Friday, April 24, 2015

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းသူများကို အကြမ်းဖက်ဖြိုခွဲခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကာလ တိုးမြှင့်

 ရန်ကုန်၊ ဧပြီ ၂၀

အစိုးရက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြနေသော ကျောင်းသားများနှင့် ၀န်းရံသူများကို အကြမ်းဖက်ဖြိုခွဲကာ အနည်းဆုံး ၁၂၇ ယောက်ခန့်ကို ထပ်မံ ဖမ်းဆီးခဲ့ခြင်းကြောင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများ မူလ သတ်မှတ်ထားသည့် ကာလထက် အချိန်တိုးကာ ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) မှ ကိုသက်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPS)တို့မှ ပူးတွဲလုပ်ဆောင်သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု သည် မူလအစီအစဉ်အရ ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှု
တက္ကသိုလ်အတွင်း ကျောင်းသားများ၏ ဆန္ဒပြမှုကို အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်တွင် အပြီးသတ်မည် ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အစိုးရ အာဏာပိုင်များက ရက်စက်စွာ အကြမ်းဖြိုခွဲပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများသည် အလွန်စိုးရိမ်စရာ အခြေအနေ ဖြစ်လာပြီး အဖမ်းခံရသူများထဲမှ အများအပြားမှာ ပုဒ်မပေါင်း များစွာဖြင့် တရားစွဲဆိုသည်ကို ရင်ဆိုင်နေကြရသည်။

အကျဉ်းထောင်များ အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက်သာမက လတ်တလော ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသူများပါ ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေးအတွက် တောင်းဆိုရန် လိုအပ် လာကြောင်းက နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (FPPS) တို့က ပူးတွဲထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ရာပေါင်းများစွာသော ထောက်ခံသူများသည် ၂၀၁၅ လက်ဝါးကမ်ပိန်းတွင် ပူးပေါင်း ပါဝင် ခဲ့ကြပြီး လက်ရှိနိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အသုံးပြုသည့် ဖိနှိပ်သော ဥပဒေများ ဖျက်သိမ်းရန်၊ စစ်မှန် တည်တံ့သည့် တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏိ္ဏုင်ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်းကို ကိုသက်ဦးက ““လွတ်မြောက်ရေး အတွက်ကို ကမ်ပိန်းတွေကို မြို့တွေမှာ လုပ်တယ်။ တောင်ငူ၊ ဒိုက်ဦး လုပ်တယ်။ photo ကမ်ပိန်းတွေပေါ့။ သူတို့ ဓာတ်ပုံတွေနဲ့ သူတို့ လွတ်မြောက်ရေးအတွက်ကို လုပ်တယ်။ နောက်ထပ်လည်း ဒီလိုအလားတူ ကမ်ပိန်းတွေလုပ်ဖို့ အတွက်ကို ဒီလိုညှိနှိုင်းပြီးတော့ လုပ်နိုင်မယ့် မြို့တွေနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေလည်းရှိတယ်။ အဲဒီရက်ကို တိုးချဲ့လိုက်မယ်ပေါ့နော်။ တိုးချဲ့ လိုက်တယ် ဆိုတာက အဲဒီရက်မှာ ထောင်ထဲမှာ ကျန်နေသေးတဲ့ ၁၆၀ ကျော်အတွက်ကို ကမ်ပိန်းလုပ်တယ်ပေါ့။ အဲဒါ ရည်ရွယ်ပြီးလုပ်တာ””ဟု ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ကာလမှာ မည်မျှထိ ဆက်ရှိမည်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးကြောင်း ကိုသက်ဦးက မြန်မာသံတော်ဆင့်သို့ ဆက်လက် ပြောသည်။

““ဖြစ်ချင်တော့ မတ်လ ၁၅ ရက် နောက်ဆုံး ပိတ်မယ့်ရက်မှာပဲ မတ်လ ၁၀ ရက်နေ့မှာ လက်ပံတန်းမှာ ဖြစ်ပွားသွားတဲ့ သပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ ဖမ်းဆီးတော့ သူတို့အတွက်ပါ ကမ်ပိန်းလုပ်ဖို့ ရက်ကို အသေမထားတော့ဘဲနဲ့ ဆက်လုပ်သွားတာပေါ့လေ။ တိုးချဲ့တာကတော့ နောက်ဆုံး အထိ ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ နယ်မြို့တွေမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ နိုင်ကျဉ်းတွေ စိတ်ဝင် စားတဲ့ လူတွေအားလုံးအဲဒီ Photo ကမ်ပိန်းကို အစ်ကိုတို့ဆီကို ဆက်သွယ်ပြီးတော့ လုပ်မယ်ဆိုရင် အစ်ကို တို့ဆီကို ဓာတ်ပုံတွေပို့ပေး။ အဲဒီအလုပ်တွေ ဆက်လုပ်မှာပါ။ ရက်တော့ ကန့်သတ်ထားတာ မရှိပါဘူး။ နည်းနည်းတော့ ကြာမယ်။ လက်ရှိ အနေအထားကတော့ ကြာနိုင်တယ်။ ဘာလို့လဲဆိုတော့ ခုဖမ်းပြီး တရား မစွဲရသေးဘူး။ ဒါတွေက နိုင်ငံတော်ကလည်း သိလာအောင် ဒီမှာရှိတဲ့ ပြည်သူတွေကလည်း ဒီအရာပေါ်မှာ ပိုပြီးတော့ ပိုမိုအာရုံစိုက်လာတဲ့ အခြေအနေ တစ်ရပ်လည်း ပြောင်းလဲသွားမယ်။ ချက်ချင်း လွတ်မြောက်ဖို့ ကတော့ ခဲယဉ်းတယ်။ ကျောင်းသားတွေ ဒီလိုဒီထဲမှာ ရှိနေတယ် ဆိုတာကို မီးမောင်းထိုးပြသလို ဖြစ်နေတာ ပေါ့””ဟု ကိုသက်ဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု ဆက်လက် ရှိနေခြင်းသည် ကျောင်းသားများ အတွက် မျှော်လင့်ချက် တစ်ခုဖြစ်ကြောင်း ဗကသမှ ကျောင်းသား ကိုဂျိမ်းစ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““AAPP တို့ တခြားနိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်း အသီးသီးက အရင်တုန်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးစားအားထုတ် ခဲ့ကြတာတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လည်း အကျဉ်းချခံနေရတဲ့ ကျောင်းသားတွေ ပြန်လည် လွတ်မြောက်ဖို့ အတွက် မျှော်လင့်ချက်တစ်ခုခု ပိုပြီးတော့ရှိလာ တာပေါ့။ နိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်း တစ်ခုပဲဖြစ်ဖြစ် ဒီလိုနိုင်ငံရေး အကျဉ်းသားတွေ ရှိနေတယ်ဆိုတာ ကလည်း နိုင်ငံရေး အကျပ် အတည်း ရှိနေတာပဲပေါ့။ ဒီဟာတွေ ကျော်လွှားနိုင်ဖို့ အဆင်ပြေဖို့ဆိုတာ ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်””ဟု ကိုဂျိမ်းစ်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

ကျော်ကျော်မင်း၊ သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment