Sunday, April 19, 2015

ဗန်းမောက်မြို့တွင် ငြိမ်းချမ်းရေးထောက်ခံကြောင်း ဆန္ဒဖေါ်ထုတ်

NCA1 copy copy

မန္တလေး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ်အား ထောက်ခံကြောင်း ဧပြီလ ၁၈ ရက် နံနက် ၈ နာရီက အင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဗန်းမောက်မြို့အဝင်မှ ဗိုလ်ချုပ်လမ်းတစ်လျှောက် ချီတက်ပြီး မြို့အထွက်အထိ ဆန္ဒဖေါ်ထုတ်ခဲ့သည်ဟု ဦးဆောင်သူ ဦးဂျော်နီထွန်း က မဇ္ဈိမ ကိုပြောသည်။

"ကျွန်တော်တို့အနေနဲ့က စစ်ဆိုတာကို မရှိစေချင်တော့ဘူး။ လူသားအားလုံးကို ဆိုးမွေပဲပေးတယ်။ ကောင်းမွေဆိုတာ မရှိသလောက်ပဲ။ ဒါဟာ ခေတ်အဆက်ဆက်ပဲ။ နိုင်ငံဖွံ့ဖြိုးဖို့ဆိုတာ ငြိမ်းချမ်းဖို့လိုပါတယ်။ မြို့ကြီးပြကြီးမှာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးနေရုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့လို နယ်စွန်နယ်ဖျားတွေမှာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးဖို့လိုပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုကို အလိုရှိလို့ အခုလို ထောက်ခံဆန္ဒဖေါ်ထုတ်တာပါ။"ဟု ဦးဂျော်နီထွန်း ကပြောသည်။

ဆန္ဒဖေါ်ထုတ်သူများသည် ပြည်တွင်းစစ်ရပ်ဆဲရေး၊ ငြိမ်းချမ်းမှုခိုင်မာရေး၊ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဒို့အရေး ဒို့အရေးနှင့်၂၀၁၅ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အောင်ရမည်၊ အောင်ရမည် ဟု ကြွေးကြော်ခဲ့သည်ဟု ဆိုသည်။

ဗန်းမောက်မြို့နယ်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပထမဆုံး ထောက်ခံ ဆန္ဒဖေါ်ထုတ်ခြင်းဖြစ်ပြီး ထိုသို့ဆန္ဒဖေါ်ထုတ်ခွင့်ရရှိရန်အတွက် ဧပြီလ ၁၃ ရက်တွင် ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် တရားဝင် စာတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဂျော်နီထွန်း က ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment