Tuesday, April 21, 2015

ရွာကလေး တစ်ရွာရဲ့ ဒဏ်ရာဒဏ်ချက်များ

(က)

ရွာကို ပြန်မရောက်တာ တစ်နှစ်လောက် ရှိရော့မယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် တစ်နှစ်လုံးလုံး ရွာကို ပြန်မရောက်ခဲ့ဘူး။ နှစ်ပေါင်းနှစ်ဆယ်ကျော် ခြားပြီးမှ ရွာကလေးဆီ ပြန်ရောက်လာတဲ့ လေလွင့်သူ ကျွန်တော့်ကို ရွာကလေးက မချိပြုံးနဲ့ ကြိုဆိုခဲ့တာကိုလည်း ကျွန်တော် မမေ့နိုင်ပါဘူး။ အဲဒီ အခေါက်တုန်းက ၂၀၁၂ ။ ၂၀၁၃ မှာ ကျွန်တော် ရွာက ပြန်လည်ထွက်ခွာ။ အခု ၂၀၁၅ မတ်လပိုင်းကြမှ ရွာကို အလွမ်းပြေ ပြန်ရောက်လာတာပါ။ ဘဝရဲ့ စေစားချက်အရ ဧည့်သည်လိုနေ ဧည့်သည်လိုစား ဖြစ်ခဲ့တဲ့ လေလွင့်သူ ကျွန်တော့်ကို ရွာကလေးကတော့ အပြုံးနဲ့ပဲ ကြိုဆိုရှာတယ်လေ။ ဒါပေမယ့်လည်း မချိပြုံးလေးနဲ့ပဲပေါ့။

ရွာကိုရောက်တဲ့ ညနေပိုင်း။ ဆိုင်ကယ်ကယ်ရီသမားကို ရွာဦးဘုန်းတော်ကြီးကျောင်းဆီသွားတဲ့ သွပ်မိုးတန်ဆောင်းအရှည်ကြီးနားမှာ ရပ်ခိုင်းရပါတယ်။ ရွာထဲ မ၀င်သေးပဲ အိမ်ကို တန်းပြီးမသွားသေးပဲ ရွာဘေးက သစ်ပင်တွေ၊ မြင်ကွင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းဆီ အရင်သွားခဲ့ပါတယ်။ သစ်ပင်တွေကို ဓါတ်ပုံရိုက်ရတာ၊ ရွာဦး ဘုန်းတော်ကြီးကျောင်းဘေးက ညောင်ပင်အောက် ခဏတဖြုတ်ထိုင်ပြီး ကွင်းထဲက ဖြတ်လာတဲ့လေကို ရှူရတာ ဘယ်စည်းစိမ်နဲ့မှ မတူအောင် လန်းဆတ်အားပြည့်သွားရပါတယ်။

ရွာဦးဘုန်းတော်ကြီးကျောင်း ဘေးကဖြတ်၊ ချောင်းကျိုးရွာကလေးဆီ ဦးတည်နေတဲ့ လှည်းလမ်းအတိုင်းလျှောက်လာတဲ့အခါ တချိန်က ဘယ်အချိန်သွားသွား ငှက်သံ၊ နွားငေါက်သံလောက်ကလွဲ ဘာသံမှ ကြားရလေ့မရှိတဲ့ ငှက်ပျောတောတန်းလေးဆီက တီဗွီနဲ့ဖွင့်တဲ့သီချင်းသံ အကျယ်ကြီးကြားလာရပါတယ်။ လှည်းလမ်းဘေး လူသွားလမ်းတစ်လျောက် အိမ်ကလေးတွေ တွေ့လာရပါတယ်။ အိမ်ရှေ့မှာ ကင်မရာလွယ်ပြီး လျှောက်လာနေတဲ့ ကျွန်တော့်ကို လူတွေက စူးစမ်းသလို လှမ်းကြည့်ကြပါတယ်။ အများအားဖြင့် အသက် သုံးဆယ်ဝန်းကျင်အရွယ်တွေချည်းပဲ ဖြစ်နေကြတော့ ကျွန်တော့်ကိုလည်း သူတို့က မမှတ်မိ၊ ကျွန်တော်ကလည်း သူတို့ကို ဘယ်သူဘယ်ဝါမှန်း မသဲကွဲ။ ဒီလိုနဲ့ ချောင်းကျိုးရွာထိပ်က ကုက္ကိုပင်ကြီးအောက် ရောက်လာခဲ့ပါတယ်။

ချောင်းကျိုးရွာဦး၊ စစ်တောင်းမြစ်ဘက်၊ အနိမ့်ပိုင်း ပြေးဆင်းသွားနေတဲ့ အင်းစပ်က လှည်းလမ်း၊ ပြီးတော့ တချိန်က စိတ်မောလူမော ရှိတဲ့အချိန်တိုင်း လာလာထိုင်တတ်တဲ့ ကုက္ကိုလ်ပင်ကြီး။ စိတ်တိုင်းကျ ညနေခင်းအချိန်ဖြစ်လို့မို့ ဓါတ်ပုံရိုက်ရတာလည်း အဆင်ပြေလှပါတယ်။ လေတသုန်သုန်တိုက်နေလို့လည်း သည်နေရာကလေးဟာ ညောင်ခြေထောက်ဘက်ကနဲ့ စစ်တောင်းမြစ် ဟိုဘက်ကမ်းက မြစ်ကူးခြောင်းခြား ပြန်လာတဲ့၊ ဈေးသည်တွေ ဧည့်သည်တွေ ခဏတဖြုတ်ထိုင်ပြီး  မနားဘဲ မနေနိုင်အောင်ကို ဖျားယောင်းဆွဲဆောင်ထားနိုင်တဲ့နေရာလေး ဖြစ်ပါတယ်။ နွားကျောင်းသားတွေက ကုက္ကိုပင်ကြီးပေါ်တက်ပြီး ကွင်းထဲစားကျက်ထဲက အသံပျောက်နေတဲ့ ကိုယ့်နွားတွေ လိုက်ကြည့်ရ လိုက်ရှာရတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။ အဲဒီ နေရာလေးမှာ ကျွန်တော် နာရီဝက်လောက်အချိန်ယူပြီး ဓါတ်ပုံတွေ ရိုက်ပါတယ်။
 
(ခ)

အခုတော့ မိလင်းတို့အိမ်မှာလည်း နေရောင်ခြည်ဓါတ်အားသုံး မီးချောင်းသုံးချောင်းလောက်ဆိုတော့ တော်တော်လေးကို ထိန်ထိန်လင်းနေပါပြီ။ ရောက်လာတဲ့ ကျောင်းသားဟောင်း ဆယ်ယောက်လောက်က အိမ်ရှေ့က ကုလားဖျဉ်းအောက်မှာ ထိုင်ကြပါတယ်။ အိမ်နီးနားချင်းလည်းဖြစ် ကျောင်းသားဟောင်းထဲမှာ အလိမ်မာဆုံး အတက်ကြွဆုံး မောင်တင်ဆန်းတို့လင်မယားက ရေနွေးအိုးတည်၊ လဘက်သုပ်ပွဲချ လုပ်ကြပါတယ်။ ကျောင်းသားတွေဟာ ချောင်းထဲက ရေချိုးပြီးတက်လာတဲ့ ကျွန်တော့်ကို ၀ိုင်းကြည့်ကြပါတယ်။

‘ကဲ ငါတို့ စကားနည်းနည်းပြောကြရအောင်ကွာ’

စကားနည်းနည်းဆိုပေမယ့် ကျွန်တော့်အထင် ည ရှစ်နာရီက စတဲ့ စကားဝိုင်းဟာ ဆယ့်တစ်နာရီထိုးကာမှပဲ နိဂုံးချုပ်နိုင်ခဲ့ပါတယ်။ အဓိက ထားပြီး ပြောကြ ဆွေးနွေးကြတဲ့ အကြောင်းအရာက သောင်ပုရွာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ကျောင်းသားဟောင်းများ တစ်နှစ် တစ်ခါ ပြန်လည်တွေ့ဆုံပွဲ ပြုလုပ်ကြဖို့ကိစ္စဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှယ်ဆယ်ကျော်က ဒီရွာကလေးကို ဘယ်က ဘယ်လိုရောက်လာမှန်း မသိတဲ့ ကျောင်းဆရာတစ်ယောက်ဟာ အခု ကုလားဖျဉ်းအောက်မှာ ထိုင်နေကြတဲ့ ဟိုတချိန်က အသက် ဆယ်နှစ်ကျော် ကျောင်းသားလေးများကို စာသင်ပေးခဲ့ဖူးပါတယ်။ ဒီကျောင်းသားတွေဟာ သောင်ပုရွာ ခေတ်သစ်ပညာရေးရဲ့ လက်ဦးမဆွ ကျောင်းသားဖြစ်ခဲ့ကြပါတယ်။ အခု အဲဒီကျောင်းသားဟောင်း များဟာ ကွယ်လွန်သူ၊ နာမကျန်းဖြစ်သူ၊ အရက်သမား၊ အင်းသမား၊ ကိုင်းသမား၊ လယ်သမား၊ ထိုင်းမြန်မာနယ်စပ်ပြန်၊ ရွာဦးကျောင်းဆရာတော်အပေါ်မူတည်ပြီး စိတ်ဝမ်းတွေကွဲကြ။ ဒီလိုအခြေအနေမျိုးမှာ ရွာပြန်လာတဲ့ ကျောင်းဆရာအဖို့ အသက်ရှူလို့ မ၀လောက်အောင် ရင်ဝကို တက်နင်းတွန်းဖိထားသလို ခံစားရလွန်းလို့ အဲဒီကျောင်းသားဟောင်းများကို ပြန်လည်စုစည်းကြည့်ဖို့ စဉ်းစားခဲ့ပါတယ်။ တချို့ကျောင်းသားတွေက သားတွေသမီးတွေ၊ မြေးတွေ ရသူကရ။ ဘုန်းကြီး ၀တ်သူက ၀တ်။ ၀မ်းဆွဲဆရာမ၊ ကျောင်းဆရာမ။ ဒီလိုနဲ့ ဒီကုလားဖျဉ်းအောက်မှာ ကျောင်းဆရာဟောင်းနဲ့ ကျောင်းသားဟောင်းများ ပြန်ဆုံခဲ့ကြတာပါ။ ဆုံးဖြတ်ချက်ကတော့ ဘယ်နေရာ၊ ဘယ်အခြေအနေရောက်ရောက်၊ အယူအဆမတူတာတွေ၊ စီးပွားရေးကွာဟတာတွေ ဘေးချိတ်ပြီး နောင်နှစ် ဒီလိုအချိန် ဧပြီလ (၄) ရက်၊ ကျောင်းဆရာ မွေးနေ့မှာ ပြန်လာဆုံကြဖို့၊ ကျောင်းသားဟောင်းများ အပြန်အလှန်နာရေးကို ကူညီကြဖို့ ဆွေးနွေးဆုံးဖြတ်ကြပါတယ်။

တခြား ပြောဖြစ်ဆိုဖြစ်တဲ့အကြောင်းအရာကတော့ ရွာကလေးရဲ့ လက်ရှိအခြေအနေ တချို့ကို ကျွန်တော်ကမေး သူတို့က ဖြေကြပါတယ်။ ရွာကလေးဟာ စစ်တောင်မြစ်ကြီးရဲ့ တွန်းဖယ်ပစ်လိုက်လို့ တစ်အိမ်ပြီးတစ်အိမ် ရွာနောက်ဖေး လယ်ကွင်းအစပ်တွေဆီ ရွှေ့ပြောင်းလာခဲ့ကြရတဲ့အကြောင်း၊ ရွာက လူငယ်အများစု ရွာကို စွန့်ခွာပြီး နယ်စပ်ဒေသတွေဆီ အလုပ်သွားလုပ်ကြရတဲ့အကြောင်း၊ မပြောင်းမလဲတည်ရှိနေတဲ့အခြေအနေကတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကန်စွန်းရွက်ခူးပြီး ညောင်ခြေထောက်ဈေးသွားရောင်းရတဲ့ ကျောင်းသားဟောင်းများရဲ့သားသမီးများသည်လည်း မိရိုးဖလာ ရိုးရာမပျက် ကန်စွန်းရွက်ခူးပြီးရောင်းနေကြကြောင်း၊ ပဲခူးရိုးမပေါ်မှာ သစ်ရှားဝါးရှားလို့ တောင်ပေါ်မတက်နိုင်ကြတဲ့အကြောင်း၊ ဆည်ရေကို အကြောင်းမကြားပဲ နှစ်စဉ် ဆည်ဖေါက်ချလို့ ဘယ်တုန်းကမှ ရေးမကြီးခဲ့ဖူးတဲ့ရွာဟာ နှစ်စဉ် ရေမြုပ်နေတဲ့အကြောင်း၊ စပါးပေး၊ ကိုင်းပေါ်ပေးနဲ့ မြို့က လူချမ်းသာဆီမှာ လယ်တွေကိုင်းတွေ ထိုးအပ်ခဲ့ကြကြောင်း၊ နွားကောင်းတစ်ကောင်မှ မမြင်ဘူးတော့သည့်အကြောင်း။ ရွာက တွဲဘက်အလယ်တန်းကျောင်းပြီးလျင် ကျောင်းဆက်မတက်နိုင် ကြကြောင်း၊ ကျောင်းသား နှစ်ယောက်ရှိလျင် တစ်ယောက်က ဆက်တက် ကျန်တစ်ယောက်က ကျောင်းကထွက် နယ်စပ်ကို သွားကြရကြောင်း၊ ဘယ်သူကဘယ်သူ့ကို ဓါးနဲ့ခုတ်လို့၊ အရက်မူးပြီး ရန်ဖြစ်လို့ တရားရုံးတက်နေကြရကြောင်း၊ တခြားတရပ်တရွာပြောင်းပြီး အသက်မွေးဝမ်းကျောင်းဖို့ အထုပ်အပိုးပြင်နေကြသူတွေအကြောင်း။ အေ့ကိုက်တဲ့ရောဂါနဲ့ ရွာသားနှစ်ယောက် ကွယ်လွန်သွားခဲ့ကြောင်း။

တချိန်က ချောင်းကျိုးနဲ့သောင်ပု နှစ်ရွာက နှစ်ရွာ့တစ်ရွာလို ရပ်ရေးရွာရေး၊ ဘာသာရေး၊ ပညာရေး အတူလက်တွဲရပ်တည်ခဲ့ကြရာက အခုတော့ တစ်ရွာစီသပ်သပ် ဖြစ်လာကြကြောင်း၊ ဘုန်းတော်ကြီး နှစ်ကျောင်းဖြစ်လာကြောင်း၊ ကျောင်း နှစ်ကျောင်းဖြစ်လာကြောင်း၊ နှစ်ရွာပိုင် အင်းကို တုတ်ဓါးကိုင်ပြီး လုကြ၊ မြို့ရောက် ရုံးရောက် ဂါတ်ရောက်ကြရကြောင်း။

သည်လိုနဲ့ စကားဝိုင်းသိမ်းကာနီးကြကာမှ ကျောင်းဆရာဟောင်း ကျွန်တော်က သောင်ပုရွာ နှစ်နှစ်ဆယ် ကာလအတွင်း ကွယ်လူသွား ကြသူများစာရင်း ကောက်ယူကြည့်ဖို့ တိုက်တွန်း၊ အသက် လေးဆယ်ကျော် ကျောင်းသားဟောင်းတွေ ခေါင်းချင်းဆိုင် စာရင်းလုပ်။ ထွက်လာတဲ့အဖြေက ကျောင်းဆရာဟောင်း ကျွန်တော့်ကို ရင်တမမ ဖြစ်စေ။ ကြည့်စမ်းပါအုန်း။ ကျွန်တော် ရွာက ထွက်ခွာသွားခဲ့တဲ့ နှစ်နှစ်ဆယ်ကာလအတွင် လူပုဂိုလ် ရှစ်ဆယ်ကျော် ကွယ်လွန်သွားခဲ့ကြပြီပဲ။ နှစ်နှစ်ဆယ်ကာလအတွင်း တစ်နှစ်မှာ လူ လေးယောက်နှုန်းနဲ့ ကွယ်လွန်သွားခဲ့ကြတာပါလား။

သောင်ပုရွာ ကျောင်းသားဟောင်းများ စကားဝိုင်းဟာ ည ဆယ့်တစ်နာရီခွဲမှာ လူစုခွဲခဲ့ကြပါတယ်။ ကျောင်းဆရာဟောင်း ကျွန်တော့် အဖို့တော့ သောင်ပုရွာကလေးရဲ့ ဒဏ်ရာဒဏ်ချက်များကို စိတ်မကောင်းခြင်းကြီးစွာ ပွတ်သပ်စဉ်းစားရင်း အဲဒီနေ့ညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ပါဘူး။

Credit - Mizzima News

No comments:

Post a Comment