Tuesday, April 21, 2015

ရာသီဥတု မမှန်ခြင်းကြောင့် မိုးကောင်းလယ်သမားများ စိုက်ဘဏ်ချေးငွေ ပြန်ဆပ်ရန် ခက်ခဲနေ

ရန်ကုန် (မဇ္ဈိမ)။ ။ ရာသီဥတု မမှန်ခြင်းကြောင့် ယခုနှစ် မိုးစပါးစိုက်စရိတ်ချေးငွေ ပြန်ဆပ်ရန် ရွှေဘိုမြို့နယ် မိုးကောင်းနယ်မှ လယ်သမားများ အခက်အခဲဖြစ်နေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

ယခုလကုန်ပိုင်းတွင် မိုးစပါးချေးငွေအတွက် ပြန်လည်ပေးဆပ်ရန် မြို့နယ်စိုက်ပျိုးရေးရုံးမှ အကြောင်း ကြားထားသော်လည်း ဒေသခံရွာပေါင်း ၃၀ ကျော်မှ လယ်သမားများ အခက်အခဲဖြစ်နေခြင်းဖြစ်သည်ဟု မိုးကောင်းဆည်ရေသောက်နယ် ညောင်သာရွာမှ လယ်သမား ဦးညိုကြီးက ဆိုသည်။

‘မနှစ်ကလည်း စပါးပိုးကျ၊ အောင်ရေမရနဲ့ လယ်သမားအများစု အတော်လေး ဒုက္ခရောက်ခဲ့ကြတယ်။ ဘဏ်ချေးငွေကို ရှိတဲ့လယ်လေး၊ နွားလေးရောင်းပြီးဆပ်ခဲ့တယ်၊  ဒီနှစ်လည်း မိုးလေးနည်းနည်းရလို့ စပါး အောင်မလားဆိုပြီး ထပ်စိုက်တာလည်း အဆင်မပြေလို့ ဒီနှစ် စိုက်ဘဏ်ချေးငွေပြန်ဆပ်ဖို့ ခက်ခဲနေပြန်ပြီ’ ဟု ၎င်းက ရှင်းပြသည်။

မြို့နယ် စိုက်ပျိုးရေးဘဏ်မှ ချေးငွေအချိန်မီ ပြန်လည်မဆပ်နိုင်ပါက လာမည့်မိုးစပါးအတွက် ချေးငွေ မထုတ်ပေးတော့ဟု ပြောဆိုထားသော်လည်း လယ်သမားအများစုမှာ ငွေရှာမရဖြစ်နေဟု ၄င်းက ထပ်မံပြောဆို သည်။

ရွှေဘို ဝက်လက်နယ်မှ လယ်သမား ဦးလှတင်က “လယ်သမားတွေလည်း အကြွေးမဆပ်ချင်ကြတာတော့ မဟုတ်ပါဘူး။ အခုက ရှိတဲ့နွားလေးမွေးပြီး ပြန်ရောင်းဖို့ကလည်း ဒီအချိန်ဝယ်မယ့်သူက ဈေးနှိမ်နေတော့ ပြန်ဆပ်ဖို့ အခက်အခဲဖြစ်နေတာပါ။ မိုးကောင်းနယ်တွေကတော့ စပါးကိုမရလို့တောင် ပြန်ဝယ်စားနေရတာ ဘယ်လိုအဆင်ပြေမလဲ” ဟု ဆိုသည်။

ထိုကဲ့သို့ စိုက်ဘဏ်ချေးငွေ ပြဿနာမှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်ပေါ်နေပြီး ယခင်နှစ်များတွင်လည်း ဧရာဝတီတိုင်းအတွင်း ရေကြီးမှုကြောင့် လယ်သမားများ ကြွေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အစိုးရမှ စိုက်ဘဏ်ချေးငွေ ပြန်ဆပ်ချိန် ထပ်တိုးပေးရန် လိုအပ်နေခြင်းဖြစ်သည်ဟု တောင်သူအသင်းအဖွဲ့များက ထင်မြင်သုံးသပ်သည်။

တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ‘စိုက်ဘဏ်ချေးငွေ နည်းနည်းနောက်ဆုတ် ပေးလိုက်ရင် အဆင်ပြေပါတယ်။ လယ်သမားတွေလည်း မဆက်ချင်လို့ မဟုတ်ဘဲ။ နောက်တစ်နည်းက အစိုးရက ကာလရှည် ချေးငွေစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ လိုနေတာ’ ဟု ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment