အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ဆုံးမတဲ့ သတင်းမှာပဲ မြန်မာသံတော်ဆင့် က နိုင်ဦး(ရွှေပေါ်ကျွန်း)ရဲ့ သတင်းဓာတ်ပုံကိုကူးပြီး သူရိယအလင်းက ဓာတ်ပုံလိုလို ဖော်ပြပြန် တယ်။ မြန်မာသံတော်ဆင့်က သီးသန့်မေးလို့ ဖြေထားတဲ့ သတင်းကို မသိဘဲ လွယ်လွယ်ကူးပြီး ကိုယ့်သတင်းလိုလို လုပ် . . .
တိုင်းပြည်ကို ကောင်းအောင်ဆုံးမချင်ရင် ကိုယ့်ဘာသာကိုယ်ဆုံးမပါ။ သူရိယအလင်း သတင်းဂျာနယ် က မြန်မာသံတော်ဆင့်က သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ကူးယူ သုံးစွဲချင်ရင်လည်း ခွင့်တောင်းပေါ့ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၅ ခုနှစ်၊ မတ် ၂၇ ရက်နေ့မှာ ကျရောက်မယ့် နှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနား တက်ရောက် သတင်းယူမယ့် သူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်က စာပေ စိစစ်ရေးရုံးမှာ တစ်လလောက်ကြိုတင် စာရင်းပေးကြရ တယ်။ နေပြည်တော်ကို တင်ပေးရမှာမို့လို့လို့ ဆိုတယ်။ နှစ်ပတ်လောက် အကြာမှာတော့ အချက်အလက်တချို့ လိုနေတယ်လို့ စိစစ်ရေးရုံးက ဆိုလာပြန်တော့ မြန်မာသံတော်ဆင့်က ဒေါ်တင်ဇာအောင် တစ်ခါ ထပ်သွားရပြန်တယ်။ စိစစ်ရေးရုံးက ““အခုလာပေးပါဆရာ၊ ကျွန်တော်တို့ စစ်ဆေးတာ မဟုတ်ပါဘူး၊ တပ်မတော်ဘက်က စစ်တာပါ၊ နေပြည်တော်ကို မနက်ဖြန် ပြန်တင်ပေးရမှာ””လို့ ဆိုတာနဲ့ ချက်ချင်းဆောင်ရွက် ပေးကြ ရတယ်။ အင်း… နိုင်ငံ့ခေါင်းဆောင်တွေ တော်တော်များများလာမှာ လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်နေပါလားလို့ နားလည်မိတယ်။
တပ်မတော်နေ့မတိုင်မီ တစ်ပတ်အလို မတ် ၂၃ နေ့မှာ ဘယ်လိုဝင်ရမှာလဲလို့ စုံစမ်းတော့ တပ်မတော်ဘက်က စာရင်း မလာသေးလို့ဆိုတယ်။ မတ်လ၂၅ ရက်နေ့မှာ စုံစမ်းပြန်တော့ ညနေပိုင်းသိရမယ်လို့ ဆိုပြန်တယ်။ ညနေရောက်တော့ မနက်ဖြန် မတ် ၂၆ နေ့လယ် ၃ နာရီမှာ နေပြည်တော်က ပြန်ကြားရေး ၀န်ကြီးရုံးမှာ ထုတ်ရမယ်ဆိုတာ သိတာနဲ့ အောင်မင်္ဂလာ အဝေးပြေးကွင်း ကားငှားပြီး အောင်မင်္ဂလာကနေ ည ၁၀ နာရီ နေပြည်တော်ကိုထွက်မယ့် အဝေးပြေး ကားလက်မှတ်တစ်စောင်ဝယ်ပြီး ခရီးဆက်ခဲ့တယ်။
နေပြည်တော်ကို မနက် ၄ နာရီကျော်တော့ ရောက်တယ်။ တည်းခိုစရာ ဟိုတယ်ရောက်တော့ မနက် ၅ နာရီ ကျော်ပြီ။ အိပ်ရာကနိုးတော့ ညနေ ၃ နာရီထိုးဖို့ စောင့်ရင်း တပ်မတော်နေ့ အခမ်းအနား ကျင်းပမယ့် နေရာတွေကို လိုက်ကြည့်မိတယ်။ ဓာတ်ပုံတွေလည်း ရိုက်ဖြစ်တယ်။ ညနေ ၄ နာရီထိုးကျော်တော့ ကျွန်တော်နဲ့အတူ သွားမယ့် ဦးကိုကိုလွင်က ပြန်ကြားရေးရုံးမှာ ၀င်ခွင့်ကတ်တော့ရပြီ။ ၂၇ ရက် မနက် ၄နာရီခွဲ ပြန်ကြားရေးရုံးမှာစုပြီး ၄ နာရီ ၄၅ မိနစ်မှာ ကားစထွက်မယ်တဲ့။ ဦးဆန်းဝင်းထွန်းအနေနဲ့ ဓာတ်ပုံတော့ ရိုက်လို့မရဘူး။ ဦးဆန်းဝင်းထွန်းအတွက် ကင်မရာယူခွင့် စတေကာမရခဲ့ဘူး။ ရန်ကုန်က ပို့တဲ့စာရင်းမှာ ကင်မရာမယူတဲ့ စာရင်းထဲပါနေတယ်တဲ့။ အဲဒါနဲ့ မြန်မာသံတော်ဆင့်ရုံးကို လှမ်းမေးတော့ ဓာတ်ပုံမရိုက်ပါလို့ လုံးဝ မှတ်ချက် မပေးခဲ့ပါဘူး၊ စိစစ်ရေးကို လှမ်းမေးပေးပါ့မယ်ဆိုပြီး အကြောင်းပြန်တယ်။ ကျွန်တော့်ရုံးကတော့ ဓာတ်ပုံ သွားရိုက်မယ့်သူကို အဲဒီလိုမှတ်ချက် ရေးပေးလိုက်ပါ့မလား။ ဓာတ်ပုံရိုက်မယ့်သူကို ကင်မရာ မကိုင်ပါဘူးလို့ ဘယ်လိုရေးပြီး စာရင်းပေးပို့ လိုက်ကြသလဲဆိုတာ စဉ်းစားလို့တောင် မရဘူးဖြစ်သွားတယ်။ ဒီလောက် စိစစ်နေတဲ့ကြားက ဘယ်လိုမှားကြသလဲ မသိပါဘူး။ နောက်ဆုံးတော့လည်း နှစ်ယောက်သွားမှာ ဆိုတော့ တစ်ယောက်က ကင်မရာမယူတော့ပါဘူးဆိုပြီး ကိစ္စဖြတ်လိုက်ကြတယ်။
နောက်တစ်နေ့ မနက် ၃ နာရီထ ပြင်ဆင်ပြီး ပြန်ကြားရေးကိုသွားတာ မနက် ၄ နာရီ မခွဲမီ ရောက်ကြတယ်။ မနက်စာကတော့ ဘာဆိုင်မှမတွေ့လို့ မစားခဲ့ရဘူး၊ ပါလာတဲ့ ရေဘူးလေးက နံနက်စာပါပဲ။ ၄ နာရီ ၅၅ မှာ ပြန်ကြားရေးကနေကား ၂ စီး စထွက်ပါပြီ။ ဘောဂသီရိကားဝင်း ထိပ်နားရောက်မှ စစ်ဆေးရေးတွေစတွေ့ရ တယ်။ လှေခွင်းတောင် သွားတဲ့လမ်းက၀င်ပြီး ဆက်သွားတော့ ဂိတ်တစ်ခုမှာ တပ်မတော်က ဗိုလ်ကြီးကိုယ်တိုင် ကားပေါ်တက်လာပြီး နာမည်စာရင်းခေါ်ပါတယ်။ ကိုယ့်နာမည်ခေါ်ရင် “ရှိ”ပေါ့။ ကင်မရာကိုလည်း မစစ်ပါဘူး။ ကားဆက်ထွက်လာပြီး အခမ်းအနား ကျင်းပမယ့် နေရာနားက ကားရပ်နားကွင်းမှာဆင်းပြီး စစ်ရေးပြကွင်းထဲ ၀င်ဖို့ ထပ်ပြီးအစစ်ဆေးခံဖို့ တန်းစီကြရတယ်။ တစ်ခါမှ နေပြည်တော် စစ်ရေးပြ အခမ်းအနားကို မရောက်ဖူး ပါဘူး။ ငယ်ငယ်တုန်းက ရန်ကုန်မှာ ကျင်းပတဲ့ တော်လှန်းရေးပလိပ် (အဲဒီတုန်းကတော်လှန်ရေး ပလိပ်ပဲ အလွယ်ခေါ်ကြတယ်) ကို ဦးဝိစာရလမ်းနဲ့ အိမ်က နီးနီးလေးဆိုတော့ တော်လှန်းရေးပန်းခြံကို အသွားရော အပြန်ရော စောင့်ကြည့်ကြတယ်။ စစ်သားတွေ လည်ပင်းမှာ ပန်းကုံးတွေ ပြည့်လျှံလို့၊ ကျသွားတဲ့ စံပယ်ပန်း ကုံးတွေ၊ လက်ကိုင် အောင်သပြေပန်းတွေ၊ ရေမွှေးနံ့တွေ၊ ပန်းရနံ့တွေဆိုတာလည်း ဦးဝိစာရ လမ်းတစ်လျှောက်မှာ ဖွေးလို့၊ မွှေးလို့နေခဲ့တာကို သတိရမိတယ်။ ချီတက် လေ့ကျင့်တဲ့နေ့တွေဆို ပန်းကုံး၊ သကြားလုံး၊ ကြက်ဥပြုတ်၊ ငါးမုန့်ကြော်၊ ဆိတ်သားကင်၊ မရမ်းတုတ်ထိုး၊ အချဉ်ပေါင်း ရောင်းသူတွေလည်း ဈေးရောင်းကောင်းလို့ ပျော်ရွှင်ကြတယ်။ ဒါလည်း ပြည်သူ့အကျိုးပြု နည်းတစ်နည်းပါပဲ။ လွတ်လည်း လွတ်လပ်ကြတယ်။ ဘယ်သူမှ စစ်ဆေးမေးမြန်းခံပြီး ၀င်ကြရတာ မဟုတ်ပါဘူး။ စောင့်ကြည့် နေတာတွေတော့ ရှိရင်ရှိမှာပေါ့။
အစစ်ဆေးခံနေတုန်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဧည့်သည်တော်တွေ၊ တပ်မတော် အငြိမ်းစား အရာရှိတွေလည်း ကွင်းထဲကို ၀င်နေကြပြီ။ ပြည်ခိုင်ဖြိုးပါတီက ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနဲ့ ဦးစိုးသာတို့ ကွင်းထဲက ပြန်ထွက်လာပြီး သူတို့ ကားပေါ် တက်သွားကြတာ တွေ့လိုက်တယ်။ ကျွန်တော့်ရော ဦးကိုကိုလွင်ပါ ကင်မရာတွေကို ကွန်ပျူတာနဲ့ အစစ်ဆေးခံကြတယ်။ နှစ်ယောက်စလုံး ကင်မရာ ရိုက်ခွင့်ရကြ တယ်။ ပွဲမ၀င်ခင် ကြောက်လန့်အောင် လုပ်ထားသလောက် တကယ့်လက်တွေ့မှာတော့ ပုံမှန်စစ်ဆေးမှုတွေ လုပ်တဲ့အတိုင်ပါပဲ။ ဒီလောက်ကတော့ စစ်ဆေးကြမှာပဲလေ။ ရုပ်ရှင်ရုံတွေ၊ စူပါမားကက်တွေ သွားရင်တောင် အစစ်ဆေးခံကြရတာပဲ။ တချို့လည်း မီးခြစ်ပါလာလို့ ထားခဲ့ရတယ်။ စစ်ဆေးရေးဂိတ်ကျော်တော့ မီးထွန်းညှိထားတဲ့ မီးရှူးတိုင်ကြီးကို တွေ့ရတယ်။ ရန်ကုန်က တော်လှန်ရေးပန်းခြံမှာလည်း ဒီလို မီးရှူးတိုင်ကြီး ရှိတာပါပဲ။ ရှေ့ဆက် လျှောက်လာတော့ တောင်တန်းကြီးတွေ နောက်ခံနဲ့ အနောက်အရပ်ကို မျက်နှာမူထားတဲ့ ပုဂံခေတ် ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ အနော်ရထာမင်း၊ တောင်ငူခေတ် ဒုတိယ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်နဲ့ ကုန်းဘောင်ခေတ် တတိယမြန်မာ နိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ ဦးအောင်ဇေယျ (အလောင်းဘုရား)စတဲ့ မင်း ၃ ပါးရဲ့ ရုပ်တုကို တွေ့ကြရတယ်။ တွေ့တွေ့ချင်းတော့ ဘာရုပ်တွေမှန်း မသိပါဘူး။ တပ်မတော်နေ့ဆို အမြဲဝေပေးနေတဲ့ စာအုပ်ဖတ်ကြည့်မှ သိတာပါ။ ရန်ကုန်က တော်လှန်ရေးပန်းခြံမှာတော့ ဗြိတိသျှတွေ သိမ်းယူပြီး ကိုလိုနီပြုထားတဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေး အရယူပေးရင်း လုပ်ကြံခံရတဲ့ အာဇာနည် ခေါင်းဆောင်ကြီး၊ ယနေ့ တပ်မတော်ကြီး ဖြစ်တည် လာဖို့ ဂျပန်နိုင်ငံအထိ ခက်ခက်ခဲခဲသွားရောက် စစ်ပညာတွေ သင်ယူခဲ့တဲ့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ် ရှိပါတယ်။ အဲဒီ မင်း ၃ ပါးရဲ့ရုပ်တုကို ဓာတ်ပုံရိုက်ပြီး မီဒီယာတွေအတွက် သတ်မှတ် ပေးထားတဲ့နေရာကို သွားကြတယ်။ ထိုင်ခုံတွေလည်း ချထားပေးတယ်။ မီးခြစ်တောင် ယူလို့မရပါဘူးဆိုတဲ့ ပရိဝုဏ်မှာ သောက်ပြီးသား ဆေးလိပ်တိုတွေ တွေ့တယ်။ ထုံးဖြူဖြူ သုတ်ထားတဲ့ အုတ်ပေါင်တွေမှာလည်း ကွမ်းတံတွေးတွေ ထွေးထားတာတွေ့ရတယ်။ မီဒီယာတွေကို ချထားပေးတဲ့ နေရာက ဓာတ်ပုံရိုက်မယ်ဆို ပထမတန်းနဲ့ ဒုတိယတန်းမှာ ထိုင်နေတဲ့ ဧည့်သည်တော်တွေရဲ့ မျက်နှာကို ဓာတ်ပုံ ရိုက်လို့မရဘူး။ နောက်ဘက် ဘေးတစောင်းပဲ ရိုက်လို့ရမယ်။ ကာချုပ်ကြီး မိန့်ခွန်းပြောနေရင်လည်း နောက်ကျောဘက်ကပဲ ရိုက်လို့ရတယ်။ ကာချုပ်ကြီး မိန့်ခွန်းပြောမယ့် နေရာကလည်း အဝေးကြီးမှာ။ နေပြည်တော်အထိ တကူးတက လာပြီး ကျောခိုင်းနေတဲ့ပုံတွေ ရိုက်ရတော့မယ်ဆိုပြီး စိတ်ဓာတ်တောင် ကျလာမိတယ်။ ကျွန်တော့် ကင်မရာက Nikon D 7000 ပါ။ မှန်ဘီလူးက 70-300 mm ။ ရောက်ဖူးနေကျ ကင်မရာသမားတွေ၊ သတင်းထောက်တွေ ကတော့ 600 mm, 800 mm မှန်ဘီလူး အကြီးကြီးတွေနဲ့ Lens Hood တွေက ထမင်းချိုင့်တွေ သယ်လာ သလားတောင် မှတ်ရတယ်။ ကဲရသလောက် ရိုက်ကြတာပေါ့။ မီဒီယာ တချို့လည်း ပြောင်းတိုသေနတ် (ကြားဖူးနေတဲ့ အူဇီထင်တယ်) ကိုင်ထားတဲ့ တပ်သားကို ဓာတ်ပုံရိုက်တော့ ဓာတ်ပုံရိုက်လို့မရဘူးလို့ လာပြောတာကို တွေ့ရတယ်။ လာပြောတဲ့ သူက စစ်ယူနီဖောင်းနဲ့ မဟုတ်ဘူး။ အခြေအနေကို လေ့လာနေတုန်း ၆ နာရီ ၄၀ လောက်မှာတော့ ချီတက်လာတဲ့ တပ်မတော် စစ်ကြောင်းကြီးတွေ ကွင်းထဲကို စပြီး ၀င်ရောက်လာတယ်။ စစ်ကြောင်းကြီးတွေ နေရာယူအပြီး ၇ နာရီ ၅ မိနစ် ကျော်လောက်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်ဟာ ရှေ့တော်ပြေး မော်တော် ဆိုင်ကယ် တွေ၊ သေနတ်ကိုင် သက်တော်စောင့်တွေ ရှေ့နောက်ခြံရံပြီး အနီခံပြားမှာ ရွှေရောင်ကြယ်ငါးပွင့် နံပါတ်ပြားတပ် ဆင်ထားတဲ့ အနက်ရောင် မာစီဒီးဆလွန်းကားစီးပြီး စစ်ရေးပြကွင်းကြီးထဲကို ၀င်လာတယ်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment