Tuesday, April 21, 2015

ဧရာဝတီတိုင်းတွင် သောက်သုံးရေ ပြတ်လတ်မှုများ ဖြစ်ပေါ်

ပုသိမ် (မဇ္ဈိမ)။ ။ မိုးကာလမတိုင်မီ မတိုင်မီ ဧပြီလလယ်တွင် ဧရာဝတီတိုင်းအတွင်း လပွတ္တာမြို့နယ်ရှိ ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လတ်မှု ကြုံနေ၍ လပွတ္တာမြို့ လူမှုအဖွဲ့အစည်းများနှင့်မီးသတ်ဦးစီးဌာနတို့ကစုပေါင်းကာ ရေသွားရောက် ပေးဝေမှုများ  ပြုလုပ်နေသည်ဟု သိရသည်။

Water-Rare
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)



“သောက်သုံးရေ ပြတ်လပ်တာ နှစ်တိုင်းကို ဖြစ်နေတာပါ ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေရယ် မီးသတ်ဦးစီးက မီးသတ်ကားနဲ့ ကျေးရွာတွေ အထိလိုက်ပြီးတော့ ရေပေးနေတယ်၊ ရာသီဥတုပူတာကြောင့်လည်း သောက်သုံးကန်တွေ ရေတွေခမ်းလာတာလည်းပါတယ်၊ လူဦးရေ တိုးလာတာကြောင့်လည်း ဖြစ်တယ်၊ သင်္ကြန်ရက်အတွင်း မြို့ပေါ် ဘုန်းကြီးကျောင်းတွေကို ရေလိုက်ပို့ပေးတယ်” ဟု ရေလိုက်ပေးဝေသည့် လပွတ္တာမြို့ခံ ဦးညွန့်ရွှေက မဇ္ဈိမကို ပြောသည်။

လပွတ္တာမြို့နယ် အတွင်းရှိ ကျောက်ဖျာလေးကျေးရွာ၊ ရေဆိုင်ကျေးရွာ၊ ၁၂ မိုင် ကျေးရွာ၊ မောင်းတီးကျေးရွာနှင့် သင်္ကန်ကြီးကျေးရွာများတွင် သောက်သုံးရေရှားပါးမှုများ ဖြစ်ပေါ်နေ၍ မီးသတ်ဦးစီးဌာန၊ ရွှေမိုးစက်လူမှုရေးအသင်း၊ အဖြူရောင်ဧရာဝတီ နှင့် တွဲလက်များအဖွဲ့တို့ ပူးပေါင်းပြီး သောက်သုံးရေများအား လိုက်လံပို့ဆောင်ပေးနေသည်။ ရေလမ်းခရီးရှိ ကျေးရွာများသို့ သင်္ဘောများဖြင့် ရေဗူးများ ပို့ဆောင်ပေးနေပြီး ကုန်လမ်းခရီး ကျေးရွာများသို့ မီးသတ်ယာဉ်ဖြင့် လိုက်ပါပို့ ဆောင်ပေးသည်။

"အခု ရေလိုက်လှူတာတောင် ဂါလံ ၉၀,၀၀၀ ဝန်းကျင်လောက်ရှိပြီ၊ ဦးတို့ မိုးမရွာသေးသရွေ့တော့ လိုက်ပို့ ပေးနေမှာပါ၊ ရေလမ်းဆိုလည်း သင်္ဘောတွေ အကူအညီတောင်ပြီး ပို့ ပေးနေတယ်၊ တချို့ ရေခမ်းလာတော့ တမံရေသောက်မိပြီး ဝမ်းလျှောတာမျိုးတွေလည်းဖြစ်တယ်" ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် ရေပြတ်မှုများဖြစ်ပေါ်ပြီး၊ လပွတ္တာမြို့နှင့် အနီးတဝိုက်ကျေးရွာများ သောက်သုံးရေ အခက်အခဲမရှိသော်လည်း ပင်လယ်အစပ် ကျေးရွာများတွင် သောက်သုံးရေအတွက် ခက်ခဲနေသည်ဟု သိရသည်။

ထို့ပြင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း လပွတ္တာမြို့နယ်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့များတွင် နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှုများ နှစ်စဉ်ဖြစ်ပေါ်ခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment