ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း NCA ကို သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။
ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုအဖြစ် အသိအမှတ်ပြုမှုများနှင့်အတူ သံသယများဖြင့် ယုံကြည်မှု မလွန်ကဲရန် သတိပေးမှုများ တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့သည်။
သတိပေးမှုများ အဆုံးမသတ်သေးခင်၊ အပစ်အခတ်ရပ်စဲရန် မူအားဖြင့် သဘောတူညီချက်ကို လက်မှတ်ထိုးအပြီး ရက် ၂၀ မပြည့်ခင်တွင် သေနတ်သံများ ဟိုနားတစ်စ၊ သည်နားတစ်စ ပြန်လည်
ထွက်ပေါ်လာပြန်သည်။ မဟာသင်္ကြန်ရက်များနှင့် နှစ်သစ်ကူး အခါသမယတွင် ပြန်လည် ထွက်ပေါ်လာသည့် သေနတ်သံများအတွက် အလွန်ပင် မနှစ်မြို့ဖွယ်ကောင်းလှသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်တွင် တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်တို့ ဧပြီလ ၁၈ ရက်၊ ၁၉ ရက်များတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။ မြန်မာ့နှစ်သစ်ကူး အခါသမယတွင် အလွန်အရုပ်ဆိုးကာ မင်္ဂလာမရှိသည့် သေနတ်သံများ ပြန်ကြားနေရခြင်းပင် ဖြစ်သည်။ တိုက်ပွဲများဖြင့် မင်္ဂလာမရှိသည့် နှစ်သစ် မဖြစ်စေလိုပါ။
အလားတူပင် ရခိုင်ပြည်နယ်အတွင်းတွင် ဧပြီလ ၁၇ ရက်က ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ထို့အတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းတွင်လည်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိနေသည့် သတင်းများက မြန်မာ့ငြိမ်းချမ်းရေး ဘယ်လဲ၊ ဘာလဲ ဟူ၍ မေးခွန်းထုတ်ရတော့မည့် အခြေအနေဖြစ်သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း NCA ကို လက်မှတ်ထိုး သဘောတူကြပြီးနောက် ရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများအတွက် မေးခွန်းထုတ်လိုခြင်း ဖြစ်သည်။ မဇ္ဈိမက ထောက်ပြ ပြောဆိုလိုသည်မှာ တစ်ဘက်တည်း မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ရပ်စလုံးကို ထောက်ပြ ပြောဆိုလိုခြင်း ဖြစ်သည်။
မေးခွန်းထုတ်ရန်ရှိသည်မှာ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် မလိုလားတော့ပြီလား၊ ရှည်ကြာနေပြီး မည်သည့်ကောင်းကျိုးမျှ မရှိသော စစ်ပွဲများကို မည်သည့်အတွက်ကြောင့် တိုက်ခိုက်လိုနေကြပါသနည်း။ စစ်ပွဲများကြောင့် အတိဒုက္ခအသီးသီးနှင့် ဆုံးရှုံးမှုအဖုံဖုံကို မြင်တွေ့ကြားသိကြပြီး ဖြစ်ကြသည်။ ငြိမ်းချမ်းရေး စည်းချက်ကို လက်နှစ်ဘက်ဖြင့် ညီညာစွာရိုက်ခတ်နိုင်ကြရန် မဇ္ဈိမက အလေးအနက် တိုက်တွန်းပါသည်။
Credit - Mizzima News
No comments:
Post a Comment