မန္တလေး (မဇ္ဈိမ) ။ ။ မန္တလေးမြို့၊ ရတနာပုံ တိရိစ္ဆာန်ဥယျာဉ်ရှေ့ရှိ
ပျိုးဥယျာဉ် ရောင်းဝယ်ရေး ခြံများအား တိရိစ္ဆာန်ဥယာဉ် အုပ်ချုပ်ရေးမှူးက
ဖယ်ရှားခိုင်းနေခြင်း၍ ပျိုးဥယာဉ် လုပ်ငန်းရှင်များအသင်း (မန္တလေး)က
ထူးကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဧပြီလ ၁၈ ရက်နှင့် ၁၉
ရက်တို့တွင် တိုင်ကြားစာများ ပေးပို့လိုက်ပြီဟု ပျိုးဥယျာဉ်
လုက်ငန်းရှင်များအသင်း (မန္တလေး) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အုန်းမြင့်က မဇ္ဈိမကို
ပြောသည်။

(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
"ဒီမှာ လုပ်ကိုင်နေတဲ့ ပျိုးခြံ အားလုံးက တရားဝင် အခကြေးငွေပေးပြီး ငှားရမ်းလုပ်ကိုင်နေကြတာပါ။ အရင်က သစ်တောကနေ ငှားရတယ်။ လက်ရှိတော့ ထူးကုမ္ပဏီ ကနေ ငှားရမ်းလုပ်ကိုင်နေကြတာပါ။ ပျိုးခြံအားလုံးက တိရိစ္ဆာန်ဥယျာဉ်ရဲ့ အပြင်စည်း မျက်နှာစာမှာပါ။ အဲဒီဥယျာဉ်ကို ဆိုးကျိုးဖြစ်စရာ မရှိဘူး" ဟု ဒေါက်တာ အုန်းမြင့်က ပြောသည်။
အဆိုပါ တိရိစ္ဆာန်ဥယျာဉ်အား ၂၀၁၀ခုနှစ်တွင် ထူးကုမ္ပဏီမှ လွှဲပြောင်းရယူ၍ လုပ်ကိုင်ခဲ့ပြီး သစ်တောဦးစီးဌာနက ငှားရမ်းထားခဲ့သော ပျိုးဥယျာဉ်ခြံများအား အမြဲတမ်းလုပ်ကိုင်ခွင့် ပေးသွားမည်ဟု ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇကိုယ်တိုင် ပြောကြားခဲ့ဖူး၍ ယခုဖယ်ရှားခိုင်းသည့်အပေါ် ဦးတေဇထံ တိုင်ကြားစာ ပေးပို့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"ဒါကိုအကြောင်းပြချက် မရှိဘဲ ဖယ်ရှားခိုင်းနေတာကို သက်ဆိုင်ရာ သိအောင်ရယ်။ ထူးကုမ္ပဏီလည်း သိစေချင်လို့ အခုလို တိုင်ကြားပေးပို့တာပါ" ဟု ၎င်းက ပြောသည်။
တိရိစ္ဆာန်ဥယျာဉ်ရှေ့ ပျိုးဥယျာဉ် ခြံများကို ၂၀၀၃ ခုနှစ်မှ စတင် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ငှားရမ်းခ တစ်လ ကျပ် နှစ်သိန်းခွဲ ပေးရသည်ဟု လုပ်ကိုင်နေသူများက ပြောသည်။
"ကျွန်မတို့ ပျိုးဥယျာဉ်ဆိုင်တွေကြတော့ ဇွတ်ဖယ်ခိုင်းနေတယ်။ ဘီယာဆိုင်၊ စားသောက်ဆိုင်တွေကြတော့ ဆက်ဌားနေတယ်။ အဲဒီလို လုပ်နေတာကြတော့ မကောင်းဘူးပေါ့။ ကျွန်မတို့က အခုမှ လုပ်ကိုင်လာတာ မဟုတ်ဘူး။ ဟိုတုန်းကတည်းက လုပ်နေကြတာပါ။ မရွှေ့ရဖို့တော့ လုပ်နေတယ်။ လက်ရှိကတော့ ဖယ်မပေးပါဘူး" ဟု ပျိုးဥယျာဉ် အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ပန်းဥယျာဉ်ဆိုင်များကို ဖယ်ရှားပေးရန် ဧပြီလ ၁၀ ရက်က ဖယ်ရှားပေးရန် အကြောင်းကြားစာ ပို့ခြင်းဖြစ်ပြီး ဇန်နဝါရီလမှ စတင်၍ ယခုထိ အကြောင်းကြားစာ ပို့သည်မှာ လေးကြိမ်ရှိပြီဖြစ်ပြီး ဖယ်ရှားမပေးခြင်းကြောင့် ဧပြီ ၁၈ ရက်တွင် အရောင်းဆိုင်များရှေ၌ ဝင်းထရံများဖြင့် ကာရံပိတ်ဆို့လိုက်ကြောင်း ဒေါက်တာ အုန်းမြင်က ပြောသည်။
"အကြောင်းကြားစာ ဘယ်လောက်ပို့ပို့ပါ။ အကြောင်းပြချက် မရှိဘဲ လုပ်နေတာကြောင့် ရွှေ့မပေးတာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါ တိရိစ္ဆာန်ဥယျာဉ်ရှေ့တွင် အေးသုခ၊ ရွှေပန်းခင်း၊ ပန်းမင်း၊ မြန်မာမြိုင်စံ၊ သစ္စာနှင်းဆီ၊ မင်းမြတ်၊ ရွှေဝါထွန်း၊ ပန်းကုဋေနှင့် ဆောင်းသီရိ စသည့်ဖြင့် ၁၂ ခြံရှိရာ ထိုခြံများထဲမှ ရွှေပန်းခင်း၊ ပန်းမင်း၊ အေးသုခ ပျိုးခြံသုံးခြံ အား လတ်တလော ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ရတနာပုံ တိရိစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးသို့ ဧပြီလ ၁၉ ရက်တွင် မဇ္ဈိမမှ သွားရောက် မေးမြန်းသော်လည်း လောလောဆယ် မအားသေးသောကြောင့် ဧပြီလ ၂၀ ရက် နံနက် ၁၀ နာရီကျော်မှသာ တွေ့ဆုံဖြေကြားပေးနိုင်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment