ရန်ကုန် (မဇ္ဈိမ)။ ။ လက်ရှိ အစိုးရသက်တမ်း လေးနှစ်တာ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၈ ဘီလီယံကျော် ဝင်ရောက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများ၌ ဖော်ပြထားသည်။
ပြီးခဲ့သော မတ်လ ၃၁ ရက်က ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ကုန်ဆုံးခဲ့ပြီဖြစ်ရာ ယင်းဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈,၈၁၀ ဒသမ ၅၃၃ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လေးနှစ်အတွင်း ကန်ဒေါ်လာ ၁၈,၁၈၁ ဒသမ ၅၁၅ သန်း ဝင်ရောက်လာခြင်း ဖြစ်သည်။
လက်ရှိ အစိုးရ၏ နောက်ဆုံးသက်တမ်းဖြစ်သော ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ကန်ဒေါ်လာ သန်း ၆,၀၀၀ ဝင်ရောက်မည်ဟု အစိုးရမှ မျှော်မှန်းထားသည်။
သမ္မတဦး သိန်းစိန် ဦးဆောင်သော အစိုးရသက်တမ်း လေးနှစ်အတွင်း ကုန်ထုတ်ကဏ္ဍသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဝင်ရောက်မှု မြင့်တက်လာသော်လည်း ပမာဏအရ အဆင့်သုံးနေရာတွင်သာ ရပ်တည်နေဆဲ ဖြစ်သည်။
လုပ်ငန်းကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများမှာ စွမ်းအင်ကဏ္ဍတွင် ကန်ဒေါ်လာ ၄,၇၉၄ ဒသမ ၈သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ၌ ၃,၇၇၇ ဒသမ ၂၀၃ သန်း၊ ကုန်ထုတ်ကဏ္ဍသို့ ၃,၇၆၁ ဒသမ ၉၆၃ သန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ၂,၈၇၀ ဒသမ ၁၆၆ သန်း၊ အိမ်ခြံမြေကဏ္ဍ၌ ၁,၂၂၁ ဒသမ ၃၁၈ သန်း၊ ဟိုတယ်/ခရီးကဏ္ဍသို့ ၁,၀၉၃ ဒသမ ၁၅၉ သန်း ၀င်ရောက်ခဲ့သည်။
ယင်းအစိုးရ လက်ထက်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍနှင့် စက်မှုလုပ်ငန်းကဏ္ဍ၌ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မြှုပ်နှံသည့် လုပ်ငန်းတစ်ခုမှ မရှိဟု စာရင်း၌ ဖော်ပြထားသည်။
အခြားအဓိက လုပ်ငန်းကဏ္ဍအချို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုကျဆင်းနေဆဲဖြစ်ပြီး လေးနှစ်အတွင်း စိုက် ပျိုးရေးကဏ္ဍတွင် ကန်ဒေါ်လာ ၆၉ ဒသမ ၅၇၅ သန်း၊ မွေး/ရေကဏ္ဍ၌ ၁၂၈ ဒသမ ၄၇၇ သန်း၊ သတ္တုကဏ္ဍသို့ ၇၄ ဒသမ ၂၂ သန်းသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းမှာ ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်အထိ ကန်ဒေါ်လာ ၅၄,၂၃၆ သန်းကျော်ရှိပြီး လုပ်ငန်းပေါင်း ၈၈၆ ခုမှ မြှုပ်နှံထားခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment