~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဧပြီ ၇
၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတွင်း အခြေအနေ များသည်လည်း ရွေးကောက်ပွဲ အရေးမှစကာ ပညာရေးကိစ္စအလယ်၊ ငြိမ်းချမ်းရေး ကိစ္စတို့အဆုံး ရှုပ်ထွေးလျက်သာ ပိုမို ရှုပ်ထွေး လာလျက်ရှိသည်။ ထိုသို့ အခြေအနေတွင် အဓိက လူထု အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေး အသံများက တိတ်တဆိတ် ဖြစ်နေလှသည်။ ဒီချုပ်၏ နိုင်ငံရေးအသံများကို သိလိုကြသည်ဟု ပြည်သူလူထုများသာမက ဆရာတော်
သံဃာတော်ကြီးများကပင် ဖွင့်ဟ မိန့်ကြား လာမှုများကို ကြားသိနေရပါသည်။ ထို့အတွက် ဒီချုပ်၏ နာယကကြီးဖြစ်သော (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း) သူရဦးတင်ဦးနှင့် အောက်ပါတွေ့ဆုံ ပြောကြားဖြစ်ခဲ့သည်များကို ဖော်ပြခြင်းဖြင့် လူထု၏ ဆန္ဒတစ်ရပ်အား မြန်မာသံတော်ဆင့်က ဖြည့်ဆည်း တင်ပြလိုက်ရပါသည်။
(ယခင်အပတ်မှအဆက်)
● ရွေးကောက်ပွဲအခြေအနေက။
၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်။ မလုပ်ဖြစ်ဘူး။ အခုလည်းကြားထဲမှာလည်း အခြေခံဥပဒေကိစ္စ ပြည်သူ့ဆန္ဒခံယူပွဲဆိုတာ ရှိသေးတယ်။ ပြည်သူ့ဆန္ဒခံယူပွဲကို သင်္ကြန်လွန်ရင်လုပ်မယ်။ သင်္ကြန်မတိုင်ခင် လုပ်မယ်။ သူတို့ ပြောထားတာပဲလေ။ တကယ်လို့ မေလထဲမှာ လုပ်မယ်ဆိုရင် အခုတည်းက ပြင်ထား၊ဆင်ထား တာတွေတော့ ရှိရမှာပေါ့။ မဲစာရင်းနဲ့ ပတ်သက်လို့ အခုထုတ်တယ်။ ရန်ကုန်မှာ ၁၀ ရပ်ကွက် ထုတ်တယ်။ တို့ဆီက လူတွေ သွားကြည့်ကြတယ်။ အမှားတွေချည်းပဲ။ ဘာတွေလဲဆိုတော့ ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲ လုပ်တုန်းက စာရင်းတွေက ဒီအတိုင်းပဲ။ အဲဒါတွေက မဲစာရင်း ထုတ်ပေးရမယ်၊ ပြင်ရမယ်၊ ဆင်ရမယ်၊ up to date လုပ်ရမယ်။ မလုပ်ထားဘဲနဲ့ မဲစာရင်းထုတ်ပြီးတော့ အဲဒါတွေပဲ ထပ်ထုတ်လိုက်တဲ့ အခါကျတော့ အမှားတွေ ပါတာပေါ့။
● ဦးတင်အေးကတော့ မဲစာရင်းတွေ စနစ်တကျ လုပ်ထားတယ် ဘာညာတော့ ပြောတာပဲ။
သူက အပေါ်ကပြောတာ။ အောက်ကတော့ အခုသွားကြည့်။ တချို့စေတနာ စိတ်ဓာတ်ကောင်းတဲ့ ၀န်ထမ်းတွေ ရှိတယ်။ သူတို့ကျတော့လည်း မဲစာရင်းတွေ ဖြန့်ထားရမယ် ဆိုတဲ့အခါမှာ နံရံတွေမှာ ကောင်းကောင်း ကပ်ပြီးတော့ ပြထားတဲ့ နေရာလည်းရှိတယ်။ တချို့အဲလိုမဟုတ်ဘူး။ အဲဒီအပေါ်မှာ တင်ထားပြီးတော့ မင်းတို့ အဲဒီမှာ မင်းတို့ လှန်ကြည့်ကြဆိုပြီးတော့ စာရင်းနဲ့ထားပြီးတော့ လှန်ပြတယ်။ အဲဒါမျိုးတွေလည်း ရှိတယ်။ နည်းနည်းပါးပါး မေးတဲ့ပြုတဲ့အခါကျတော့ မာန်ချင်တယ်၊ ကြိမ်းချင်တယ်၊ မောင်းချင်တယ်၊ အပြစ် တင်ချင်တယ် အဲလိုဖြစ်တယ်။ မဲစာရင်းနဲ့ ပတ်သက်တာကတော့ အရေးကြီးဆုံးပဲခု။ ဟိုတုန်းကလည်း သေချာကြေညာ ထားတယ်။ မဲစာရင်းနဲ့ ပတ်သက်တာ အားလုံး တိတိကျကျဖြစ်အောင် ကိုယ့်ရဲ့ဒေသမှာ ဒါတွေသွားပြီးတော့ ကြည့်ပြုပေးရင် မြန်မြန် သူတို့ပြောထားတဲ့ စည်းကမ်းနဲ့အညီ။ စာရွက်စာတမ်းတွေနဲ့အညီ ပြင်ဆင်ဖို့လိုတယ်။ ဒါတင်မကသေးဘူး။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ရမလဲ ဆိုတာလည်း မဲစာရင်းထဲပါအောင် ဘယ်နေရာမှာ မဲပေးမယ်ဆိုတာ ဆုံးဖြတ်။ အလုပ်ရုံမှာ မဲပေးမယ်။ အလုပ်ရုံရှိတဲ့ ဒေသမှာ၊ ရပ်ကွက်မှာ မဲပေးမယ်ဆိုရင် အဲဒီမှာ ရက်ပေါင်း ၁၈၀ နေတယ်ဆို တာကို စာရင်း သွားပြောင်း။ ကျွန်တော်တို့ ဒီလိုပြောနေတာပဲ အောက်ခြေအထိ။ စက်ရုံ အလုပ်ရုံနဲ့ ပတ်သက်ပြီး ဘယ်လို ပေးမလဲ။ စက်ရုံ၊ အလုပ်ရုံရှိတဲ့ ဒေသမှာ မဲပေးမှာလား။ မင်းနေရပ်မှာ မဲပေးမှာလားဆုံးဖြတ်။ ကျုပ်ကတော့ အဲဒီမှာ မဲပေးမယ်ဆိုရင် အဲဒီကနာမည်ဖြုတ်၊ ဒီမှာလာပေါ့။ ဒါဆိုရင် သူတို့က ပြောင်းပြီးတော့ ထည့်ပေးလိုက် မှာပေါ့။ ဒါမှမဟုတ်ဘူး ကျွန်တော့်နေရာမှာ ထည့်မယ်။ အဲဒီနေ့ကျရင် ကျွန်တော်ထည့်ပြီးမှ အလုပ်လုပ်မယ်။ ဒါလည်းရတာပဲ။ အဲဒါတွေကို တိတိကျကျ အဖွဲ့ဝင်က လူတွေကိုကြည့်ပါ၊ ရှုပါဆိုတာကို အပေါ်ကနေပြီးတော့ ဥပဒေ အထောက်အကူတွေနဲ့ အကုန်လုံး နားလည်လွယ်အောင် ရေးခြစ်ပြီးတော့ တစ်ခုပြီးတစ်ခု ကွက်ကွက် ကွင်းကွင်း နားလည်အောင် ပေးနေတာပဲ။ ကျန်တာကတော့ မဲစာရင်းတွေနဲ့ ပတ်သက်လို့ပြီးပြီ။ ပညာပေး သင်တန်းလုပ်တယ်။ ပညာပေးသင်တန်းက ဆရာသင်တန်းတွေ။ ဆရာသင်တန်းတွေကနေ ပြန်ပြီးတော့ပို့ချ။ ပို့ချတဲ့သူတွေ ကိုယ်တိုင်ကလည်း နားမလည်ဘူး။ ဖတ်ကြည့်လေ ပိုနားမလည်လေ။ အဲဒီတော့ လွယ်ကူအောင် လုပ်ပေး။ အခုဟာက မဲစာရင်းတွေက ခုနပြောသလို လူထုဆန္ဒခံယူပွဲတောင်မှ ဘယ်နေမှန်း မသိသေးဘူး။ မနေ့ကတော့ စံ-ဇာဏီဘိုလား ဘာလားပြောတာ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ မဖြစ်ဘူးတဲ့။ ၂၀၁၆ မှ ဖြစ် မယ်ဆိုပြီးတော့။ သူပြောတာပဲလေ။ ကျွန်တော်လည်း ပုံပန်းကြည့်ရတာက ၂၀၁၅ ရွေးကောက်ပွဲတော့ လုပ်မယ်ပြောတာပဲ။ လုပ်ဖြစ်သည့် တိုင်အောင်တောင် သူတို့ပြောသလို အောက်တိုဘာအကုန်၊ နိုဝင်ဘာလဆန်း ဆိုတာတော့ ဖြစ်ချင်မှဖြစ်မယ်။ အဲဒီတော့ ဒီဇင်ဘာကုန်ခါနီးမှ ဖြစ်ရင်လည်း ကံကောင်းပဲ။ သူတို့ကို မေးလိုက်တဲ့ အခါကျတော့ သူတို့မှာ အရေးကြီးတဲ့ ကိစ္စတွေက မျိုးစောင့်ဥပဒေ ထုတ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပြီးတော့ လုပ်နေရလို့။ မိသားစုတွေ အိမ်ထောင်ချရေးကိစ္စနဲ့ ပတ်သက်ပြီး တော့လည်း ပြင်ဆင်ချက်တွေ လုပ်နေရလို့။ ဒီကြားထဲမှာလည်း ပညာရေး ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ ကိစ္စတွေကို အောက်ခြေမှာ ချပြီးဆွေးနွေးရလို့။ ဒါတွေလည်း သူတို့က ပြပြောနေတာပဲ။
● အဲဒီတော့ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲကို ဥပဒေအရ ဘာမှ …။
ဘာမှ ထွက်မလာသေးဘူး။ ဘာသံမှ မကြားသေးဘူး။ ဒါနဲ့ပတ်သက်လို့ ဆန္ဒခံယူပွဲ လုပ်မယ်ဆိုရင် ဆန္ဒခံယူပွဲ လုပ်ဖို့နဲ့ ပတ်သက်တဲ့ မဲပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ စာရင်းတွေက ကိုယ့်မြို့နယ်နဲ့ကိုယ် အခုတည်းက ထွက်ပြီးတော့ ကန့်သတ်ပြီးတော့ အဲဒီနေ့လာပြီး မဲပေးကြတော့ဆိုတာ ဖြစ်ရမယ်။ အခုဆိုရင် မကြာခင် ဧပြီကုန်မှာပဲ။ သင်္ကြန်ကျတာနဲ့ ဘာနဲ့၊ မေက စလုပ်ဦးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ဝင်မယ့် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး စည်းရုံးရေး ပြောနိုင်ဖို့၊ ဟောနိုင်ဖို့ အချိန်ဘယ်လောက်ရမလဲ။ သူတို့ အတွက် ၂ လတောင် ရပါ့မလား။ အဲလောက်တောင် ဖြစ်နေတာ။ သူတို့ကတော့ သူတို့ အဖွဲ့အစည်းတွေနဲ့ အောက်ခြေမှာ လုပ်ပြီးပြီ။ ဒါနဲ့ပတ်သက်လို့ မကြေညာဘဲ ထားလိုက်တဲ့ အခါကျတော့ မဲစာရင်းတွေနဲ့ ပတ်သက် ပြီးတော့ မဲရုံတွေက ဘယ်မှာ၊ ဥပမာ အမျိုးသား လွှတ်တော်မှာ ဘယ်နေရာ၊ တိုင်းဒေသကြီးမှာ ဘယ်နေရာ၊ ဘာမှမထွက်သေးဘူး အခုထက်ထိ။
● ဆူးလေရှန်ဂရီလာ မှာလုပ်တဲ့ ရွေးကောက်ပွဲ Seminar ဘဘသွားတက်တာ။
အဲဒါက မဲပေးမယ့်အခါမှာ တွေ့ကြုံရမယ့် အန္တရာယ်တွေပေါ့။ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ ကလိမ်ကျတာတို့။ နောက်ပြီးတော့ ရွှေ့ပြောင်း ကိစ္စတို့၊ နောက်ပြီး လုံခြုံရေး မရှိတဲ့နေရာမှာ အတင်း ဇွတ်လုပ်ပြီးတော့ သူတို့နေရာ သူတို့ မဲယူသွားတာတို့။ ဒါတွေ အများကြီးရှိတယ်။ အဲဒါတွေ ပြောကြတာပဲ။ ဘယ်လို ကာကွယ်မလဲ။ ဘယ်လို စောင့်ရှောက် မလဲ။ အဲဒါတွေကလည်း ဒီလူတွေကို ခေါ်ပြီးတော့ သူတို့ကပဲ လုပ်တာပဲ။
● သူတို့ပဲ စီစဉ်တာလား။
သူတို့လုပ်တာပဲ။ ဒါပေမဲ့လို့ သူတို့ လုပ်ပေမယ့်လို့ လာတဲ့လူတွေကတော့ ဥရောပကော်မရှင်က လာတဲ့ လူတွေဆိုတော့ သူတို့ အတွေ့အကြုံနဲ့ ပတ်သက်တာ အားလုံးကို seminar နဲ့မေးပြီးတော့ သူတို့ ပြောတာ ထက် seminar ပါတဲ့ ညှိတာကို ပြောပြီးတော့ အချက်အလက် ယူသွားတာ။ သူတို့က ဘာအချက်အလက်မှ ဘယ်လို လုပ်ရမယ်၊ ဘာညာ ပြောမှာလည်း မဟုတ်ဘူး။ မင်းတို့ ဘယ်လိုလုပ်ကြ၊ ဘယ်လိုကိုင်ကြ ဒီလို ပြောမှာလည်း မဟုတ်ဘူး။ ဒါနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အားလုံးကို Heading တွေပေးပြီးတော့ အဲဒီမှာ အောက်ကရှိတဲ့ seminar တွေက ဆွေးနွေးပြီးတော့ အဲဒီဆွေးနွေးတဲ့ seminar report ကိုယူတာပဲ။ ဒါပေမဲ့ တစ်ခုရှိတာ ဘာထင်ရှားလဲ ဆိုတော့သူတို့ရဲ့ လုပ်ပုံလုပ်နည်းက အခုက အပေါ်ထိပ်တန်းမှာ ပြည်ထဲရေး ၀န်ကြီးပေါ့၊ နောက်ပြီး အောက်မှာကျတော့ အဖွဲ့တွေကျတော့ ပြန်ပြီးစိုးမိုးတဲ့၊ ရဲစိုးမိုးတဲ့ဟာမျိုး သဏ္ဌာန် လက္ခဏာဆောင်တဲ့ အခါကျတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တော့ဖြစ်မယ်၊ ဖြစ်အောင်လုပ်မယ် ပေါ့လေ။ ဦးတင်အေးကတော့ ပြောတာ ၂ နာရီတောင်ကြာတယ် မင်းတို့ကြည့်ပါလား။ အကြာကြီးပဲ။ သူကတော့သာ ရွေးကောက်ပွဲဖြစ်မယ် ပြောတာပဲလေ။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ် ပြောတာပေါ့။ တရားမျှတတဲ့၊ မှန်ကန်တဲ့၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲလို့ ပြောတာပဲ။ အဲဒါကို ယူပြီးလုပ်ပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ ကြွားဝါပြီး ဒီလိုပြောနေတာပဲ။ တကယ်လက်တွေ့နဲ့ ပတ်သက်တဲ့ အပိုင်းမှာကျတော့ ဘယ် လောက် လုပ်နိုင်မလဲ ဆိုတာကတော့ အခုနပြည်နယ်တွေ ဘာတွေ တင်ပြသွားတဲ့ အခါမျိုးမှာ တပ်ရှိတဲ့ နေရာတွေမှာ လုံခြုံရေး၊ နောက်ပြီးတော့ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးမရှိတဲ့ ဥစ္စာတွေ စသည်ဖြင့် အများကြီးပဲ။ သူတို့ ပွိုင့်တွေ ရေးထားတာကတော့ အချက် ၃၀၊ ၄၀ လောက်ရှိတယ်။ အဲဒီ ရှိတဲ့အပေါ်မှာ ဆွေးနွေးတာပဲ။ ရတဲ့အပေါ်မှာ အချက်အလက်တွေ ယူသွားတာပဲ။ နိုင်ငံခြား စောင့်ကြည့်အဖွဲ့တွေ ခေါ်တယ် ဆိုတာလည်း ဒါကတော့ ရုပ်ပြပဲ။ ဟိုလူတွေက ဒါတွေကို လေ့လာပြီးတော့ ဖြစ်လာတဲ့ ဖြစ်ရပ်များကို ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောမှာလည်း မဟုတ်ဘူး။ တွေ့တာပဲ မှတ်သားပြီးတော့ သူတို့က ကြေညာချင် ကြေညာမယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း ဘယ်လိုဖြစ်လို့ ဘယ်လို မတရားလုပ်သွားလို့ ဒါတွေ သူတို့ ပြောမှာလည်း မဟုတ်ဘူး။ ပြောခွင့်လည်း မရှိဘူး။ ဒီရွေးကောက်ပွဲရလဒ်သည် မှားသည်၊ မှန်သည် ပြောမှာ မဟုတ်ဘူး။
● တချို့က စိုးရိမ်ပူပန်မှု ရှိတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း စစ်တပ်ကို အာဏာလွှဲပေးနိုင်တဲ့ အခြေအနေ ပြဋ္ဌာန်းထားတာ။
အခုက ရှင်းနေပြီ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လုပ်သွားတာက လက်မှတ်ထိုးနေပြီးတော့ ပါသွားတဲ့အတွက် ဟိုဘက် ဒီဘက် အင်မတန်အားရအောင် တိုင်းရင်းသားတွေနဲ့ ဝေဆာအောင် ပြောနေတယ်။ ဒီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးအဖွဲ့ကလည်း သေချာနေတယ် ပြောတာပဲ။
● ပြောပြီးတော့မှ ပြန်သွားလို့ မင်းအောင်လှိုင်က ၆ ချက်ထဲက ၂ ချက် မပါလို့ သဘောမတူဘူးတဲ့။
အဲဒါကြောင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လုပ်သွားမယ်တဲ့။ ဆွေးနွေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာ အားလုံးကို စဉ်းစားစရာ အချက်တွေ ဖြစ်လာတဲ့အတွက် ပြောပြီးပြီ။ လာမယ့် ဧပြီကုန်ရင် လက်မှတ်ထိုးမယ်။ မေရောက်ရင်ထိုးမယ်။ အဲဒီအခါကျတော့ ဘာဖြစ်ဖြစ် ကြည့်ရဦးမယ်။ အခုကသမ္မတကြီး ပြောတယ်ဘာညာ အားရစရာ ပြောနေတာပဲ။ ချီးကျူးတယ်။ အားပေးတယ်။ သမိုင်းတစ်ရပ် ဖြစ်တယ် ဘာညာပြောနေတာပဲ။
● တပ်မတော်က အခုလိုမျိုး ငြိမ်းချမ်းရေး ကိစ္စမှာလည်း အခုလောက်ထိ ကျပ်တည်းရအောင် ချုပ်ကိုင်ထားတာ။
သူတို့ပြောတာ ၂ချက်ပါပဲ။ သူတို့ အဓိကပါရတဲ့ အချက်နဲ့ပတ်သက်လို့ pass မပေးဘူးပေါ့။ ရှေ့ဆက်ပြီးတော့ လည်း တပ်မတော်ရဲ့ ဦးဆောင်တဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍပိုင်းမှာ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပါရမယ်။ အဓိကပြောတာပဲ။ လက်မှတ်ထိုးပြီးတော့ ဟိုကပြောတဲ့ အယူအဆက အဲဒါ ထပ်ပြောတဲ့အတွက် လက်နက်ချ ခိုင်းတယ်တဲ့ ပြောနေတယ်။
● မင်းအောင်လှိုင်က သူတို့လုပ်တဲ့ တပ်မတော်နေ့မှာ အဲဒီအတိုင်းပြောသွားတယ်။ ငြိမ်းချမ်းရေးကိစ္စ လည်း တော်တော်ရင်လေးဖို့ ကောင်းတယ်။
ဆွေးနွေးခွင့်တွေရှိရင် ဆွေးနွေးတာတော့ ကောင်းပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment