ရန်ကုန် (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် ရှမ်းပြည်နယ် တို့တွင် ဧပြီ ၁၈ရက် နေ့လည်က မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်သဖြင့် စာသင်ကျောင်းအချို့ ပျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ဧပြီ ၁၈ရက် နေ့လည် ၁နာရီ ၅၀ခန့်က မိုးသက်လေပြင်း တိုက်ခတ်ပြီး အမှတ် ၉၄ အခြေခံပညာ အလယ်တန်းကျောင်း အခန်းအချို့ ပျက်စီးခဲ့ပြီး ကျပ် လေးသိန်းဖိုးခန့် ဆုံးရှုံးခဲ့ရသည်။
မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် သံချိတ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အမိုးများ လွင့်ပါကာ ကျပ် ၁၅သိန်းဖိုးခန့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
အလားတူ ရှမ်းပြည်နယ် နမ့်ခမ်းမြို့ ၈ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း (ကောင်းဆာ) နှင့် ၁၂ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း (မန့်နား)တို့လည်း အမိုးများ လွင့်ပါကာ ကျပ်သုံးသိန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment