ချင်းမိုင် (မဇ္ဈိမ)။ ။ တနိုင်းဒေသ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး KIA တပ်စခန်း တစ်ခုကို ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဆုတ်ပေးလိုက်ရသည်ဟု KIO ဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။
ဧပြီလ ၁၉ ရက်မှစတင်၍ အစိုးရ စစ်တပ်က လက်နက်ဖြင့် ပစ်ခတ်၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကာ ဧပြီ ၂၁ရက် နံနက် ၇ နာရီမှစတင်၍ ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ၏ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
“ဒီမနက် ၇ နာရီကနေ တိုက်ပွဲစဖြစ်တယ်။ နမ်ဖြတ်ချောင်း အနောက်ဘက်ကမ်းကို ကူးပြီးတော့ ကျွန်တော့်စခန်းကို လာတိုက်တယ်။ ဒီနေ့မနက် ၁၀ နာရီ ၁၀ မိနစ် ပတ်ဝန်းကျင်လောက်မှာ ကျနော်တို့ တပ်ရင်း ၁၄ အောက်က စခန်းငယ်လေးတစ်ခု ဆုတ်ပေးလိုက်ရတယ်”ဟု ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။
အစိုးရဘက်မှ လက်နက်နှင့် ပစ်ခတ်မှုကြောင့် KIA ဘက်မှ အရာရှိတစ်ဦး ဒဏ်ရာရခဲ့သည်ဟု သူက ပြောသည်။
ဧပြီလ ၁၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော KIA ၏ တပ်ရင်း ၆ နယ်မြေတွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားခြင်း ရှိမရှိ အခြေအနေကို မသိရသေးသော်လည်း ဧပြီ ၂၀ရက် အထိမူ စစ်ရေး တင်းမာမှုများ ရှိနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်များနှင့် အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုများလည်း ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
KIA ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က လက်ရှိ တိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်၍ အစိုးရတပ်များ ဆုတ်ခွာပေးရန် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က အစိုးရ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ထံသို့ အကြောင်းကြားခဲ့သော်လည်း ယနေ့ထိ မည်သို့ အကြောင်းပြန်ကြားခြင်း မရှိသေးဘဲ အစိုးရစစ်တပ်၏ ရှေ့တန်းတပ်ဖွဲ့များ ဆက်လက် တိုးချဲ့လာသဖြင့် တိုက်ပွားများဆက်လက် ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်ကလည်း အစိုးရ၏ လုံခြုံရေး ရဲတပ်ဖွဲ့ သုံးဦးကို KIA ဖမ်းဆီးခဲ့ပြီးနောက် တစ်နေ့မှစတင်၍ အစိုးရ စစ်တပ်က အောင်ဘာလီ (သန်းကောင်)၊ ကင်စီကျေးရွာဟောင်းများထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် KIA ဘက်မှ တပ်စခန်းငယ် ၃ ခုခန့် ဆုတ်ခွာပေးလိုက်ရသည်ဟု သိရသည်။
Credit - Mizzima News
No comments:
Post a Comment