထမတက္ကသိုလ် ကျောင်းသား သပိတ်ကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးထွန်းဖေသည် နယ်ချဲ့ ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေးပညာရေး ဥပဒေကို ဆန့်ကျင် လှုပ်ရှားခဲ့သော တက္ကသိုလ် ကျောင်းသားသပိတ် တိုက်ပွဲ၌ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် ရွှေတိဂုံ စေတီတော်ကြီး၏ ကုန်းတော်ခြေရင်း၊ ဗဟန်းကြားတောရ ကျောင်းဝင်းသပိတ်စခန်းကြီး၌ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာနှစ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့မှသည် ၁၉၂၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာနှစ် ၁၂၈၃ ခုနှစ်၊ တော်သလင်းလ)အထိ ၁၀ လတိုင်တိုင် သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့သော သပိတ်စခန်း ကိုယ်တွေ့ အတွေ့အကြုံများကို ခရစ်နှစ် ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် (မြန်မာနှစ် ၁၂၉၃ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၇ ရက်)အင်္ဂါနေ့ထုတ် သူရိယ သတင်းစာကြီး၌ အောင်ပွဲအစ ပထမ မင်္ဂလာဒေး၊ သပိတ်မှောက် ကျောင်းသားတစ်ဦး၏ ရှေးဟောင်းဖြစ်ထွေ မှတ်တမ်းရေးသူ မောင်ထွန်းဖေ (သပိတ်မှောက် ကျောင်းသားကြီးများ၏ အဖွဲ့ဝင်တစ်ဦး) ဟူ၍ ဤသို့သမိုင်းဝင် ဆောင်းပါးတစ်ပုဒ်ဖြင့် ဖော်ထုတ် မှတ်တမ်းတင် ရေးသားခဲ့သည်။

မြန်မာတို့တိုင်းတွင် မြန်မာတို့ဒေါင်းလံနှင့် ကွာဝေးနေသည့်အခါ ကဗျာဖွဲ့လောက်အောင် ဖြစ်ပေါ်လာခဲ့သော သပိတ်မှောက် ကျောင်းသားများ၏ အရေးကြုံစဉ်က ယောဂီ၊ တောမှီရသေ့ဆရာမှိုင်းကြီး (မစ္စတာမောင်မှိုင်း) သည် ကျောင်းသားတို့၏ သပိတ်ကြီးကို –

ထောင့်နှစ်ရာရှစ်ဆယ့်နှစ်ဟာက တစ်ခေတ်တစ်ခါ အချိန်ထင့်၊ မြန်မာဘောင်ပျော်ဖွယ်အချက်တွေနှင့်၊ လတန်ဆောင်ကျော် ဆယ်ရက်တွင်မှ၊ ပေါ်ထွက်စွာ တစ်မူပြီးတဲ့၊ ယူနီဗာစီတီအက်ကယ်လို့ အဆက်နွံတွင် မကွာဖို့၊ တစ်သက်ဝန်တင်စရာပ၊ ကျွန်ပညာနိဿရည်းကိုဖြင့်၊ ဟိတ်ကြီးတစ်ဟန်မထင်ဘို့မို့၊ ပြန်ခွင်မှာ ကိုင်းယောက်ျားဟဲ့လို့၊ မခံချင်ရှာသူ ဘွိုင်းကောက်တားတွေမဖြင့်၊ စွန့်စားကာ ရုံးညာတန်းခဲ့မို့ …ဟူ၍ ထောက်ခံအားပေးမှုနှင့်အတူ ကျွန်တော် မောင်ထွန်းဖေကိုယ်တိုင် ပါဝင်ခဲ့ပုံ ဖြစ်ထွေများကို မှတ်တမ်းမှတ်စု အကိုးအကားများကို အမှီသဟဲမပြုဘဲ အောင်မြေဗဟန်းသို့ ၀င်သည့်နေ့မှစ၍ ထိုဗဟန်းရပ်မှ ထွက်ခွာသည့် နေ့အထိ ရေးသား မှတ်တမ်းတင်ပါမည်ဟု နိဒါန်းချီိလျက် –

မြန်မာနှစ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ နံနက်စောစောတွင် နိုးကြားကြပါ။ အမျိုးသားကို ချစ်ခင်ကြပါ။ ထွက်ခဲ့ကြမိတ်ဆွေများ၊ ဗဟန်းကိုသွားကြမယ် စသည်ဖြင့် အင်္ဂလိပ်ဘာသာနှင့် ပြောဆိုသံများကို ကြားရစဉ် ပထမဦးစွာ စိတ်ဓာတ်ကို လှုံ့ဆော်ခံရသဖြင့် ထိုအသံများကို လှုံ့စပ်ရေးနေစဉ်မှာပင် ပြန်ကြားနေ ရလောက်အောင် စွဲလမ်းနေ၏။ ကျောင်းသားတို့၏ ဘ၀နုပျိုငယ်ရွယ်သူတို့ စိတ်ဓာတ်သည်ကား နောက်သို့ ဆုတ်တတ်သည့် အလေ့မရှိ။ နောင်ရေးကိုတွေး၍ အော်ဟစ်ပြီးလျှင် နေရစ်ပေတော့ ကျောင်းကြီးရေဟူ၍ နှုတ်ဆက် ခဲ့ကြသည်။ ရွှေတိဂုံကုန်းတော် ခြေတော်ရင်းမှ ဗဟန်းကြားတောရ ကျောင်းဝင်းတွင်းသို့ မည်သည့် လမ်းကသွား၍ ရောက်လာသည်ကို မမှတ်မိတော့ချေ။

တပည့်တို့မည်သည် ဆရာကို ကြောက်စမြဲပင်တည်း။ ရန်ကုန်ကောလိပ်ကျောင်းဆရာဘကို ရုတ်တရက် ကျွန်တော်တို့ရှေ့တွင် မြင်လိုက်ရာ အားလုံးကပင် မတ်တတ်ရပ်၍ အရိုအသေပြုကြ၏။ ဆရာဘသည် ပတ်ဝန်းကျင် တစ်လျှောက်သို့လှည့်၍ ကြည့်ရှုပြီးလျှင် ကျောင်းသားများနှင့် စကားပြောဆိုလေ၏။

ဆရာဘ။ ။ ဆရာပြောမယ်။ သည်လိုကွယ် သည်လို။ မင်းတို့နစ်နာတယ် ဆိုတာတွေကို ဆရာတို့သိတယ်။ တစ်တိုင်းတစ်ပြည်လုံးက ပြောတာ ကိုလည်း ဆရာတို့ သတင်းစာထဲမှာ ဖတ်လို့ သိပါတယ်။ မင်းတို့လည်း အကျိုးမယုတ်ရလေအောင် မင်တို့ လိုရာလည်းရလေအောင် စာမေးပွဲပြီးမှ လုပ်ကြမှပေါ့။

ကိုလှ (ဂျပ်ဆင်ကောလိပ်)။ ။ ကျွန်တော်တို့ ယခုလို ထွက်လာကြတာဟာ ဆရာကြီးတွေ၊ ဆရာတွေနှင့် ဘယ်လိုမှမဆိုင်။ ဆရာတို့ကိုလည်း ရိုသေပါတယ်။ သို့သော်လည်း အက်ဥပဒေကြီးဟာ ကျွန်တော်တို့ ဦးခေါင်းကို သံမှိုကြီးနှင့်စိုက်ထားသလို နာလွန်းလို့ပါဆရာ။

ဆရာဘနှင့် ကိုလှတို့ အပြန်အလှန် ပြောဆိုကြပြီးနောက် မည်သူဆက်လက်၍ ပြောဆိုသည်ကို မမှတ်မိတော့ချေ။ ကျောက်ဆင်းတုစေတီများ တည်ထားကိုးကွယ်သော ဇရပ်တန်ဆောင်းပေါ်တွင် မည်သည့် အရပ်၊ မည်သည့်ဌာနက ဆန်အိတ်၊ ငါးခြောက်၊ ဂွေးသီး၊ ငါးပိကြော်များ ရောက်နေလေသည်ကို မသိရ။ ““နတ်တို့ဖန် ရေကန်အသင့်၊ ကြာအသင့်”” ဆိုသည့်အလား ဇရပ်ရှေ့က ပလ္လင်ပေါ်၌ စာတိုက်မှ ကောလိပ် ကျောင်းသို့ ပေးပို့သော စာများကို စီ၍ ထားသူက ထားကြသည်။ ကြော်ငြာစာ သင်ပုန်းကို ထောင်သူက ထောင်ကြ၏။ သိမ်ကြီးဈေးမှ ကျောင်းသားများအတွက် ရိက္ခာများ စုဆောင်းထောက်ပံ့ကြသည်။

ညနေ၀င်ရီတရောအချိန်တွင် ကောလိပ်ကျောင်းအုပ်ကြီး မစ္စတာ မက်သယူးဟန်းတား၊ ဆရာဘနှင့် ဆရာဘလှိုင်တို့ ထပ်မံရောက်ရှိလာပြီး ဆရာဘက တပည့်များ၏ လုပ်ပုံကိုင်ပုံသည် သမုဒ္ဒရာထဲတွင် ကျနေသော ရေတစ်စက်မျှသာရှိသည်။ ကျောင်းသို့ပြန်၍တက်ကြဟူ၍ ပြောဆိုသည်။ ထိုအခါ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်ကိုဘဦးက ဆရာကြီးကိုရိုသေပါသည်။ သို့သော် ကျောင်းသို့ ပြန်၍မတက်နိုင်သဖြင့် ၀မ်းနည်းပါတယ်ဟု ပြောဆို၏။ ထို့နောက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုဖေသိန်းကလည်း အင်္ဂလိပ်တို့သည် ပရိယာယ်များလှသည်။ သွေးဆောင်ရာသို့ မပါနိုင်ပါဟူ၍ ထပ်ဆင့် ပြောဆိုခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုမြင့်ကလည်း ကျွန်တော်တို့ ထွက်လာခြင်းသည် ရည်ရွယ်ချက် ရှိကြပါတယ်။ ဆရာတို့ခေါ်ပေမယ့်လို့ အပိုပါပဲ။ သွေးဆောင်မှုမပြုဘဲ ဆရာကြီးတို့ပြန်ကြပါရန် မေတ္တာရပ်ခံကြောင်း ရှိုက်ကြီးတငင်ငို၍ ပြောဆိုခဲ့သည်။

သပိတ်မှောက်ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး ညီညွတ်ကြစေရန် ဥပဒေ စည်းမျဉ်းလည်းမရှိ၊ ယခင်ကလည်း တိုင်ပင်ထားခြင်းမရှိ၊ သပိတ်မှောက်ရန် ဖွဲ့စည်းထားသော ကျောင်းသားကြီး ၆ ဦး၏အဖွဲ့ ရှိသည်ဟုသိရ၏။ မည်သူများ ထိုအဖွဲ့တွင် ပါဝင်သည်ကိုလည်းမသိ။ မည်သူက ညီညွတ်စေရန် ညှိ၍ ထားဘိသနည်းဟု ယခုအခါတွင် စစ်ဆေးကြည့်လျှင် ထိုကျောင်းသားများ ညီညွတ်နေပုံကို ချီးမွမ်းအံ့သြ လောက်၏။ အချင်းချင်း အထင်အမြင်သေးသော စိတ်၊ မထီမဲ့မြင် ပြုစေသောစိတ်၊ ပုထုဇဉ်ပီပီ မုန်းစိတ်ပင် ရှိကြသည်ဆိုစေဦး။ ရည်ရွယ်ချက်တည်းဟူသော အာသီသ ရှေ့ဆောင်ရာသို့သာ တစိုက်စိုက် လိုက်နာကြ၏။ အချုပ်မှာ ပုဂ္ဂလဓိဋ္ဌာန်စိတ်ပျောက်၍ ဓမ္မဓိဋ္ဌာန်စိတ်ရောက်နေကြ၏။ ထိုသို့မရွယ်ဘဲလျက် ဖန်ဆင်းပြီး ဖြစ်နေသော အခြေအနေကို ဘယ်တော့ခါများမှ ရောက်နိုင်ကြဦးမည်နည်းဟု အစဉ်ပင် မျှော်လင့်တောင့် တကြ၏။

ထိုအချိန်က နယူးဘားမား သတင်းစာသည် မောင်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း)နှင့် လမ်း ၅၀ ထောင့်တွင်ရှိ၏။ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုဘဦးသည် နယူးဘားမား သတင်းစာအယ်ဒီတာ ဦးဘလှိုင် (လွယ်အိတ်ကြီးဦးဘလှိုင်)၊ လက်ပံတန်းဦးလူကြီး၊ ဦးထွန်းသန်းတို့နှင့်ပူးပေါင်း၍ သပိတ်မှောက် သတင်းများကို နယူးဘားမားသတင်းစာ၊ ရန်ကုန်တိုင်းသတင်းစာ၊ ရန်ကုန်ဂေဇက် သတင်းစာများ၌ အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြ ရေးသားလုပ်ဆောင်ခဲ့သည်။

ကျွန်တော်တို့၏ ကျောင်းသားသပိတ် အရေးသည် တစ်နေ့တခြားပင် တစ်တိုင်းပြည်လုံး၏ အရေး ဖြစ်လာတော့၏။ ရန်ကုန် – စိန့်ပေါလ်ကျောင်း၊ စိန့်ဂျွန်းကျောင်း၊ ရန်ကုန်အစိုးရ အထက်တန်းကျောင်းများမှ ကျောင်းသားများပါ သပိတ်မှောက်၍ ထွက်လာကြသည်။ မြို့သူမြို့သားများကလည်း အားပေးဝန်းရံခဲ့ကြသည်။ ဗဟန်းရှိအရပ် ဟူသရွေ့ သပိတ်မှောက်ကျောင်းသားများ၏ တည်းခိုရာနေရာချည်းပင် ဖြစ်ခဲ့ရ၏။ တနင်္ဂနွေ တစ်ပတ်အတွင်း မြန်မာပြည်ရှိ အင်္ဂလိပ်ကျောင်းရှိသမျှ သပိတ်မှောက်ရန် လိုက်လာကြ၏။ ကောလိပ် ကျောင်းသားများ၏ အရေးမှစ၍ တိုင်းရင်းသားကျောင်းများ တည်ထောင်သည်အထိ တစ်စထက်တစ ကျယ်ဝန်းလာသည်။ နိုင်ငံရေး ခေါင်းဆောင်များပင် သပိတ်မှောက် ကျောင်းသားကြီးများနှင့် ပူးပေါင်း ဆောင်ရွက်လာကြ၏။ လူငယ်များနှင့်လူကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပုံ ကျောင်းသားကျောင်းသမီး အပေါင်းတို့အား တိုင်းပြည်က ထောက်ပံ့ ကူညီကြပုံ။ ဗဟန်းရပ်သည် သပိတ်မှောက် ကျောင်းသားများ လောကရေးရာ တကယ့်တကယ် ပညာရှာမှီးသော နေရာဖြစ်ခဲ့ပုံ၊ ထိုဗဟန်းရပ်သို့ ရပ်တကာပင် လာရောက် ကြည့်ရှုရသော နေရာဖြစ်ခဲ့ပုံ။ ပါလီမာန်လွှတ်တော် လေဘာဂိုဏ်းသား ကာနယ်ဝက် ဂျဝု မြန်မာပြည်သို့ လာသည့်အခါနှင့် ကြုံကြိုက်ရကား။ ထိုကာနယ်ဝက်ဂျဝုနှင့် သပိတ်မှောက် ကျောင်းသားများ တွေ့ဆုံကြပုံ၊ အိန္ဒိယကွန်ဂရက် အသင်းခေါင်းဆောင် မစ္စတာ အဘတ်ထရပ်ဂျီတို့နှင့် တွေ့ဆုံပြောဆိုကြပုံ၊ အင်္ဂလိပ် သတင်းစာများတွင် သပိတ်မှောက် ကျောင်းသားများအကြောင်း ပုတ်ခတ်ရေးသားခဲ့မှုများ ဖော်ပြထားလျှင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုဘဦးက ယင်းသတင်းစာ၏ စာမျက်နှာများကို ဖနောင့်ဖြင့် ပေါက်ခဲ့ပုံစသော အမျိုးသားစိတ်ဓာတ်က လျှပ်လျှပ်တောက် လောင်နေသည့်အခါတွင် ကျောင်းသားကြီး များနှင့် အလုပ်လုပ်ခဲ့ရသဖြင့် စာသင်ကျောင်းများတွင် သင်ကြား၍ မရနိုင်သော ပညာများကို ဆည်းပူးခွင့် အကျိုးတရားများ ရရှိခဲ့ကြသည်။

ရံဖန်ရံခါ ကျွန်တော်တို့၏ အမှုဆောင် အစည်းအဝေး ကျင်းပကြသည့်အခါ ဖယောင်းတိုင်တစ်တိုင်ကိုညှိ၍ ဇရပ်အောက်သို့ဆင်းကြ၏။ ကိုဘဦးက ဇရပ်အောက်သို့ကြည့်၍ ၀ါးလုံးရှည်ရှည်နှင့် ရမ်းသည်ကို သတိရမိ၏။ ၀ါးလုံးနှင့် ရမ်းသည့် အကြောင်းသည်ကား စုံထောက်များ ဇရပ်အောက်မှနေ၍ နားထောင်မည်ကို စိုးရိမ်၍ ဖြစ်သည်ဟုသိရ၏။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းတွင် တိုင်းရင်းသားကျောင်းများ စတင်၍ ဖွင့်လှစ်ခဲ့၏။ ဗဟန်းလိပ်ကန် မြောက်ဘက် ဇရပ်ကြားတွင် ကျောင်းသားများကို စာသင်ခဲ့ရ၏။ လောက၌ တစ်စုံတစ်ခု ပေါ်ပေါက်လာသည်ကို အခြေတည်၍ လုပ်ကိုင်တတ်သောသူများ များစွာရှိ၏။ ထိုသို့ အခြေတည်၍ အသိအမှတ်ပြုလာရန်ကို တစ်စုံ တစ်ခု ဟူသောအရာတစ်ခု ဖန်ဆင်းပေးသော သူများကိုကား ရာဇ၀င်ဆရာများ မေ့လေ့ရှိ၏။ မဟတ္တမဂန္ဒီ တန်ခိုးကြီးနေခြင်းသည်ကား အစိုးရအာဏာဖီဆန်ရေးကို ဖန်ဆင်းပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ မြန်မာပြည်၌ တိုင်းရင်းသားကျောင်းများ ဆောက်၍မပေးလျှင် မဖြစ်နိုင်အောင် ဖန်ဆင်းသူများကား သပိတ်မှောက် ကျောင်းသားများပင်တည်း။

ကျွန်တော်တို့သည် ရည်ရွယ်ချက် အတိုင်းပင် မဆုတ်မနစ်သော လုံ့လဖြင့် လုပ်ခဲ့ကြ၏။ တိုင်းရင်းသား ကျောင်းများကို ရှိသမျှနှင့် ကျေနပ်ဖွယ်ရာမဟုတ်။ နောက်ထပ် တိုင်းရင်းသားကျောင်းများ ဆောက်လုပ်ရန် လိုသေး၏။ ထိုကျောင်းများတွင် သာမက ရပ်တိုင်းရွာတိုင်းတွင် စာဖတ်ရုံများ ဆောက်လုပ်ပြီးလျှင် အမျိုးသားတို့ လွတ်လပ်ရေးအတွက် မျိုးစေ့များချရန် တာဝန်ကား နောင်လာနောက်သား ကလေးများ၏ တာဝန်ဖြစ်၏။ ကျွန်တော်၏ ရှေးဟောင်းဖြစ်ထွေ မှတ်တမ်းကို ဤတွင်အဆုံးသတ် လိုက်ရပေသတည်းဟူ၍ ပထမ တက္ကသိုလ် ကျောင်းသားသပိတ် (၁၉၂၀ ပြည့်ခုနှစ်)၏ သပိတ်စခန်း ကိုယ်တွေ့ အတွေ့အကြုံ သမိုင်းဝင်မှတ်တမ်းကို ရေးသားဖော်ပြခဲ့သည်။

ဦးထွန်းဖေသည် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည် တက်ရောက်ခြင်း မပြုတော့ဘဲ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ၁၉၂၁ ခုနှစ်၌ ရွှေဘိုမြို့ အမျိုးသမီးကျောင်း၊ ဘိုကလေးမြို့ အမျိုးသားကျောင်းတို့တွင် အမျိုးသား ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၂၂ ခုနှစ်တွင်မူ သတင်းစာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ဘားမားအော့ဘားမား အင်္ဂလိပ်သတင်းစာတွင် သတင်းထောက်၊ မြန်မာ့အလင်း သတင်းစာတွင် နေ့စား သတင်းထောက်အဖြစ် ဆောင်ရွက်သည်။ ထို့နောက် သူရိယသတင်းစာတွင် သတင်းထောက်၊ သတင်းထောက်ချုပ်၊ ညအယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မြန်မာ့နေ့စဉ် သတင်းစာ၏ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ဗမာ့ခေတ်သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်သည်။ ၁၉၄၃ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ကျင်းပသော မဟာအရှေ့အာရှတိုက် သတင်းစာညီလာခံသို့ တက်ရောက်သည်။

၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ခုနှစ် တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ဗြိတိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုသို့ သတင်းစာ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဥပဒေပြု လွှတ်တော်သို့ ဟင်္သာတ အနောက်ပိုင်းမှ လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ၁၉၄၈ ခုနှစ်မှ စတင်၍ ပြန်ကြားရေးဝန်ကြီး၊ သာသနာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးတာဝန်များကို ထမ်းဆောင်ကာ ၁၉၅၃ ခုနှစ်၊ သြဂုတ်လတွင် ၀န်ကြီးအဖွဲ့မှ မိမိ၏ဆန္ဒအရ နုတ်ထွက်ခဲ့သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာလတွင် ထွန်းနေ့စဉ် သတင်းစာကို တည်ထောင်၍ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့သတင်းစာ လောကတွင် ဦးထွန်းဖေ(ထွန်းနေ့စဉ်) ဟူသော ၀ိသေသဖြင့် သမိုင်းမှတ်တိုင် စိုက်ထူခဲ့သော အမျိုးသားရေး သတင်းစာဆရာကြီးအဖြစ် သမိုင်းဝင် ထင်ရှားခဲ့သည်။

ကျမ်းကိုး

၁။ စာဆိုတော်များ အတ္ထုပ္ပတ္တိ (မောင်သုတ) မောင်ခင်မင် – ဓနုဖြူ တည်းဖြတ် ဖြည့်စွက်

၂။ ကျွန်တော်သတင်းထောက် (လူထု-ဦးလှ)

၃။ အောင်ပွဲအစ ပထမအင်္ဂလာဒေး သပိတ်မှောက် ကျောင်းသားတစ်ဦး၏ ရှေးဟောင်းဖြစ်ထွေ မှတ်တမ်း (မောင်ထွန်းဖေ၊ သပိတ်မှောက် ကျောင်းသားကြီးများ၏ အဖွဲ့ဝင်တစ်ဦး) (၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်ထုတ် သူရိယသတင်းစာ)



မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment